မေးမြန်းခန်း

အင်းလေးကန်မှာ စိုက်ပျိုးရေးအစား တခြားလုပ်ငန်းတွေ ပြောင်းလဲလုပ်ကိုင်သင့်တယ် (အင်တာဗျူး)

ညောင်ရွှေ – စိုက်ပျိုးရေးလုပ်ကိုင်တဲ့ အင်းလေးဒေသခံ အများအပြားကို တခြား အလုပ်အကိုင်တွေ ပြောင်းလဲလုပ်ကိုင်စေချင်တယ်လို့ ရှမ်းပြည်နယ်အစိုးရ အင်းသားတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဒေါက်တာဦးထွန်းလှိုင်က ပြောပါတယ်။

အင်းလေးကန်ဒေသဟာ တခြားဒေသထက် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ ပိုမို သုံးစွဲရတာကြောင့် စိုက်ပျိုးရေးသမားတို့ရဲ့ ကျန်းမာရေး၊ အင်းလေးကန် ရေရှည်တည်တံ့မှုတို့ကို ထိခိုက်နိုင်ပါတယ်။

မကြာသေးခင်က ဒေါက်တာ ဦးထွန်းလှိုင်နဲ့ တွေ့ဆုံရာမှာ သူက အင်းလေးဒေသ အသက်မွေးဝမ်းကျောင်း လုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေး၊ အင်းလေးကန်ဒေသခံတို့ရဲ့ အခက်အခဲများ အကြောင်းကို ပြောပြထားပါတယ်။

မေး။ ။ အင်းလေးဒေသ စိုက်ပျိုးရေးအခြေအနေက ဘယ်လို ရှိနေပါသလဲ။

ဖြေ။ ။ အဓိကစိုက်ပျိုးတာက ခရမ်းချဉ်သီး ဖြစ်ပါတယ်။ ဝင်ငွေအများဆုံးနဲ့ အင်းလေးဒေသခံတွေအများဆုံး လုပ်ကိုင်တဲ့ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ပါတယ်။ နောက်တစ်ခုက ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးကလည်း အင်မတန်အားထားရတဲ့ လုပ်ငန်းပါ။ ပြောင်းနဲ့မြေပဲ၊ ကြံတို့လည်း စိုက်ပျိုးကြပါတယ်။ အင်းလေးကန်အုပ်ချုပ်ရေးအဖွဲ့မှာ ဥပဒေ တိတိကျကျ မရှိသေးတော့ ဥပဒေကို ရေးဆွဲနေပါတယ်။ အရင်ကတော့ ရေနဂို၊ ဘာဖာဧရိယာ၊ ဝါးတားရှစ် ဧရိယာ ဆိုပြီး ၃ ခု ထားပါတယ်။ ဇုန်နယ်ကို ၅ ခုလောက် ထားရင် ကောင်းမယ် ဆိုပြီးတော့ ကျွန်တော် အကြံပြုထားပါတယ်။ ဒါကတော့ အင်းလေးရေ သက်သက် ဧရိယာပေါ့။ အဲဒီအပြင်ဘက် ကျွန်းမျော အရိုင်းနဲ့ စိုက်ပျိုးတဲ့ ဧရိယာမှာ ဆိုရင်တော့ လူနေအိမ်ခြေရှိနေတယ်၊ ရေထဲမှာနေတဲ့ အိမ်တွေ။ နောက်တစ်နေရာက လယ်တွေစိုက်ပျိုးတဲ့နေရာ။ လယ်ထက်မြင့်သွားတဲ့ နေရာမှာ ဥယျာဉ်စိုက်တဲ့နေရာ။ ဥယျာဉ်စိုက်တဲ့နေရာရဲ့ အပြင်ဘက်မှာ ဆိုရင် ကားလမ်း။ ကားလမ်းရဲ့ အပြင်ဘက်မှာက သစ်တော ဧရိယာ။ ဒါက ညောင်ရွှေမြို့နယ် အင်းလေးဒေသရဲ့ ပကတိ မြေအနေအထားပေါ့။ ရေနဂို ဧရိယာကိုတော့ ကျွန်တော်တို့လုံးဝ အထိခံလို့မဖြစ်တော့ အနေအထားမှာ ရှိပါတယ်။ ကျွန်းမျော စိုက်ခင်းတွေက ရေဧရိယာကို ချဲ့လာခဲ့ရင်တော့ အင်းလေးကန်ဆိုတာ ကျွန်းမျောကြီးပါလားဆိုပြီး ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့ လုံးဝ ခွင့်ပြုလို့မရတဲ့ ကိစ္စ ဖြစ်ပါတယ်။

မေး။ ။ ကျွန်းမျောစိုက်ခင်းတွေဟာ မြေပြင်စိုက်ခင်းတွေထက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး ပိုပြီး သုံးစွဲနေရတာကြောင့် ဘယ်လိုမျိုး ထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။

ဖြေ။ ။ ထိခိုက်တာနဲ့ပတ်သက်ပြီးတော့ ပညာရှင်တွေပြောကြတာပေါ့။ ခရမ်းချဉ်သီးက ရာသီချိန် ကာလမှာဆို တစ်ရက်ကို ဆယ်ဘီးကား အစီး ၂ဝ လောက်ထိနဲ့ကို တင်ပို့နေရပါတယ်။ အထွက်နည်းတဲ့ ရာသီမှာတော့ ဆယ်ဘီးကား ၁ စီးကနေ ၅စီးထိ ရှိပါတယ်။ ပိုးသတ်ဆေးနဲ့ ပတ်သက်လို့ကတော့ အန္တရာယ်ရှိတာကို မသိတာ မဟုတ်ဘူးဗျ၊ သိကြပါတယ်။ စီးပွားဖြစ် ဆိုတာထက် ဝမ်းစာအနေနဲ့က အရေးကြီးနေတာ။ ကျွန်တော်တို့ အင်းသူ၊ အင်းသားများ ဒီခရမ်းချဉ်သီးကို မရွေးလို့ မဖြစ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်။ ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီး အဆိပ်အတောက်ဖြစ်တဲ့ဟာကိုတော့ တွေ့ပါတယ်၊ အရင်အစိုးရလက်ထက်ကပေါ့ဗျာ၊ အင်းလေးဒေသက ရေနမူနာတွေယူပြီးတော့ ပိုးသတ်ဆေး ပျော်ဝင်မှု ဘယ်လောက်ထိ ဆိုးရွားနေ သလဲဆိုတာကို သုတေသနပြုလုပ်ထားတာ ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ ကျေးရွာတွေမှာတော့ လူတွေကို အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုးမှာရှိပါတယ်။ ပိုးသတ်ဆေး အန္တရာယ်ရှိတဲ့ အထဲမှာတော့ မြေအောင်း ပိုးသတ်ဆေးက အဆိုးဆုံးပါပဲ။ တချို့လူတွေကတော့ ကင်ဆာဖြစ်တယ်၊ အနည်းအကျဉ်းရှိတယ်၊ အာရုံကြောနဲ့ ပတ်သက်တဲ့ အဆိပ်အတောက် က အများဆုံး တွေ့ရပါတယ်။ ပိုးသတ်ဆေးကို စနစ်တကျ မသုံးစွဲတဲ့အတွက် တစ်ထိုင်တည်းနဲ့ ဆုံးပါးသွားတဲ့ လူတွေလည်း အရင်တုန်းက ရှိခဲ့ဖူးပါတယ်။ ယနေ့ခေတ်မှာတော့ နည်းပါးသွားပါပြီ။

မေး။ ။ ဒေသခံတွေက ဘယ်လို ကျန်းမာရေးအန္တရာယ်မျိုးနဲ့ ရင်ဆိုင်နေရပါသလဲ။

ဖြေ။ ။ အာရုံကြော အဆိပ်အတောက် ဖြစ်မှုက ကျန်းမာရေး ပညာပေး ဦးစားပေးတဲ့အခါမှာ ဒုတိယ အဆင့်လောက် ရှိတယ်။ ပထမဦးစားပေးရတာကတော့ ရေအားဖြင့် ကူးစက်တက်တဲ့ ရောဂါများဖြစ်ပါတယ်။ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးတွေကို ကိုင်တွယ် အသုံးပြုတာနဲ့ ပတ်သက်ပြီးတော့ အရင်တုန်းကဆိုရင် ဘာမှ ဗဟုသုတမရှိခဲ့ဘူး၊ (ဆေး) အရည်ဖျော်တာတောင်မှ လက်နဲ့မွှေတာမျိုးတွေ ရှိတယ်၊ တော်တော် အခြေအနေဆိုးတယ်။ (အရေပြား) လောင်တာတွေ၊ အလာ့ဂျစ် (ဓာတ်မတည့်တာ)တွေဖြစ်တာ။ ကျွန်တော်တို့ တော်တော့်ကို ပညာပေးရတာ။ လူတွေသိထားတာကတော့ နှာခေါင်းထဲဝင်မှ၊ ပါးစပ်ထဲဝင်မှ စသည် အားဖြင့်ပေါ့။ အမှန်တော့ ထိတာနဲ့ အရေပြားက စိမ့်ဝင်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ကျန်းမာရေး အန္တရာယ်ကို မသိဘဲနဲ့ ဆေးဖျန်းလက်စနဲ့ နေ့လယ်စာ စားလိုက်တာ တစ်ထိုင်တည်း သေသွားတာမျိုးတွေလည်း ရှိတယ်။ ဓာတ်မြေသြဇာနဲ့ ပတ်သက်လို့ကလည်း တောင်ကြီးတက္ကသိုလ်တို့၊ စိုက်ပျိုးရေးဌာနတို့ သုတေသနပြုလုပ်တာအရ ရေထဲမှာ ဖော့စထရက် ပါဝင်မှုနှုန်းက ကျွန်တော်တို့ အင်းလေးရေမှာကတော့ သူများဒေသထက် များနေတာပေါ့။

မေး။ ။ ဘယ်လိုပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပါသလဲ။

ဖြေ။ ။ ကုမ္ပဏီတစ်ခုနဲ့ ချိတ်ဆက်ပြီးတော့ အော်ဂင်းနစ် (ဓာတုကင်းစင်) ဆေးတွေ ဖြန့်ဖြူးခဲ့တယ်။ ရွာတွေမှာ လူစုပြီးတော့ ဟောပြောပွဲတွေ လုပ်ပါတယ်။ လူတွေက အရင်တုန်းကထက် စာရင်တော့ အော်ဂင်းနစ် စိုက်ပျိုးရေးကို အားပေးလာကြတာလည်း တွေ့လာရပါတယ်။ ကျွန်တော်တို့ အော်ဂင်းနစ် စိုက်ပျိုးရေးကို အဓိက ပညာပေးပါတယ်။

မေး။ ။ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အန္တရာယ်ကင်းရှင်းအောင် ဘယ်လိုဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ ဖြစ်နိုင်ရင် ပြည်သူလူထု ဝမ်းစာရှာဖွေရေး အလုပ်အကိုင်ကိုတောင် အစားထိုး ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စိုက်ပျိုးရေးဆိုတာနဲ့ မြေဧရိယာ တိုးချဲ့ဖို့၊ မျိုးကောင်းမျိုးသန့်ရဖို့၊ အထွက်နှုန်းကောင်းဖို့ ဆိုပြီးတော့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို သုံးနေရတယ်။ ခရမ်းချဉ်သီး အများကြီး ထွက်တာပဲ၊ ဈေးကောင်း လည်း ရတယ်လို့ အများက ထင်ကြတယ်။ အဲဒီလို အမြဲမဟုတ်ပါဘူး၊ ရှေ့လေးနှစ်လောက်တုန်းက ဆိုရင် ဆက်တိုက်ကို အရူံး ပေါ်ခဲ့ပါတယ်။ ရှေ့တစ်နှစ်နဲ့ ဒီတစ်နှစ်ကမှ ဈေးကောင်း ရလာလို့ အကြွေးတွေ ကျေပါတယ်။

လတ်တလောတော့ နိုင်ငံခြားသား ခရီးသွားလုပ်ငန်းနဲ့ ဝင်ငွေရနိုင်တဲ့ လုပ်ငန်းဖြစ်အောင် ဆောင်ရွက်လိုတယ်၊ ပြည်သူလူထု ဘယ်အခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတာကိုတော့ စဉ်းစားဆဲပဲ။ ညောင်ရွှေမြို့နယ်မှာ ဟိုတယ်ပေါင်း ၉၂ လုံး ရှိတယ်။ ဒေသခံ တိုင်းရင်းသားတွေ ပိုင်ဆိုင်တာက ၃ဝ လောက်ပဲ ရှိတယ်။ အဲဒီ ၃ဝ က သေးသေးလေးတွေပဲ။ အကြီးကြီး မှန်သမျှက လုပ်ငန်းရှင်တွေပိုင်တာ ဖြစ်တယ်။ အင်းလေး (ကန်) ဝဲယာမှာ ဟိုတယ် ၂၂ လုံး ရှိတယ်။ ဌာနေ တိုင်းရင်းသားများ ပိုင်တာက ၂ လုံးပဲ ရှိတယ်။ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက် လို့ ဌာနေတိုင်းရင်းသားတွေက ဘယ်လိုဝင်ငွေမျိုး ရနေတယ် ဆိုတာကို ခန့်မှန်းကြည့်လို့ ရပါတယ်။

အင်းလေးမှာက ဖြတ်သွားရင်တောင်မှာ ပိုးသတ်ဆေးနံ့ ရနေတယ်၊ စိုက်ပျိုးရေးကိုချည်း ရေရှည်မှာ အားကိုးရင် ဒါက အဆင်မပြေတဲ့ ကိစ္စပေါ့၊ အရင်ကဆိုရင် ပိုဆိုးတယ်၊ ပိုးသတ်ဆေး ဆိုတာက တစ်နေကုန် ဖျန်းတယ်။ ခုတော့ တောင်သူများက ဗဟုသုတရလာတဲ့ အတွက်ကြောင့် နေ့ခင်းနေ့လယ်တွေမှာ ပိုးသတ်ဆေးနဲ့ မထိတွေ့တာတွေ ရှိနေကြပြီ။ ခု ကျွန်တော်တို့ အဖြစ်ချင်ဆုံးကတော့ လုပ်ငန်းကိုင်ငန်း အစားထိုးဖို့ပေါ့။ တချို့စိုက်ပျိုးရေးရွာတွေမှာဆိုရင် အလုပ်အကိုင် ပြောင်းလဲလာတယ်။ အထည်ချုပ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ပင်နီလုပ်ငန်း၊ သိုးချည်နဲ့ လွယ်အိတ်ရက်တာတွေ ရှိတယ်။ ခရီးသွားလာရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ CBT (Community Based Tourism – ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း) ကို ကြိုးစားနေ ပါတယ်လို့ ဟိုတယ်နဲ့ခရီးဝန်ကြီးကလည်း ပြောပါတယ်။ အင်းသူအင်းသားများက ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာကို ရှောင်ရှားဖို့ ခရီးသွားလုပ်ငန်းထဲ ဝင်မယ်ဆိုရင် အမှတ်တရပစ္စည်း ရောင်း၊ မော်တော်မောင်း၊ စားသောက်ဆိုင် အသေးလေးတွေ တည်ထောင်တာနဲ့ တချို့ဟိုတယ်တွေမှာ ဝန်ထမ်း အနည်းငယ်လောက် ဝင်ရောက် လုပ်ကိုင်နိုင်တဲ့ ကိစ္စလောက်သာ လုပ်ကိုင်နိုင်ပါသေးတယ်။

မေး။ ။ ခရီးသွားလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ ဒေသခံတွေမှာ ဘယ်လို အခက်အခဲတွေရှိနေသလဲ။

ဖြေ။ ။ ဌာနေတိုင်းရင်းသားများ ကိုယ့်မြေကိုယ့်ဒေသမှာ ဟိုတယ်ဆောက်လုပ်ခွင့်ဆိုတာ မရှိတော့ပါဘူး။ အင်းလေးဒေသနဲ့ ၁ဝ မိုင် ပတ်လည်အတွင်းမှာ ဟိုတယ်ဆောက်လုပ်ခွင့်၊ Guest House (တည်းခိုခန်း) တိုးချဲ့ခွင့်လည်း မရှိတော့ပါဘူး၊ အသက်မွေးဝမ်းကျောင်းသင်တန်းကို အများကြီး ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ ပြီးတော့ CBT ကလည်း အနီးဆုံး ဟိုတယ်နဲ့ ဘယ်နှနာရီအတွင်း အသွားအပြန်ဖြစ်မယ့် နေရာတွေ ရွေးရမယ်ဆိုတော့ အင်းသူအင်းသားများ နေထိုင်တဲ့နေရာတွေက မူဘောင်နဲ့ ကျော်လွန်နေသလိုမျိုး ဖြစ်နေပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့ဆီမှာ စားသောက်ဆိုင်ဆောက်မယ်ထားဦးပေါ့။ ကျွန်တော်တို့ ဒေသမှာ မြေယာနဲ့ ပတ်သက်လို့ မူဝါဒတွေ ရှိပါတယ်။ ရှိသမျှ ကမ်းနားအောက်ဘက်ကို တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝ သားငှက်များနေရာ ဆိုပြီး သစ်တောဌာနက ကိုင်ထားပါတယ်၊ အပေါ်ပိုင်းကတော့ သစ်တောပါ။ ဘာကို ဖြေလျှော့ပေးထားသလဲဆိုတော့ နေမြဲရှိနေတဲ့ အိမ်ကိုတော့ ဌာနဆိုင်ရာပိုင်တဲ့ မြေကနေ ကင်းလွှတ်ခွင့်ပေးပါတယ် ဆိုပြီး လုပ်ထားပါတယ်။ ရှိသမျှ မြေနေရာ၊ ရေနေရာ မှန်သမျှက ဌာနဆိုင်ရာက ပိုင်ဆိုင်တာဖြစ်နေပါတယ်။ အိမ်တိုးချဲ့မယ်ဆိုတာနဲ့ ပြဿနာဖြစ်နေတယ်။ ပိတ်ပင်တားဆီးတာနဲ့ ကြုံနေရတယ်။ ။

Show More

Related Articles

Back to top button