ဟားခါး– အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ ပတ်ဝန်းကျင်ရဲ့အားပေးမှု လိုအပ်တယ်လို့ ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် ချင်းအမျိုးသမီးများအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦး ဖြစ်တဲ့ ဒေါ်ဆာရာမန်အီယန်နော်န်ဆုန်က ပြောလိုက်ပါတယ်။ သူက ချင်းခရစ်ယာန်တက္ကသိုလ် အင်္ဂလိပ်စာဌာနရဲ့ လက်ထောက်နည်းပြလည်း ဖြစ်ပါတယ်။ မကြာသေးခင်က Myanmar Nowနဲ့ တွေ့ဆုံစဉ်မှာ သူက အမျိုးသမီးကဏ္ဍ၊ ချင်းဓလေ့ထုံးတမ်း ဥပဒေ၊ ဒေသတွင်း စိုက်ပျိုးရေးအခြေအနေတို့အကြောင်း ပြောပြထားပါတယ်။
မေး – ချင်းအမျိုးသမီးများအဖွဲ့မှာ စတင် ပါဝင်ခဲ့ပုံအကြောင်း ပြောပြပေးပါ။
ဖြေ – ဟားခါးမြို့ကို ရောက်တဲ့အချိန်မှာ ကျွန်မလည်း တက္ကသိုလ်မှာ ဆရာမ လုပ်နေတော့ တွေ့မိတာတွေက ကျွန်မတို့အမျိုးသမီးတွေက ကျောင်းပညာရေးမှာ ဘယ်လောက်ပဲ တော်နေနေ အမျိုးသားတွေလောက် ဦးစားပေးမခံရတာတွေကို တွေ့မိတယ်။ ကျွန်မတို့ချင်းအမျိုးသမီးတွေက ပညာရေးမှာလည်း ယောက်ျားလေးထက်စာရင် ဦးစားပေးမခံရဘူး။ သူက မိန်းကလေးပဲ ကျောင်းလည်း မတက်နဲ့တော့၊ တစ်ချိန်ကျရင် သူများဇနီး ဖြစ်မယ့်ဟာ ပညာ အရမ်း တတ်နေစရာမလိုဘူး ဆိုတဲ့ အဲ့ဒီအတွေးတွေကိုလည်း ကျွန်မ မကြိုက်ဘူး။ မိန်းကလေးတွေကိုပဲ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟောပြောတာမျိုး မဟုတ်ဘဲ မိဘတွေကိုလည်း သိစေချင်ပါတယ်၊ အမျိုးသမီး ပညာတတ်တွေ အများကြီးရှိမှပဲ ကျွန်မတို့ ချင်းပြည် တိုးတက်မယ် ဆိုတာကို မျှဝေချင် ပါတယ်။ ချင်းအမျိုးသမီးများအဖွဲ့မှာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေး ညွှန်ကြားရေးမှူးအနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်၊ ဘာကြောင့်မို့လို့ အမျိုးသမီးတွေ ခွဲခြားခံနေရတာလဲ ဆိုတာကို ဖော်ထုတ်မယ်၊ အဲ့ဒါနဲ့ပတ်သက်ပြီး သုတေသနလည်း လုပ်ချင်တာပေါ့။ သူတို့ပေးတဲ့ ရာထူးနဲ့ ကျွန်မလုပ်ချင်တာနဲ့က ကွက်တိပဲဆိုတော့ တော်တော်လေးကို အဆင်ပြေပါတယ်။
မေး – ဘယ်လိုမျိုး သုတေသန လုပ်ငန်းတွေ လုပ်ကိုင်ပြီးပြီလဲ။
ဖြေ – ကျွန်မတို့မြို့နယ်မှာ တောင်တွေပြိုတုန်းက အစိုးရက ဟားခါးထာရ်ရပ်ကွက် အမှတ် (၁)၊ အမှတ် (၂) ဆိုပြီးတော့ မြို့သစ်ရပ်ကွက်ဖော်ပြီး နေရာချပေးပါတယ်။ အဲ့ဒီနေရာကိုသွားပြီး ကျွန်မ အမျိုးသမီးတွေနဲ့ စကားပြောဖြစ်ပြီးတော့ သူတို့ ဘာတွေခံစားနေရလဲဆိုတာကို သုတေသနလုပ်ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ကြောင့် အခက်အခဲကြုံနေတဲ့ အမျိုးသမီး တွေက အရင်တုန်းက တောင်သူလုပ်ငန်း လုပ်ကိုင်တဲ့ သူတွေပဲ များတယ်။ တောင်ပြိုသွားတော့ မြေနေရာတွေလည်း ပျက်ကုန်ပြီး သူတို့ အသက် မွေးဝမ်းကျောင်းအတွက် ချင်းရက်ကန်း အထည်တွေကို ရက်နေရတယ်။ ဒါပေမဲ့ အရမ်းခက်ခဲတာကို တွေ့ရတယ်။ တချို့မိဘတွေကတော့ သားသမီး ကျောင်းထုတ်လိုက်တာမျိုးတွေ ရှိတယ်။ တချို့လည်း နိုင်ငံတကာအဖွဲ့အစည်း အကူအညီတွေနဲ့ ကျောင်းဆက်တက်နေတာကို တွေ့ရတယ်။
တချို့ကလေးတွေက ပညာရေးမှာ အားနည်းသွားတာ၊ ကျောင်းမတက်နိုင်တာမျိုးတွေ တွေ့ရတယ်၊ အမျိုးသမီး၊ ကလေးငယ်တွေက အဲ့ဒီမြေပြိုမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျနေ တာ တွေ့ရတယ်၊ လူဦးရေအရလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် များနေတယ်။ သူတို့ကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အများကြီး ကူညီပေးရမယ်၊ ဒါက ကျွန်မရဲ့တွေ့ရှိ ချက်ပါ၊ ၂ဝ၁၆ ခုနှစ် စက်တင်ဘာလတုန်းက ကောက်ထားတဲ့စာရင်းအရပါ။ လောလောဆယ်တော့ အစိုးရ အကူအညီ ပေးမှုကြောင့် စားဖို့သောက်ဖို့တော့ ရှိပါတယ်။ သူတို့က တောင်သူပဲ လုပ်တတ်တာ။ ပိုက်ဆံပေးမယ် ဈေးရောင်း ဆိုရင်လည်း ရောင်းတတ်မှာ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ကျွမ်းကျင်ရာ ကျွမ်းကျင်ကြောင်းပဲ တတ်နိုင်ကြတာ။ ထောက်ပံ့တယ် ဆိုပေမယ့် အစိုးရရော နိုင်ငံတကာ အဖွဲ့ အစည်းတွေရောက သူတို့ကန့်သတ်ထားတဲ့ အချိန်အတောအတွင်းမှာပဲ ကူညီမှာပေါ့၊ အဲ့ဒီနောက်ပိုင်းတော့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပြီးတော့ ရုန်းကန်ကြရမှာ။ အခုက စိုက်ပျိုးရေး လုပ်တဲ့သူက စိုက်ပျိုးစရာ နေရာလည်း မရှိတော့ ဘဝ အာမခံချက် မရှိတော့တာ တွေ့ရပါတယ်။
မေး – ဒီဒေသမှာ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ – အခုက ပွင့်လင်းမြင်သာမှုရှိနေပြီဆိုတော့ အရင်ကထက်စာရင် ပြောင်းလဲတာမျိုးတွေ ရှိတာပေါ့။ မပြောင်းလဲသေးတာက … ချင်းဓလေ့ထုံးတမ်း ဥပဒေမှာပါတဲ့ အမျိုးသမီးက အမွေ ဆက်ခံခွင့် မရှိဘူး။ ပညာရေးပိုင်းမှာခွဲခြားဆက်ဆံမှု ရှိတယ်။ အိမ်ထောင်ရေးပိုင်းမှာလည်း ဒီအတိုင်းပဲ၊ အစည်းအဝေး တစ်ခု လုပ်တော့မယ်ဆို မိန်းကလေးက အောက်မှာထိုင်ရတာမျိုး တွေ ရှိတယ်၊ ယောက်ျားလေးက ထိုင်ခုံမှာ ထိုင်ရတယ်။ မိန်းကလေးတွေ ကိုယ်တိုင်လည်း မပြောင်းလဲနိုင်သေးတာပါ။ အဲ့ဒါတွေက ရှေးရိုး အစဉ်အလာတွေအရပါ။ မိန်းကလေးနဲ့ ယောက်ျားလေး တန်းတူ အခွင့်အရေးရှိတယ်ဆိုတာ တချို့ကတော့ သိကောင်းသိမယ်။ ဒါပေမဲ့ အိမ်ထောင်သည် အမျိုးသမီးဆို ထမင်းချက်ရမယ်။ အဲ့ဒါ မိန်းကလေး အလုပ်ဆိုပြီး တစ်သမှတ်တည်း ယူဆခဲ့တာမျိုးတွေက လူ့အခွင့်အရေးနဲ့ ကြည့်မယ်ဆိုရင် ယောက်ျားလေး မိန်းကလေး တန်းတူ ညီမျှခွင့်တော့ မရှိသေးဘူးပေါ့။ နိုင်ငံရေးမှာ၊ လူမှုရေးမှာ၊ ဘာသာရေးမှာ ခွဲခြားဆက်ဆံမှုက ရှိနေတုန်းပါပဲ။
မေး – ချင်းဓလေ့ထုံးထမ်းဥပဒေထဲက ဘယ်လိုအချက်တွေ ပြင်သင့်လဲ။
ဖြေ – ချင်းဓလေ့ထုံးထမ်း ဥပဒေမှာပါတဲ့ တခြားအချက်တွေက လယ်ယာမြေဥပဒေနဲ့ဆိုင်တော့ ကျွန်မအနေနဲ့ မကျွမ်းကျင်တော့ ပြောရခက်တာပေါ့။ အမျိုးသမီးက အမွေဆက်ခံခွင့်မရှိဘူး ဆိုတဲ့ ဥပဒေကိုတော့ လက်မခံချင်ဘူး၊ ပြင်စေချင်တယ်။ အိမ်ထောင်တစ်ခုမှာ သားသမီးတွေရှိမယ်။ ယောက်ျားလေးက မိဘကိုဒီတိုင်းပဲ ပစ်ထားတယ်။ သမီးမိန်းကလေးကကျတော့ မိဘတွေကို ဂရုစိုက်တယ်။ အဲ့ဒီလိုအခြေအနေမှာ မိန်းကလေးကို မပေးဘဲ ယောက်ျားလေးပဲပေးရင် တရားပါ့မလား။ ယောက်ျားလေးမှ အမွေရမယ် ဆိုတာ မဖြစ်သင့်ဘူး။ ယောက်ျားပဲ ဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် တန်းတူအခွင့်အရေး ရှိရမယ်။ အမျိုးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အမွေရပိုင်ခွင့်ရှိတဲ့ အခြေအနေမျိုးကို ဖြစ်စေချင်ပါတယ်။
ချင်းဥပဒေမှာ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိဖို့ကိုလည်း ပြဋ္ဌာန်းထားပါတယ်။ သီအိုရီအတိုင်းရှိတာမျိုး မဟုတ်ဘဲ၊ နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ကို ဆွဲခေါ်ဖို့လိုပါတယ်။ ဆွဲခေါ်ပြီးတော့ တွန်းအားပေးတာမျိုးတွေ ဖြစ်စေချင်ပါတယ်။ အမျိုးသမီးတွေဆိုရင် အိမ်မှုကိစ္စပဲလုပ်ရမယ်ဆိုပြီးတော့ နိုင်ငံရေးမှာ ပါလာတဲ့ အမျိုးသမီးတွေကိုတော့ တကယ် အထူးအဆန်းလို ဖြစ်နေတာမျိုးတွေတော့ မဖြစ်သင့်ဘူး။ အမျိုးသမီးက နိုင်ငံရေးမှာပါဝင်တယ်ဆိုရင် သူ့ပတ်ဝန်းကျင်ကလည်း အားပေး ကူညီဖို့ လိုပါတယ်။ မိန်းကလေးအလုပ်လည်း မဟုတ်ဘဲနဲ့ သူလုပ်နေတယ်ဆိုပြီးတော့ ရှုတ်ချ ဝေဖန်တာမျိုးလည်း မဖြစ်စေချင်ဘူး။ ပါဝင်လာနိုင်အောင်လည်း တာဝန်ရှိတဲ့သူတွေက နေရာပေးဖို့ လိုပါတယ်။
မေး – ချင်းဓလေ့ထုံးတမ်း ဥပဒေအရ အမျိုးသမီးက အမွေ ဆက်ခံခွင့် မရှိဘူးဆိုတော့ မိဘကရော ကိုယ့်ကို အမွေပေးမယ်လို့ ထင်လား။
ဖြေ – ချင်းမှာလည်း အမျိုးမျိုးကွဲတယ်၊ တချို့လူမျိုးက အငယ်ဆုံးသားက ရတာမျိုး၊ အကြီးဆုံးသားက ရတာမျိုး ဆိုပြီးတော့ မတူညီကြဘူး။ ကျွန်မ မိဘကလည်း ချင်းလူမျိုးပဲဖြစ်တဲ့ အခါကျတော့ ချင်းယဉ်ကျေးမှု အစဉ်အလာနဲ့ပဲ သွားကြတာ များတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကိုယ်တိုင် ယုံကြည်စိတ်ချမှုမရှိပါဘူး။
မေး – ချင်းအမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှုအကြောင်း နည်းနည်း ပြောပြပေးပါ။
ဖြေ – အမျိုးသမီးတွေ ခံစားချက်နဲ့ပတ်သက်ပြီးထုတ်ဖော်ပေးမယ့်သူ မရှိဘူး။ ချင်းအမျိုးသမီးတွေက နိုင်ငံရေးမှာပါဝင်မှု နည်းပါတယ်။ ဘာကြောင့် နည်းပါးလဲဆိုတော့ အကုန်လုံးနဲ့ ဆိုင်သွားပြီ၊ နေရာမပေးတာရော၊ ခွဲခြားဆက်ဆံတာတွေကြောင့်ရော။ အမျိုးသမီးတွေ ကိုယ်တိုင်က အိမ်တွင်းပုန်းလုပ်နေတာ။ ကိုယ်ကိုယ်တိုင်စူးစမ်းလေ့လာမှုမရှိဘဲနဲ့ ငါ မဖြစ်လောက်ပါဘူး ဆိုတဲ့ ယုံကြည်စိတ်ချမှု မရှိတာကြောင့်လည်း ပါပါတယ်။ အဲ့ဒါကြောင့် အောက်ခြေမှာဖြစ်နေတဲ့ ခံစားချက်တွေကို ဖော်ထုတ်လို့ မရဘူးပေါ့။ နိုင်ငံတော်အစိုးရကရော လူမှုအသိုင်းအဝိုင်းကရော အမျိုးသမီးတွေရဲ့ အရေးပါမှုကို နားလည်စေချင်တယ်။ မိသားစုမှာပဲဖြစ်ဖြစ် အပြင်လောကမှာပဲဖြစ်ဖြစ် အမျိုးသမီးဆိုပြီး နှိမ်တာမျိုး၊ ခွဲခြားဆက်ဆံတာမျိုး မဟုတ်ဘဲနဲ့ သူ့ကိုနေရာပေးမယ်၊ သူ့ကို အားပေးစေချင်တယ်။ အမျိုးသမီးတစ်ယောက်သာ နိုင်ငံရေးမှာပါခဲ့မယ်ဆိုရင် ငြိမ်းချမ်းမှုကိုလည်း ပိုရနိုင်မယ်လို့ထင်ပါတယ်။ အမျိုးသမီးတွေက စိတ်သဘောထား နူးညံ့တယ်၊ စေ့စေ့စပ်စပ်တွေးတတ်တဲ့ အလေ့ရှိတယ်။ အမျိုးသမီးကဏ္ဍကို နားလည်ပေးပြီးတော့ နေရာပေးဖို့၊ ခံစားချက်ကိုနားထောင်ပေးဖို့။ ချင်းသာမကဘူး အမျိုးသမီးတွေ ဘဝကဏ္ဍအရေးပါလာပြီး သူတို့ကိုယ်တိုင်လည်း ယုံကြည်မှုတွေရှိလာပြီးတော့မှ ဒီနိုင်ငံအတွက် ကောင်းတဲ့အကျိုးကိုလည်း ရစေမယ်။
မေး – ဒေသခံ တောင်သူတွေ ဘယ်လိုအခက်အခဲနဲ့ ရင်ဆိုင်နေရလဲ။
ဖြေ – မြေပြန့်မှာ အသုံးပြုနေတဲ့ စိုက်ပျိုးရေး စက်တွေကို အစိုးရအနေနဲ့ အားလုံး မပံ့ပိုးနိုင်ရင်တောင် အရစ်ကျ ရောင်းပေးသင့်ပါတယ်။ ပညာရှင်တွေခေါ်ပြီး စိုက်ပျိုးရေးသင်တန်းတွေ သေချာ ပို့ချသင့်ပါတယ်။ မုန်ညင်းစိုက်တဲ့သူကလည်း အမြဲ မုန်ညင်းပဲ စိုက်တယ်၊ ပြောင်းဖူးစိုက်တဲ့သူကလည်း ပြောင်းဖူးပဲ စိုက်တတ်တယ်၊ ပြောင်းဖူးကနေ အာလူးပြောင်းစိုက်ရင် ဝင်ငွေ ပိုရနိုင်သလား ဆိုပြီးတော့လည်း သူတို့အနေနဲ့ မချိန်ဆတတ်ဘူး။ အစိုးရအနေနဲ့ ဟားခါးမြို့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေရှိမလား ဆိုတာကိုလည်း အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ သေချာလေ့လာပြီး ဒေသခံတွေ ဝင်ငွေ တိုးတက်လာအောင် အလေးပေး ဆောင်ရွက်စေချင်ပါတယ်။ တစ်ယောက်က စပျစ်စိုက်လို့ နောက်တစ်ယောက်က စပျစ် လိုက်စိုက်တာရှိတယ်၊ ဒါပေမဲ့ ဈေးကွက် ရှာလို့ မရတော့ ဗုံးပေါလအော ဖြစ်သွားတယ်။ အစိုးရအနေနဲ့ ဈေးကွက်ကိုလည်း ရှာပေးစေချင်ပါတယ်၊ ဈေးကွက်ရှိမှလည်း ဝင်ငွေရမှာလေ။ အခုဆိုရင် ချင်းပြည်နယ်မှာ ဝဥတွေကို စိုက်ကြတယ်။ ဝဥက တရုတ်နိုင်ငံကို သွင်းရတာမျိုးဆိုတော့ ဒီမှာသာ စက်ရုံ အလုပ်ရုံတွေ ကုန်ချောထုတ်နိုင်မယ့်အဆင့်မျိုးသာရှိမယ် ဆိုရင် တောင်သူလယ်သမားတွေ အတွက်သာ မကဘူး၊ ချင်းပြည်နယ်အတွင်း နေထိုင်သူ အားလုံး စီးပွားရေး၊ လူမှုရေး တိုးတက်မယ်လို့ ထင်ပါတယ်။ ။