အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမျိုးသမီးတို့ကို တန်ဖိုးထား အကာအကွယ်ပေးရန် အမတ်များ တိုက်တွန်း

ရန်ကုန် – အမျိုးသမီးများ တန်ဖိုးထားလေးစားမှုဖြင့် ပြောဆိုဆက်ဆံခံရရေး၊ မိသားစုနှင့် လူ့အသိုက်အဝန်းအတွင်း တန်းတူအခွင့်အရေးရရှိရေး၊ အကြမ်းဖက်မှုမှ ကင်းဝေးလုံခြုံရေးတို့ အတွက် ဝိုင်းဝန်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တချို့က မေ ၂၄ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။

ရန်ကုန်တွင် ပြုလုပ်သော အမျိုးသမီးများ ဘေးကင်းလုံခြုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးတို့၏ အသံ ဟု အမည်ပေးထားသည့် ဆွေးနွေးပွဲတစ်ခုတွင် ထိုသို့ တိုက်တွန်းလိုက်ကြခြင်း ဖြစ်သည်။

မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးရန်အောင်က အမျိုးသမီးတို့ ဘေးအန္တရာယ် ကျရောက်စေရန် လုပ်ဆောင်နေသူတို့မှာ အမျိုးသားများ ဖြစ်နေသောကြောင့် မိမိအနေဖြင့် လွန်စွာအားနာမိကြောင်း၊ အားနာမှုကို ခွန်အားအဖြစ်ပြောင်းလဲ၍ အမျိုးသမီးများလုံခြုံရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“ကျွန်တော် ရဲရဲတင်းတင်းပြောနိုင်တာ တစ်ခုက အမျိုးသမီးတွေ မတော်မတရားလုပ်ခံရတာတွေ၊ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လျစ်လျူရှုခံရတဲ့ကိစ္စရပ်များကို အတတ်နိုင်ဆုံး ဝိုင်းဝန်းကြိုးစား ကူညီသွားမှာ ဖြစ်ပါတယ်” ဟု ဦးရန်အောင်က Triangle Women Support Group အဖွဲ့က စီစဉ်သော အဆိုပါဆွေးနွေးပွဲတွင် ပြောသည်။

အမျိုးသမီးများအပေါ် အနိုင်ကျင့်သည့် ဖြစ်ရပ်များ မကြာခဏ ထွက်ပေါ်လာနေကြောင်း၊ မတော်မတရားပြုမှုများ ရပ်တန့်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

သားသမီးတို့ကို ဒုက္ခများကြားထဲတွင် မွေးဖွားပေးခဲ့ခြင်း၊ လူလားမြောက်စေရန် ကျွေးမွေးစောင့်ရှောက် ခြင်းတို့အတွက် မိခင်များ၊ မိခင်လောင်းများကို တန်ဖိုးထားပါကြောင်း ပုဇွန်တောင်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။

“အမျိုးသမီးကိစ္စမှန်သမျှကို ဝိုင်းဝန်းကူညီဖို့အမျိုးသားတိုင်း၊ အမျိုးသမီးတိုင်း၊ လူသားတိုင်းမှာ တာဝန်ရှိပါတယ်” ဟု ဦးခင်မောင်ဝင်းက ဆိုသည်။

အမျိုးသမီးများကို အကြမ်းဖက်ခြင်းသည် အမျိုးသမီးများ၏ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် အခွင့်အလမ်းတို့အပေါ် များစွာသက်ရောက်မှုရှိကြောင်း၊ ပြစ်တင်ရှုတ်ချရမည့် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ကြောင်း ၂ဝ၁၄ ခုနှစ်က ထုတ်ဝေသော သုတေသန အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်နေသည့်ပြဿနာဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့များက ပိုမို သတိပြု လက်ခံလာကြပြီဖြစ်သည်ဟု “တိတ်ဆိတ်ခြင်း၏နောက်ကွယ်” ဟု အမည်ပေးထားသည့် အစီရင်ခံစာတွင် ရေးထားသည်။

သို့သော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံရှိ အမျိုးသမီးများကို အသေးစိတ် လေ့လာ သုတေသနပြုမှုမှာ အနည်းငယ်သာ ရှိသေးသည်ဟု ကျား မ တန်းတူညီမျှရေးကွန်ရက်က ထုတ်ဝေသော ထိုအစီရင်ခံစာက ဆိုသည်။ ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button