
နေပြည်တော် – ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံညီလာခံရဲ့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးဖို့ မူဝါဒအဆိုပြုလွှာအဖြစ် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုကို အချက် လေးချက်နဲ့ တင်သွင်းထားပါတယ်။
ကျား/မ တန်းတူညီမျှရေးကို နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးနေသလို လူမှုရေးကဏ္ဍမှာလည်း အဆိုပြုချက် ၇ ချက်မှာ အချက်တစ်ချက်အနေနဲ့ ထည့်သွင်း ဆွေးနွေးနေပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးကဏ္ဍနဲ့ လူမှုရေးကဏ္ဍတွေမှာ ဆွေးနွေးနေတဲ့ ကျား/မ တန်းတူညီမျှရေးဆိုတဲ့ အဆိုပြုချက်တွေထဲမှာတော့ ကဏ္ဍတိုင်းမှာ အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်ဖို့ ဆိုတဲ့ အချက်တစ်ချက် လည်းပါဝင်ပါတယ်။
ဒီတတိယအကြိမ် ပင်လုံညီလာခံကို နိုင်ငံရေးအရ အခြေခံဥပဒေပြင်ဆင်ဖို့အထိ မျှော်လင့်ထားကြတဲ့ အခြေအနေမှာ ကျား/မ တန်းတူညီမျှရေးကို အလေးထား ဆွေးနွေးနေတဲ့အပေါ် ညီလာခံကို ပါဝင်သင့် ပါဝင်ထိုက်သူတစ်ဦးအနေနဲ့ ရောက်ရှိ ဆွေးနွေးနေတဲ့ Myanmar Insititute of Gender Studies (MIGS) ၏ ဦးဆောင်ဒါရိုက်တာ ဒေါ်ခင်မမမျိုးကို တွေ့ဆုံမေးမြန်းလိုက်ရပါတယ်။
မေး။ ။၂၁ ရာစု ပင်လုံ ပထမအကြိမ်၊ ဒုတိယအကြိမ်တွေနဲ့ ခု တတိယအကြိမ် အစည်းအဝေးတွေမှာ ဘာတွေ ပိုပြီး ထူးခြားတာတွေ ရှိပါသလဲ။
ဖြေ။ ။အားလုံးကတော့ ဝိုင်းပြီးတော့ ပြည်ထောင်စုမူ ကျလာဖို့ ဝိုင်းပြီးတော့ ဆွေးနွေးနေကြတယ်ဆိုတော့ ဒီတစ်ခေါက်မှာ လေ့လာသူက ပိုပြီးတော့ အားကောင်းလာတာကို တွေ့ရပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတွေ ပိုပြီးတော့ အားကောင်းလာတာကို တွေ့ရပါတယ်။
မေး။ ။ကျား/မ တန်းတူရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ကျွန်မအမြင်ကတော့ ဒီအပိုင်းတွေက အဓိကလိုအပ်ချက်တွေပေါ့။ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုအပိုင်းတွေလည်း ပါတယ်။ ခွဲခြားဆက်ဆံခြင်း မပြုရဘူးဆိုတာတွေလည်း ပါတယ်။ ကျား/မရေးရာ တန်းတူညီမျှမှုနဲ့ ပတ်သက်ပြီး မူဝါဒ ချမှတ်ရမယ်ဆိုတာလည်း ပါတယ်။ စွမ်းရည်မြှင့်တင်ခြင်းနဲ့ ပတ်သက်ပြီး ပါတယ်ဆိုတဲ့ အနေအထားဆိုတော့ လုံလောက်ပါတယ်။ အဲဒီမူတွေကနေ အခြေခံမူတွေ ကျသွားတဲ့အခါမှာ နောက်ပိုင်း ဆက်လက်ပြီးတော့ အသေးစိတ်မူများကို ဆက်လက် ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
မေး။ ။ကျား/မ အရေး တစ်ခုတည်းကိုပဲ နိုင်ငံရေးကဏ္ဍအောက်မှာ ခေါင်းစဉ် လေးခုနဲ့ ဆွေးနွေးတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ဒါက ကျွန်မတို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပါတယ်။ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာဆိုရင် ငြိမ်ချမ်းသော တိုင်းပြည်ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းသောတိုင်းပြည်ကို တည်ဆောက်ရမယ်ဆိုရင် ငြိမ်းချမ်းရေးယဉ်ကျေးမှု Cultural Peace ကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ Cultural Peace ကို တည်ဆောက်မယ်ဆိုရင် Cultural Peace ရဲ့ အချက်ကြီးတစ်ချက်ဖြစ်တဲ့ Gender equality သည် ဆွေးနွေးရမယ့် အချက်ကြီး ဖြစ်ပါတယ်။ Fundamental Rights တွေကို ဆွေးနွေးတဲ့ အပိုင်းကဏ္ဍတွေမှာ Gender Equality ကလဲ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ဆွေးနွေးရမယ့် အစိတ်အပိုင်းဖြစ်တဲ့အနေနဲ့ ဆိုတော့ အဲဒီဆွေးနွေးရမယ့် ခေါင်းစဉ်အောက်မှာ ပါသင့် ပါထိုက်တဲ့ အချက်တွေ အကုန်လုံးပါဝင်ဖို့ လိုအပ်ပါတယ်။
မေး။ ။၂၁ရာစု ပင်လုံညီလာခံဟာ တတိယအကြိမ်အထိ ရောက်လာပြီဆိုပေမယ့် ကဏ္ဍကြီး ၅ ရပ်ထဲက လုံခြံရေးကဏ္ဍမှာ ဆွေးနွေးအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဖြေ။ ။ကျွန်မအမြင်ကတော့ နိုင်ငံတကာမှာ ဆိုရင်လဲပေါ့လေ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အချက်တချို့ ထွက်သွားတဲ့အခါမှာ လုံခြုံရေးကလဲ အချက်ပေါင်းများစွာ ဆက်လက်ပြီးတော့ ထွက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။ ခုကတော့ အားလုံးဆွေးနွေးကြတဲ့အခါ တချို့သောအပိုင်းတွေက နိုင်ငံရေးဘက်က ဆုံးဖြတ်ချက် ကျတဲ့အခါမှ ဆက်ချလို့ရမယ့် ဥစ္စာမျိုးတွေဖြစ်လို့ လောလောဆယ် အနေအထားမှာ မချနိုင်သေးတာလို့ မြင်ပါတယ်။ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ဆွေးနွေးချက်တွေ ခိုင်မာတိကျစွာ ပေါ်ထွန်းလာပြီဆိုရင်တော့ လုံခြုံရေးဘက်က အချက်တွေကလဲ ပိုမိုပြီးတော့ ဆွေးနွေးမှုတွေ အားကောင်းလာပါလိမ့်မယ်။
မေး။ ။အများမျှော်လင့်ထားတဲ့အချက်တွေ မပါဘဲ နိုင်ငံရေးကဏ္ဍမှာ အမျိုးသမီးကဏ္ဍကိုပဲ ဦးစားပေးဆွေးနွေးသွားတာဖြစ်တော့ ဒီညီလာခံဟာ နိုင်ငံရေးအနှစ်သာရနဲ့ ပြည့်စုံတယ်လို့ ယူဆလို့ ရနိုင်ပါ့မလား။
ဖြေ။ ။နိုင်ငံရေးအရ ပြောမယ်ဆိုရင် နိုင်ငံရေးဆိုတာ ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲဆိုတာကို ကျွန်မတို့ ပြန်လည်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။ နိုင်ငံရေးဆိုတာက လူထုရဲ့အရေးပါ။ လူဦးရေရဲ့ ထက်ဝက်ကျော်ရှိနေတဲ့ အမျိုးသမီးတွေ ရဲ့ ပါဝင်မှုအရေးကို နိုင်ငံရေးလို့ မသတ်မှတ်ဘူးဆိုရင် ဒီနိုင်ငံ နိုင်ငံရေး ကိစ္စရပ်တွေက ဘယ်လိုမှ မပြည့်စုံနိုင်ဘူးလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။ အမျိုးသမီးများရဲ့ ကဏ္ဍအသီးသီးပါဝင်မှု ဆိုတာ အမျိုးသမီးများရဲ့ နိုင်ငံရေးထဲမှာ ပါဝင်မှု ကဏ္ဍလဲ ပါပါတယ်.။ လူဦးရေ တစ်ဝက်ကျော်ရဲ့ ကာကွယ်စောင့်ရှောက်ခံရမှု၊ တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအပေါ် ကာကွယ်စောင့်ရှောက်ခံရမှု အဲဒီအနေအထားကိုမှ နိုင်ငံရေးလို့ မသတ်မှတ်ဘူးဆိုရင် ဒါကို အားနည်းချက်တစ်ခုလို့ သတ်မှတ်တယ်ဆိုရင်တော့ တစ်စုံတစ်ရာ လွဲမှားတဲ့အယူအဆဖြစ်နေပြီလို့ ကျွန်မအနေနဲ့ မြင်ပါတယ်။