ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီးချိန်ကတည်းက မအိသဉ္ဇာမောင် အကြားရဆုံး မှတ်ချက်တစ်ခုမှာ အသက်ငယ်သေးသည်၊ နိုင်ငံရေးလောက အတွေ့အကြုံထပ်ယူပြီးမှသာ ယှဉ်ပြိုင်သင့်သည်ဟူ၍ ဖြစ်သည်။ အမျိုးသားတစ်ဦးဖြစ်လျှင် သို့မဟုတ် အသက် ၄၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးဖြစ်ပါက ထိုကဲ့သို့ မှတ်ချက်ပေးခံရလိမ့်မည် မဟုတ်ဟု မအိသဉ္ဇာမောင်က ယူဆသည်။
ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း အရည်အချင်းတွင် ပြည်သူ့လွှတ်တော်နှင့် ပြည်နယ် သို့မဟုတ် တိုင်းလွှတ်တော်အတွက် အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်ထားရာ မအိသဉ္ဇာမောင်မှာ ထို့ထက်ပင် တစ်နှစ်ကြီးသေးသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမည့် ၅၀၀၀ ကျော်သော ကိုယ်စားလှယ်လောင်းများမှ အသက်အငယ်ဆုံး အမျိုးသမီးကိုယ်စားလှယ်လောင်းများအနက် တစ်ဦးဖြစ်နေသည်။
ငယ်ရွယ်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ဖြစ်နေသည့်အတွက် ၎င်း၏ လုပ်ရည်ကိုင်ရည်အပေါ် ယုံကြည်မှုရှိရန် အခြားကိုယ်စားလှယ်လောင်းများထက် အဆများစွာ ပိုမိုကြိုးစားပြနေရသည်ဟု မအိသဉ္ဇာမောင်က ဆိုသည်။
“အသက်ငယ်တာရော၊ အမျိုးသမီးဖြစ်တာရောဟာ သိမ်ငယ်စရာတစ်ခုလို့ ကျွန်မအနေနဲ့ မခံယူဘူး။ ဒါပေမဲ့ ကျွန်မတို့ပတ်ဝန်းကျင်ကျတော့ တချို့အမြင်တွေက ကန့်ထားတာ ရှိတဲ့အခါကျတော့ ကျွန်မတို့က အများကြီး ကြိုးစားရတာပေါ့နော်။ ငါတို့လုပ်နိုင်တယ်၊ ငါတို့ဖြစ်နိုင်တယ်၊ လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို သူများက တစ်ခုလုပ်ရင် ဆယ်ခုလောက် လုပ်ပြရတယ်” ဟု ၎င်းက Myanmar Now ကိုပြောသည်။
မအိသဉ္ဇာမောင်သည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအပါအဝင် ကိုယ်စားလှယ်လောင်းလေးဦး ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ဘက်သုံးဦးစလုံးမှာ အမျိုးသားများ ဖြစ်သည်။
မအိသဉ္ဇာမောင်ကဲ့သို့ပင် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးလွှတ်တော်ကိုယ်စား လှယ်လောင်း ၈၉၀ ရှိသည်။ (ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းလိုက်သည့် နှင်းဆီပါတီခေါ် ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ မကျင်းပဖြစ်မည့်ဒေသများတွင် ဝင်ရောက်ရွေးကောက်ခံမည့်သူများ မပါဝင်) ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၆၄ ဦး ရှိရာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲသမိုင်းတွင် အမျိုးသမီးပါဝင်မှု အများဆုံးဖြစ်သည်။
သို့သော်လည်း ထိုအရေအတွက်မှာ အလွန်နည်းနေသေးသည့်အပြင် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်ရန် ကြိုးစားလာသည့်အခါ ရှေးရိုးစွဲလူမှုအသိုင်းအဝိုင်း၏ ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်သည်ဟု အမျိုးသမီးကိုယ်စားလှယ်လောင်းများက ဆိုသည်။
“ဖိုဝါဒကြီးစိုးတဲ့ ပတ်ဝန်းကျင်ဆိုတော့ အမျိုးသားတစ်ယောက်ဆိုရင် ဘာမှမလုပ်ဘဲနေရင်တောင်မှ လုပ်နိုင်စွမ်းရှိတယ်လို့ ထင်တယ်။ ပတ်ဝန်းကျင်က သူ့ဘာသူ သတ်မှတ်ပေးလိုက်တာ။ အမျိုးသားဆိုတာနဲ့ လုပ်နိုင်တယ် ထင်တယ်။ အဲဒီအခါကျတော့ ယှဉ်ပြိုင်ရတဲ့အခါ ကျွန်မတို့က ဘာမှမလုပ်သေးဘဲ ကိုယ့်ဆီမှာ ပတ်ဝန်းကျင်က သတ်မှတ်ခံလိုက်ရတဲ့ဟာတွေ အများကြီးပဲ ကြုံရတယ်” ဟု မအိသဉ္ဇာမောင်က ပြောသည်။
လူ့အသိုင်းအဝိုင်းက အမျိုးသမီးများကို ယုံကြည်ကိုးစားမှု နည်းသည့်အတွက် အမျိုးသားကိုယ်စားလှယ်လောင်း များထက် အရည်အချင်းအပေါ် ပိုမိုမေးခွန်းထုတ်ခံရသည်ဟုလည်း ၎င်းက ဆိုသည်။
“နိုင်ငံရေးထဲမှာ အမျိုးသား အမျိုးသမီးလို့ ပြောလိုက်ရင် လူတွေက အရည်အချင်းသတ်မှတ်မှုကို အရင်ဆုံးမေးကြတယ်။ အမျိုးသားရဲ့အရည်အချင်းကို မေးခွန်းထုတ်လေ့နည်းတယ်။ အမျိုးသမီးရဲ့ အရည်အချင်းကိုတော့ မေးခွန်းထုတ်လေ့များတယ်” ဟု မအိသဉ္ဇာမောင်က ပြောသည်။
“ထောင်မှာတောင် ဒီလောက်ကြမ်းတမ်းတဲ့ ပြောဆိုမှု မခံရဘူး”
အင်တာနက်အသုံးပြုမှု ထွန်းကားသည့် ခေတ်ကာလဖြစ်သည့်အတွက် အမျိုးသမီးကိုယ်စားလှယ်လောင်းများကို လူမှုကွန်ရက်တွင် ပစ်မှတ်ထားဝေဖန်တိုက်ခိုက်နေခြင်းမှာလည်း အဆိုးရွားဆုံး ခွဲခြားဆက်ဆံမှုတစ်ခုဖြစ်သည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ကိုယ်စားပြုကာ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ရွေးကောက်ခံမည့် ၂၆ နှစ်အရွယ် ဆိုင်းနူးပန်က ပြောသည်။
၎င်း၏ မဲဆွယ်စည်းရုံးရေးလက်ကမ်းစာစောင်များတွင် ဖုန်းနံပါတ်ထည့်သွင်းထားသည့်အတွက် ဖုန်းမက်ဆေ့များမှတစ်ဆင့်ဖြစ်စေ၊ Facebook လူမှုကွန်ရက်မှတစ်ဆင့်ဖြစ်စေ အမျိုးသမီးဖြစ်ခြင်းအပေါ် တိုက်ခိုက်ပြောဆိုမှုများ ရှိသည်ဟု ၎င်းက ဆိုသည်။
‘ဘာတွေလုပ်နေလဲ၊ မင်းရဲ့ပုံစံက နိုင်ငံရေးပုံစံမဟုတ်ဘူး၊ အမျိုးသမီးလုပ်စားရမှာ ဘာလို့နိုင်ငံရေးလုပ်နေလဲ’၊ ‘ဝန်ကြီးမယားငယ်’ စသည်ဖြင့် ရိုင်းပျစွာပြောဆိုမှုများ ရှိသည်ဟု ဆိုင်းနူးပန်က ပြောသည်။
‘ဒီအမျိုးသမီးက ကောင်းတဲ့အမျိုးသမီး မဟုတ်ဘူး မကောင်းတဲ့အမျိုးသမီးဖြစ်တယ်။ အဲလိုမျိုးလူတွေက နိုင်ငံရေးလောကမှာ ပါဝင်လာတယ်။ မယုံကြည်ပေးပါနဲ့ မဲမထည့်ကြပါနဲ့’ ဟု လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ရေးသားကာ ဖြန့်ဝေထားသည်ကို ဆိုင်းနူးပန်၏ ဖခင်ဖြစ်သူက မြင်တွေ့ခဲ့သည်ဟု ဆိုသည်။
“သမီးရယ် အေးဆေးနေရင်တောင်မှ ကောင်းသေးတယ်။ အခုက နိုင်ငံရေးမှာ ထွက်ရတဲ့အခါမှာ တိုက်ခိုက်မှုတွေက အများကြီးခံရတယ်။ အဖေတို့က သမီးတစ်ယောက် အဲဒီလိုမျိုး ခံရတဲ့အခါမှာ မကြည့်ရက်ဘူး မခံစားနိုင်ဘူးဆိုတော့ ကျွန်မတော်တော်လေး စိတ်တော့ မကောင်းဘူး” ဟု ဆိုင်းနူးပန်က ပြောပြသည်။
လူမှုကွန်ရက်တွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ၏ ရုပ်ပိုင်းဆိုင်ရာအပေါ် စော်ကားပြောဆိုမှုများမှာ စိုးရိမ်ဖွယ်အခြေအနေတစ်ခုဖြစ်သည်ဟု လူ့ဘောင်သစ်ပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။
“ထောင်ထဲမှာတောင်မှ အဲ့လောက်ကြမ်းတမ်းတဲ့ ပြောဆိုမှုတွေမခံရဘူး” ဟု နိုင်ငံရေးလောကတွင် အနှစ် ၃၀ ကျော် ဖြတ်သန်းခဲ့သည့် ဒေါ်နှင်းနှင်းမွှေးက ၎င်းထောင်ကျခဲ့စဉ်က အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောသည်။
အလားတူ ပစ်မှတ်ထားတိုက်ခိုက်မှုများကို လက်ရှိ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များလည်း ကြုံတွေ့ရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ဆိုသည်။
သာမန်အမျိုးသမီးကိုယ်စားလှယ်များထက် လွှတ်တော်အတွင်း မကြာခဏ ထောက်ပြအရေးဆိုလေ့ရှိသည့် အမျိုးသမီးများကို ပစ်မှတ်ထားကာ ပိုမိုဝေဖန်တိုက်ခိုက်တတ်ကြကြောင်း ၎င်းက ပြောသည်။
“နိုင်ငံရေးကို တကယ်ခိုင်ခိုင်မာမာ ယုံကြည်ချက်ရှိရှိနဲ့လုပ်တဲ့ အမျိုးသမီးတွေကတော့ သိပ်ယိမ်းယိုင်သွားမယ်လို့ မထင်ဘူး။ အဲဒီအပေါ်မှာ သိပ်ယိမ်းယိုင်သွားပြီး စိတ်ပျက်သွားမယ်လို့ မထင်ဘူး” ဟု ဒေါ်သန္တာက ပြောသည်။
မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းတွင် ထက်ဝက်ကျော်ဖြစ်သည့် ၂၈ သန်းသော အမျိုးသမီးများ၏အသံကို ကိုယ်စားပြုမည့်သူများ နိုင်ငံရေးတွင် ပါဝင်လာခြင်းမှာ ဝေဖန်ခြင်းထက် ကြိုဆိုရမည့်ကိစ္စတစ်ခုဖြစ်ပြီး ၎င်းတို့၏ ပါဝင်ဦးဆောင်မှုသည် နိုင်ငံအရွေ့ကို ပိုမိုမြန်ဆန်စေလိမ့်မည်ဟု ၎င်းက ပြောသည်။
လွှတ်တော်တွင် အမျိုးသမီးပါဝင်မှု နည်းလွန်းနေသေး
တပ်မတော်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်း ၁၂၇ ဦး ယှဉ်ပြိုင်ခဲ့ရာ ၄၅ ဦးသာ အနိုင်ရခဲ့သည်။ ရာစုနှစ်တစ်ဝက်ခန့် ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်အလွန် အရပ်သားတစ်ပိုင်း ဦးသိန်းစိန်အစိုးရက ကျင်းပပေးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ အမျိုးသမီး ၈၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၅၁ ဦး အောင်ပွဲခံခဲ့သည်။ ရွေးကောက်ခံနေရာစုစုပေါင်းမှာ ၁,၁၀၀ ကျော် ဖြစ်သည့်အတွက် လွှတ်တော်တွင် အမျိုးသမီးကိုယ်စားပြုမှုမှာ ၁၃ ရာခိုင်နှုန်းကျော်သာ ရှိသည်။
ကျား၊မ တန်းတူအခွင့်အရေးလုပ်ဆောင်သည့် အရပ်ဘက်အဖွဲ့အစည်းများ၏ တိုက်တွန်းမှုများကြောင့် ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း နိုင်ငံရေးနှင့် အစိုးရအဖွဲ့အစည်းများတွင် အမျိုးသမီးကိုယ်စားပြုမှု တိုးတက်လာသော်လည်း အနည်းဆုံးရှိသင့်သည့် ၃၀ % ပြည့်မီရန် လိုအပ်နေသေးသည်။
ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လွှမ်းမိုးမှုကြီးသော အမျိုးသမီးတစ်ဦး ခေါင်းဆောင်နေသည့် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်တွင် အမျိုးသမီး ၂၁၂ ဦးသာ ပါဝင်သည်။ ရာခိုင်နှုန်းအားဖြင့် ၁၉ ဒသမ ၁ ရှိသည်။
အတိုက်အခံပါတီကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးပါဝင်မှု ၉ ဒသမ ၈ % သာရှိသည်။
အမျိုးသမီးဦးဆောင်သည့် နိုင်ငံရေးပါတီအသစ်တစ်ခုဖြစ်သော ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က ကိုယ်စားလှယ်လောင်း ၂၃၄ ဦးဖြင့် ရွေးကောက်ပွဲဝင်မည်ဖြစ်ပြီး အမျိုးသမီး ၅၀ ဦး ပါဝင်သည်။
ယခုရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးပါဝင်မှုရာခိုင်နှုန်း အများဆုံးမှာ ၂၈ ဒသမ ၁ ဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖြစ်သည်။ ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်း အရေအတွက်မှာ ၁၂၈ ဦးအနက် အမျိုးသမီး ၃၆ ဦးဖြစ်သည်။
လူငယ်နှင့် အမျိုးသမီးကို ဦးစားပေးသည့် ပါတီမူဝါဒကို ကြိုက်နှစ်သက်သည့်အတွက် SNLD ကိုယ်စားပြုကာ တောင်ကြီးမြို့နယ်မှ ရှမ်းပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂ အတွက် ယှဉ်ပြိုင်ရခြင်းဖြစ်သည်ဟု ရှေ့နေတစ်ဦးလည်းဖြစ်သူ နန်းလွင်ခမ်းက Myanmar Now ကို ပြောသည်။
ဝင်ရောက်ရွေးကောက်ခံခြင်းအားဖြင့် လူငယ်အမျိုးသမီးများလည်း နိုင်ငံရေးလုပ်နိုင်သည်ဆိုသည်ကို ဥပမာပြနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၃၁ နှစ်အရွယ် နန်းလွင်ခမ်းက ပြောသည်။ အမျိုးသမီးပါဝင်မှုကို ရာခိုင်နှုန်းသတ်မှတ်ထားခြင်းအားဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ထပ်မံပါဝင်လာအောင် လမ်းဖွင့်ပေးသည့် သဘောဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“အမျိုးသမီးတွေအတွက် အခွင့်အလမ်းပဲ။ နိုင်ငံရေးထဲမှာဝင်လာဖို့လည်း အခွင့်အလမ်းရှိတယ်။ တချို့ကျတော့လည်း နိုင်ငံရေးစိတ်ဝင်စားပေမယ့် ဘယ်လိုစလုပ်ရမလဲ မသိဘူးလေ။ ဒါ အခွင့်အရေးဖွင့်ပေးတဲ့သဘောပဲ” ဟု နန်းလွင်ခမ်းက ပြောသည်။
KSPP သည်လည်း ကိုယ်စားလှယ်လောင်းရွေးချယ်ရေး ပါတီမူဝါဒတွင် အမျိုးသမီးနှင့် လူငယ်များကို ဦးစားပေးရန် ထည့်သွင်းထားသော်လည်း လူမှုရေးအခက်အခဲများကြောင့် မပါဝင်နိုင်ကြသည့် အမျိုးသမီးများစွာရှိသည်ဟု ဆိုင်းနူးပန်က ဆိုသည်။
ကိုယ်စားလှယ်လောင်း ၆၇ ဦးဖြင့် ရွေးကောက်ယှဉ်ပြိုင်မည့် KSPP တွင် အမျိုးသမီး ၁၀ ဦးသာ ပါဝင်သည်ကို ၎င်းအနေဖြင့် အားမရကြောင်း ဆိုသည်။
“တကယ်တမ်း အလုပ်လုပ်နိုင်တဲ့ အမျိုးသမီး အများကြီးရှိတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်က အဆင်မပြေတဲ့ အနေအထား၊ ငွေရေးကြေးရေး အဆင်မပြေတဲ့ အနေအထားမှာ သူတို့ဘက်ကနေ ပါဝင်ဖို့ အခက်အခဲဖြစ်ကြတယ်” ဟု ၎င်းက Myanmar Now ကို ပြောသည်။
မိသားစုကို ပြုစုပျိုးထောင်နေရသည့် အမျိုးသမီးများမှာ အိမ်ကိုပစ်၍ နိုင်ငံရေးတွင် ခြေစုံပစ်ဝင်ရန် အခက်အခဲရှိနေသလို လိုအပ်သည့် ကျွမ်းကျင်မှုအတွက် လေ့လာပြင်ဆင်လိုသည့် အမျိုးသမီးငယ်များအတွက် တိုင်းရင်းသားပြည်နယ်ဒေသများတွင် ပြည်မဒေသများထက် ပညာရေးအခွင့်အလမ်းများ ရှားပါးနေသေးကြောင်း ဆိုင်းနူးပန်က ဆိုသည်။
တစ်ဖက်တွင်လည်း နိုင်ငံရေးတွင် အမျိုးသမီးများသည် ရာခိုင်နှုန်းတစ်ခုအဖြစ် အပြသဘောပါဝင်ခွင့်သာ မဟုတ်ဘဲ ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် ခေါင်းဆောင်ပိုင်းနေရာများတွင် ရှိနေရန် လိုအပ်သည်ဟု အမျိုးသမီးကိုယ်စားလှယ်လောင်းများက ဆိုသည်။
ဆုံးဖြတ်ချက်ချသည့် ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်ဆိုသည်မှာ နိုင်ငံရေးအရ “အငြင်းပွားရမည့်အရာ မဟုတ်” ဟု ယုံကြည်ကြောင်း ဆိုင်းနူးပန်က ပြောသည်။
“အမျိုးသမီးတွေက သူတို့အတွက် လုံခြုံမှုတွေ ..လုပ်ဖို့အတွက်က အမျိုးသမီးတွေ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့လိုအပ်သလို နိုင်ငံရေး အရေးဆိုတဲ့အခါမှာလည်း ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ဖို့လိုတယ်။ ဒါမှလည်း ကျွန်မတို့ အနာဂတ်၊ ငြိမ်းချမ်းတဲ့ ကျွန်မတို့ နိုင်ငံကို အမြန်ဆုံးတည်ဆောက်နိုင်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်တယ်” ဟု ၎င်းက ဆိုသည်။
၎င်းကိုယ်တိုင်က တိုင်းရင်းသူကချင်လူငယ်တစ်ဦးနှင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးဖြစ်သည့်အတွက် ပြည်နယ်၏ အရေးကိစ္စများကို ဆောင်ရွက်မည့်အပြင် အမျိုးသမီးများ နိုင်ငံရေးဦးဆောင်မှုတွင် ပိုမိုပါဝင်လာအောင် လမ်းဖွင့်ပေးနိုင်ရန် ယခုအချိန်ကတည်းက ကြိုတင်ပြင်ဆင်ထားပေးမည်ဟု ၎င်းက ပြောသည်။
ခွဲခြားဆက်ဆံမှုများပြားသော်လည်း တန်းတူညီမျှမှု ရှားပါးသည့် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်း၍ နွေးထွေးကြင်နာမှု ဖုံးလွှမ်းသည့် လူ့အသိုင်းအဝိုင်းတစ်ခုအဖြစ် ပြောင်းလဲရန် အပြောင်းအလဲလုပ်နိုင်သည့် ဥပဒေပြုမဏ္ဍိုင်သို့ အရောက်သွားမည်ဟု မအိသဉ္ဇာမောင်က ဆိုသည်။
“ကျွန်မ နေထိုင်ချင်တဲ့ ပတ်ဝန်းကျင်က ကျွန်မအတွက်သာ မဟုတ်ဘူး။ ကျွန်မရဲ့ နောင်ဖြစ်လာမယ့်မျိုးဆက်တွေ အတွက်ကော နွေးထွေးလုံခြုံပြီးတော့မှ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ နေထိုင်ချင်တယ်။ ကျွန်မ အဲလိုတည်ဆောက်ချင်တယ်။ ဒါကြောင့်မို့လို့ ကျွန်မ ဒီလိုမျိုးကိစ္စတွေ လုပ်နေတာပါ” ဟု မအိသဉ္ဇာမောင်က ပြောသည်။