ရန်ကုန် (Myanmar Now) – အမျိုးသမီး အမျိုးသားတန်းတူရေး လှုပ်ရှားမှုဟာ ယဉ်ကျေးမှု အဟန့်အတားကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေစိုက် ထွယ်ဖောင်းဒေးရှင်း (Htoi Gender and Development Foundation) ဒါရိုက်တာ ဒေါ်နန်ပူက ပြောပါတယ်။
ဒေါ်နန်ပူတို့ ဖောင်ဒေးရှင်းက အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးဆိုင်ရာ သင်တန်း၊ ဆွေးနွေးပွဲနဲ့ တခြားလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဆယ်နှစ်ကျော် ရှိပါပြီ။
မကြာသေးခင် တွေ့ဆုံရာမှာ ဒေါ်နန်ပူက ပြည်နယ်အတွင်း ပဋိပက္ခဖြစ်စဉ်များ၊ အမျိုးသမီးတို့ အကြမ်းဖက်ခံရပြီး နောက်ဆက်တွဲ အခြေအနေ၊ ဒုတိယပင်လုံညီလာခံရဲ့အားနည်းချက်တွေအကြောင်း ပြောပြထားပါတယ်။
မေး – ကချင်ဒေသ အမျိုးသမီးအရေး ဆောင်ရွက်ရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရသလဲ။
ဖြေ – အခက်အခဲတချို့ကို ဖြေရှင်းနိုင်ပေမယ့် တချို့အခက်အခဲတွေကတော့ ဆက်ပြီးတော့ ကြုံတွေ့နေရတယ်။ ကချင်အသိုင်းအဝိုင်းမှာ သြဇာအာဏာလွှမ်းမိုးတဲ့သူတွေက အမျိုးသားတွေဖြစ်တယ်။ ကချင် ၉၉.၉ ရာခိုင်နှုန်းက ခရစ်ယာန်တွေလေ။ ခရစ်ယာန်တွေရဲ့ခေါင်းဆောင်တွေက အမျိုးသားတွေ ဖြစ်နေတော့ အမျိုးသား ကြီးစိုးတဲ့ အဖွဲ့အစည်းလို ဖြစ်နေတာ။ ရိုးရာ ယဉ်ကျေးမှုအစွဲအလမ်းအရ အမျိုးသမီးတွေကို အရမ်းပဲ နှိမ်ထားတဲ့အခါမှာ သူတို့အမျိုးသမီးတွေ၊ သူတို့ သမီးတွေ ကျွန်မတို့ရဲ့ ကျား/မ ရေးရာ သင်တန်း၊ အလုပ်ရုံ ဆွေးနွေးပွဲ လာပြီဆိုရင် သူတို့က လက်မခံဘူး။ တချို့က လက်မခံတဲ့ပုံ မပြပေမဲ့ ယောက်ျားနိုင်တဲ့ ပညာတွေ သွားသင်နေတာလား ဆိုပြီးတော့ ပြောင်သလို၊ နောက်သလို၊ နှိမ်သလို ပြောတာတွေ ရှိပါတယ်။ သင်တန်းတွေပေးတယ်၊ နားလည်ကြတယ်၊ လက်တွေ့မှာ မလုပ်နိုင်ကြဘူး။ ကိုယ်တိုင် ပြောင်းလဲချင်ပေမဲ့ လူ့အသိုင်းအဝိုင်းနဲ့ ရိုးရာယဉ်ကျေးမှု အစွဲအလမ်းအရ အရမ်းပဲ ခိုင်မာနေတော့ ကျော်လွှားဖို့ ခက်တယ်။ အဲ့ဒါက ကျွန်မတို့ရဲ့စိန်ခေါ်မှုပါပဲ။
ကျွန်မတို့စီမံကိန်းတွေ၊ မူဝါဒတွေရေးဆွဲမယ်ဆိုရင် နိုင်ငံတကာ အဆင့်မီ လုပ်ချင်ကြတော့ ကိုယ်က လှည့်ကြည့်လိုက်ရင် ပါလာမယ့်သူ မရှိဘူး။ စွမ်းဆောင်ရည်မြင့်တဲ့ အမျိုးသမီးတွေ မရှိတာလည်း အခက်အခဲတစ်ခုပဲ။ တစ်ခုခု လုပ်တော့မယ်ဆို ဟောပြောနိုင်တဲ့သူက လိုက်ရှာရင် ပြောတတ်တဲ့သူက တစ်ယောက် နှစ်ယောက်ပဲ ရှိတယ်။ တစ်ခါလာလည်း ဒီဆရာမ၊ နောက်တစ်ခါလည်း ဒီဆရာမပဲ။ သူတို့ကလည်း ခေါ်တဲ့သူများတော့ မြစ်ကြီးနားမှာ မရှိ။ ယဉ်ကျေးမှုကြောင့် အတားအဆီးတွေ၊ အခက်အခဲတွေ များတယ်။ နည်းပညာပိုင်းဆိုင်ရာ၊ ငွေကြေးပိုင်းဆိုင်ရာ ချို့တဲ့တယ်။ ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေ အများကြီးရှိတယ်။ သူတို့တွေ ဆွေးနွေးပွဲတွေ၊ လှုပ်ရှားမှုတွေ လုပ်ရင် ကချင်အသိုင်းအဝိုင်းက အဲ့ဒီလောက်ကြီး ပိတ်ပင်၊ ငြင်းဆန်တာ မရှိဘူး။ ဒါပေမဲ့ အမျိုးသမီး၊ အမျိုးသား တန်းတူရေး၊ အမျိုးသမီးအရေး လုပ်တယ်ဆိုရင် သိပ်ပြီးလက်မခံချင်ကြဘူး။
မေး – ပဋိပက္ခအတွင်း အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ထိခိုက်နစ်နာမှုတွေအကြောင်း ပြောပြပေးပါ။
ဖြေ – ကချင်ပြည်နယ်တစ်ခုလုံးက ပဋိပက္ခဒေသအတွင်းမှာ ပါဝင်နေတယ်။ လက်နက်ကိုင်တပ်တွေက ကချင်တိုင်းရင်းသားအမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ တော်တော်များများရှိပါတယ်။ တစ်နေရာမှာ အမျိုးသမီးတစ်ဦးလိင်အကြမ်းဖက်ခံရရင် အခြားနေရာက အမျိုးသမီးတွေကလည်း လွတ်လပ်မှု မရှိတော့ဘူး၊ ဘယ်အချိန်မှာ ကိုယ့်ကို လာပြီးတော့ အကြမ်းလာဖက်မလဲ ဆိုတာကို စိုးရိမ်နေရတာပဲ။ အဲ့ဒါကြောင့် ပဋိပက္ခဒေသမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေက တရားမျှတမှု မရဘူး ဆိုတာကို တွေ့ရပါတယ်။ သေချာ၊ ကောင်းမွန်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့၊ ကောင်းမွန်တဲ့ နည်းစနစ်တွေ ရှိမနေဘူး။ စစ်ဖြစ်တဲ့အခါ အမျိုးသားတွေရော၊ အမျိုးသမီးတွေရော စစ်ပြေးရတယ်။ စစ်ပြေးတဲ့အခါ အမျိုးသမီးတွေက ထိခိုက်ရှနာလွယ်တဲ့ လူအုပ်စုထဲမှာ ပါတယ်။ စစ်ပြေးဒုက္ခသည်တွေအတွက် ထမင်းထုပ်ပေးပေးတယ်ဆိုရင် ကိုယ်ဝန်ဆောင်က တစ်ထုပ်နဲ့ မလောက်ဘူး၊ နှစ်ထုပ်စားရမယ့် အခြေအနေရှိပေမယ့် လုံလောက်တဲ့ အစာ အာဟာရတွေ မရဘူးဆိုတာ တွေ့ရတယ်။ နို့တိုက်မိခင်ဆိုရင် ကလေးကလည်း ငို၊ စစ်ကလည်းပြေးနေရတော့ လုံခြုံတဲ့နေရာရောက်ရင် ဖျားပြီးတော့ အသက် ဆုံးရှုံး၊ စစ်ဒဏ်ကြောင့် (ရှိရင်းစွဲ) အသက်ထက်ကို ပိုပြီး အိုမင်းရင့်ရော်တာတွေလည်း ရှိပါတယ်။ ဒုက္ခသည် စခန်းထဲမှာလည်း အမျိုးသမီးတွေရဲ့လိုအပ်ချက်တွေ သေသေချာချာ စီစဉ်ပေးမှုအားနည်းတာ တွေ့ရတယ်။
မေး – ရိုးရာယဉ်ကျေးမှုအရ အမျိုးသမီးကို ဦးစားမပေးကြဘူး။ ဒါဆိုရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သလဲ။
ဖြေ – တိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုက အမျိုးသမီးတွေကို ဖိနှိပ်ထားတယ်။ ရိုးရာအစွဲအလမ်းအရ အမျိုးသမီးတွေကို နှိမ်ထားတာ အစိုးရကလည်း ပပျောက်အောင် လုပ်ဆောင်မှုတွေမရှိတော့ အဲဒီလို အမျိုးသမီးတွေကို နှိမ်တဲ့ အသိုင်းအဝိုင်းမှာ စစ်ပဋိပက္ခ ဖြစ်လာတဲ့အခါ အမျိုးသမီးကို အလွယ်တကူ လိင်အကြမ်းဖက်လိုက်ဖို့ ရှိနေတယ်။ အဲ့ဒါကြောင့် ပဋိပက္ခဒေသမှာရှိတဲ့ အမျိုးသမီးတွေ ပိုပြီးတော့ အကြမ်းဖက်ခံရမှု ရာခိုင်နှုန်း ပိုများလာနိုင်ပါတယ်။
မေး – ကချင်ပြည်နယ်ဘက်က လိင်အကြမ်းဖက်ခံရမှုတွေက ဘယ်လို အဆုံးသတ်သွားတတ်သလဲ။
ဖြေ – အကြမ်းဖက်ခံရသူအများစုက သူတို့နဲ့နီးစပ်တဲ့ အမေ သို့မဟုတ် အစ်မတွေကို ရင်ဖွင့်တယ်။ တချို့အမျိုးသမီးတွေက ရယ်လိုက်၊ ငိုလိုက်နဲ့ စိတ်ဂနာမငြိမ်ဖြစ်သွားတယ်။ မိသားစုဝင်တွေက ရဲတွေ၊ တရားရုံးတွေကို မသွားဘဲ ရိုးရာလူကြီးတွေဆီကို သွားပါတယ်။ တရားစီရင်တဲ့ ရိုးရာလူကြီးတွေက အမျိုးသားတွေပဲ ဖြစ်နေတယ်။ ငွေကြေး အနည်းငယ် ချမ်းသာမလား၊ များများ ချမ်းသာမလား၊ အရာရှိဖြစ်မလား စတဲ့အခြေအနေတွေ ရှိတဲ့ အမျိုးသားတွေက ပိုပြီးတော့ ကျူးလွန်ကြပါတယ်။ ရိုးရာလူကြီးတွေက လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ မိန်းကလေးဘက်မှာ ရပ်တည်မှု မရှိဘဲနဲ့ မုဒိမ်းမှု ကျူးလွန်တဲ့လူကြီးရဲ့ ဂုဏ်သိက္ခာကို ငဲ့တဲ့အပိုင်းတွေ ရှိပါတယ်။
မေး – ပင်လုံညီလာခံအပြီး တနိုင်းဘက်မှာ တိုက်ပွဲဖြစ်တာကို ဘယ်လို သုံးသပ်ချင်ပါသလဲ။
ဖြေ – တနိုင်းဝန်းကျင်က ကချင်ရွာ (၉) ရွာက ရွာသားတွေကို ကျွန်မတို့ အင်တာဗျူးထားတယ်။ အခုစစ်ပြေးနေရတဲ့ အမျိုးသမီးတွေ ဒုက္ခရောက်နေတယ်ဆိုတာကိုလည်း သိရပါတယ်။ ကျောင်းစဖွင့်တဲ့ အချိန် ကလေးတွေအတွက် ကျောင်းစာအုပ်၊ လွယ်အိတ်၊ ကျောင်းစရိတ်ကို စီစဉ်နေရတဲ့ အချိန်မှာ စစ်ပြေးရတော့ အများကြီး ထိခိုက်နစ်နာပါတယ်။ အနာဂတ်တွေ ပျောက်ဆုံးနေသလို ဖြစ်တယ်။ တနိုင်းမှာ မြန်မာတပ်မတော်က လေယာဉ်နဲ့ဖြန့်တဲ့စာထဲမှာ ဘာပါလဲဆို ၁၅ ရက်နေ့ နောက်ဆုံးထားပြီး အမြန်ဆုံးရွှေ့ပါ၊ မရွှေ့ရင် KIO/KIA (ကချင်လက်နက်ကိုင်အဖွဲ့) နဲ့ ဆက်သွယ်တဲ့ အကြမ်းဖက် သောင်းကျန်းသူအဖြစ် သတ်မှတ်မှာ ဖြစ်တယ်၊ နောက်ပြီးတော့ အဲ့ဒီဒေသက သဘာဝနဲ့ဂေဟစနစ်ပျက်စီး သွားပြီ ဖြစ်တဲ့အတွက် ကာကွယ်တဲ့လုပ်ငန်းတွေ လုပ်ဆောင်မှာဖြစ်တဲ့အတွက်ဆိုပြီး စာထဲမှာ ရေးထားပါတယ်။ စစ်တပ်ရဲ့အကြောင်းပြချက်က သဘာဝနဲ့ဂေဟစနစ် ပျက်စီးနေတာကြောင့် ကာကွယ်ဖို့ အတွက်လို့ ပြောတယ်။ တကယ်က သဘာဝပတ်ဝန်းကျင် အပျက်စီးဆုံးက ဖားကန့်ဒေသ။ အဲ့ဒီ တကယ်ဖြစ်နေတဲ့ နေရာကို ဘာမှမလုပ်ဘဲ ဘာမှမဖြစ်တဲ့နေရာကို လုပ်တယ်။
မေး – ဒုတိယပင်လုံ ဆွေးနွေးမှုတွေကို ဘယ်လိုမြင်လဲ။
ဖြေ – ကျွန်မတို့ ကချင်ဒေသက လက်နက်ကိုင်ဖြစ်တဲ့ KIO/KIA က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်မထိုးထားတော့ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ ပါဝင်ခွင့် မရှိဘူး။ ကချင်ပြည်နယ်အရေးကို တိုင်းရင်းသား လက်နက်ကိုင်ဘက်က အသံပြင်းပြင်းနဲ့ ပြောဆိုမယ့်သူ မရှိဘူးလို့ မြင်ပါတယ်။ ဒီငြိမ်းချမ်းရေးဖော်ဆောင်မှုက အရွေ့တစ်ခုနဲ့ သွားနေပါတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပေမယ့် ကျွန်မတို့ ကချင်ပြည်နယ်အတွက်ကတော့ မပါပါဘူး၊ အဲ့ဒါပြီးတာနဲ့ စစ်ပွဲကြီး အကြီးကြီး ပြန်ဖြစ်လာတာလေ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုက ဆက်မသွားသင့်ဘူးလို့ ထင်တယ်။ ပဋိပက္ခဒေသမှာဖြစ်နေတဲ့ လူတွေရဲ့ ကိုယ်စားပြုမှုက ဒီငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ မပါဘူး။
ကျွန်မက မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကို သွားလေ့လာတယ်၊ အခြေခံမူတစ်ချက်နဲ့ ပတ်သက်ပြီးတော့ အဖွဲ့အစည်း ၅ ခုက ၅ မိနစ် ဆွေးနွေးခွင့်ရှိတယ်။ ဘယ်အကြောင်းအရာကိုပဲ ဆွေးနွေး၊ ဆွေးနွေး အဲ့ဒီ လူပုဂ္ဂိုလ်ပဲ ၅ ကြိမ်မှာ သူက ၄ ကြိမ်လောက် ဆွေးနွေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ် ၂ဝ ကျော်ထဲမှာ ဆွေးနွေးတဲ့သူက နှစ်ယောက်လောက် ပဲ။ မပြင်ဆင်ထားဘူးလား ဆိုတာ မေးခွန်းထုတ်စရာပါ။ မေးကြည့်တော့ အခြေခံမူက ပွဲမလုပ်ခင် ညနေကမှရတာလို့ ပြောတယ်။ စစ်တပ်ဘက်ကကျတော့ ခေါင်းစဉ် ပြောလိုက်တာနဲ့ လူတစ်ယောက်က ထပြီးတော့ သေသေချာချာ ရိုက်ပြီးထားတဲ့ စာရွက်နဲ့ထုပ်ထားတဲ့ စာကို ဖတ်နေတာလေ။ ထပြောတိုင်းမှာ သူတို့ဘက်ကတော့ လူမထပ်ဘူး။ တို့ပြည်တို့မြေဆိုပြီး ကာကွယ်ချင်တယ်၊ လိုချင်တယ်၊ တို့ပြည်တို့မြေမှာ တို့ခြေထောက်နဲ့ တို့ရပ်တည်ချင်တယ်ဆိုတဲ့ဟာနဲ့ နှစ်ပေါင်း ၅ဝ၊ ၆ဝ ကျော် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြေယာနဲ့သဘာဝ ခေါင်းစဉ်အောက်မှာ ဘာလို့ မဆွေးနွေးနိုင်တာလဲ။
ဒုတိယပင်လုံညီလာခံမှာ ကချင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မ စိုးရိမ်ပါတယ်။ ပြောချင်တာက မြန်မာတွေက အများကြီးလို့ ပြောချင်တာ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဆိုတာ တိုင်းရင်းသားအရေး ပဋိပက္ခကို ဖြေရှင်းတာဖြစ်တယ်။ ဒါပေမဲ့ တိုင်းရင်းသားက နည်းနည်းပဲ ပါနေတယ်။ ဘာမှ ပဋိပက္ခမဖြစ်တဲ့ တိုင်းနဲ့ ပြည်နယ်တွေက ကိုယ်စားပြုတဲ့ လူတွေက ငါးယောက်၊ ပဋိပက္ခဒေသမှာ ကိုယ်စားပြုတဲ့သူတွေက ငါးယောက်၊ အဲ့ဒါက အချိုးညီမျှတယ်လို့ ပြောလို့မရဘူး။ ဥပမာ ကျွန်မတို့ ကိုယ်ဝန်ဆောင်အမျိုးသမီးက ထမင်း နှစ်ပန်းကန်၊ လူနှစ်ယောက်စာ စားရမှာလေ။ ကိုယ်ဝန် မဆောင်တဲ့ ကျွန်မက တစ်ပန်းကန်မစားဘူး၊ တစ်ဝက်ဆို ဝပြီ။ အကုန်လုံးကို ထမင်း တစ်ပန်းကန်ပဲ ပေးတာ၊ အချိုးညီညီမျှမျှပေးတာ မဟုတ်ဘူး။ ပြောချင်တာက မလိုတဲ့သူကိုလျှော့၊ လိုတဲ့သူကို များများခေါ်ရမှာလေ။ အချိုးညီညီမျှမျှဆိုတာ ထမင်းစားဝပြီလားလို့ မေးလိုက်ရင် အားလုံး ညီညီမျှမျှနဲ့ ဝပြီလို့ပြောမှ ညီမျှတယ်လို့ပြောရမှာပါ။ ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ ပဋိပက္ခဖြစ်တဲ့ဒေသနဲ့ မဖြစ်တဲ့ဒေသ ကိုယ်စားပြုမှု အရေအတွက် အတူတူခေါ်တာ။ ကိုယ်စားလှယ် ကိုယ်စားပြုမှုလုပ်တာ တရားမျှတမှုမရှိဘူး။
ပြည်သူလူထုပါဝင်မှ ခိုင်မာတဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်မယ်။ ခိုင်မာတဲ့ ဖွံ့ဖြိုး တိုးတက်မှုဖြစ်မယ်။ ပြည်သူလူထုထဲမှာ အမျိုးသမီးကိုယ်စားလှယ်၊ လူငယ်ကိုယ်စားလှယ်၊ နိုင်ငံရေးခေါင်းဆောင်၊ အရပ်ဘက်လူ့အဖွဲ့အစည်းဆိုတဲ့ လေးခုရှိတယ်။ အဲ့ဒီလေးခုမှာ အရပ်ဘက်လူ့အဖွဲ့အစည်းက လေ့လာသူပဲ၊ အမျိုးသမီးလည်း လေ့လာသူအဆင့်ပဲ ရတယ်။ လူငယ်ကတော့ ဇီးရိုးပဲ (လုံးဝ မရ)။ ဘာသာရေးခေါင်းဆောင် ဇီးရိုးပဲ။ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ရမယ်၊ အဲ့ဒါက NCA ထိုးပြီးမှ လုပ်ရမှာလေ။ KIO/KIA က မထိုးထားရင် တက်ရောက်ခွင့် မရှိဘူး။ အဲ့ဒီတော့ ကချင်တွေက ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မရဘူး။
မေး – ဒုတိယပင်လုံမှာ အမျိုးသမီး ၁၇ ရာခိုင်နှုန်း ပါဝင်လာတာကို ဘယ်လိုမှတ်ချက်ပြုချင်လဲ။
ဖြေ – ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာ အမျိုးသမီးပါဝင်ရေး ကျွန်မတို့ပြောတယ်။ ပြောတဲ့အတိုင်း ၁၇ ရာခိုင်နှုန်း တက်လာတယ်။ ကျွန်မ လေ့လာသူအဖြစ် တက်ရောက်ခွင့်ရခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံမှာ ပဋိပက္ခ ဖြေရှင်းတဲ့ အစည်းအဝေး ဆိုပေမယ့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီးတော့ မည်သူ တစ်ဦးတစ်ယောက်မှ ဆွေးနွေးခြင်း၊ ပြောခြင်း မရှိဘူး။ ဆွေးနွေးတဲ့ အခြေခံဥပဒေ (၆) ချက် ထဲမှာလည်း မပါဘူး။ အရမ်း ယေဘုယျ ဆန်နေလားဆိုတာကိုတော့ ဆွေးနွေးဖို့ လိုပါတယ်။
မေး – ပြည်တွင်းစစ် အရှိန်လျော့လာအောင် တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ဘာလုပ်သင့်ပါသလဲ။
ဖြေ – ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်သရွေ့ ပြည်တွင်းစစ် ငြိမ်းလာမယ်လို့ မထင်ပါဘူး။ တပ်မတော်က ၂ဝဝ၈ ကို ပြင်ဖို့ ဆန္ဒရှိဖို့ လိုပါတယ်၊ တပ်မတော်က ထိုးစစ်ဆင်တာကို ရပ်ဖို့လိုပါတယ်။ ထိုးစစ်ဆင်တာ ရပ်ဖို့တော့ ပိုပြီး အရေးကြီးပါတယ်။ အခု ဆွမ်ပရာဘွမ်၊ ပူတာအိုဘက်တွေမှာဆို လမ်းပေါ်မှာ စစ်ကားတွေ ပြည့်နေတာပဲ။ တပ်မတော်ကို ပြောဖို့အတွက် နိုင်ငံတကာရဲ့ဖိအား လိုပါတယ်။ ။