ဆောင်းပါး

အမျိုးသမီးအင်အား လိုအပ်နေသော မြန်မာပြည်ငြိမ်းချမ်းရေးဖော်ဆောင်မှု

ရှမ်းပြည်နယ်၊ နမ္မတူမြို့ KBC  စစ်ရှောင်စခန်းအတွင်း တဲတစ်လုံးအဝင်ဝတွင်   အပ်ချုပ်စက်တစ်လုံးက နေရာယူထားပြီး မီးဖိုချောင်သုံး ပစ္စည်းများက ဟိုတစ်စဒီတစ်စ ရှိနေသည်။ ယင်းအခန်းလေးထဲတွင် ဒေါ်ရွယ်ဆမ်နှင့် ဧည့်သည်အမျိုးသားတစ်ဦး စကားစမြည်ပြောနေကြ၏။

‘‘ဒီမီးဖိုက ကျွန်မတို့ဘာသာ လုပ်ထားတာပါ။ အဲ့ဒါကို သေသေချာချာလုပ်ပြီး စျေးကွက်မှာ ပြန်ရောင်းချင်ပါတယ်’’ ဟု အမျိုးသမီးက ပြောလိုက်ရင်း မီးဖိုအတွင်းရှိ ထင်းနှင့် မီးခဲများကို ဖြန့်ချလိုက်သည်။

မီးခိုးအူနေသည့် မီးဖိုကိုကြည့်နေသူ အမျိုးသားက သူ၏ အထက်အဖွဲ့အစည်းသို့တင်ပြမည်ဖြစ်ကြောင်း၊ အဆင်ပြေမည်ဟုယူဆကြောင်း ပြန်ပြောလိုက်၏။

အသားအရေ ဝါဖန့်ဖန့်၊ စကားကို အသံတည်တည်ငြိမ်ငြိမ်ဖြင့် ပြောတတ်သည့် ဒေါ်ရွယ်ဆမ်၏ မျက်ဝန်းများနှင့် လက်များက အစဉ်မပြတ် လှုပ်ရှားနေတတ်သည်။  လမ်းကို  ခပ်သွက်သွက် လျှောက်လေ့ရှိသည်။   ခင်ပွန်းသည် ကွယ်လွန်သွားပြီဖြစ်သောကြောင့် သားသမီး ၆ ဦးကို တစ်ယောက်တည်း အုပ်ထိန်းလာသူ ဒေါ်ရွယ်ဆမ်က စခန်းရှိ မူကြိုကျောင်းတွင် အလုပ်လုပ်နေသူဖြစ်သည်။

‘‘လူကြီးတွေက ဘာကြောင့်ကျွန်မကို ခေါင်းဆောင်လုပ်ဖို့ ရွေးလိုက်လဲ ဆိုတာတော့ မသိဘူး။ ဒါပေမယ့် ကျွန်မတာဝန်ကို ကျွန်မ ကျေအောင်လုပ်ရမှာပေါ့’’ ဟု ဒေါ်ရွယ်ဆမ်က ဟင်းချက်နေရင်း ပြောသည်။

မိသားစုစားဝတ်နေရေးအတွက် ဦးဆောင် ရုန်းကန်နေသူ၊ လက်မှုပစ္စည်းများ ထုတ်လုပ်သူ၊ စခန်းအတွင်းရှိ ပြဿနာများကို ဒိုင်ခံဖြေရှင်းရာတွင် ပါဝင်ရသူ ဒေါ်ရွယ်ဆမ်သည် အလုပ် လွန်စွာ များပြားသော်လည်း သူကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်တစ်ခု ရှိနေသည်။ ယင်းမှာ ၎င်းတို့ကို နေရပ်စွန့်ခွာထွက်ပြေးစေသော ပြည်တွင်းစစ် ရပ်စဲရန်အတွက် ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

သို့သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အရေးပါသော ကဏ္ဍများတွင် အမျိုးသမီးများကို နေရာပေးမှု အားနည်းခြင်းက ၄၈ နှစ်အရွယ် ဒေါ်ရွယ်ဆမ်ကဲ့သို့သော ထက်မြက်သူတို့လျှောက်နေသောလမ်းတွင် အဟန့်အတားကြီးဖြစ်နေသည်။

ဓာတ်ပုံ – မြခြူ

တိုက်ပွဲကြားထဲ ဖြတ်သန်းရသူ

မန်တုံမြို့နယ်အတွင်းရှိ ဒေါ်ရွယ်ဆမ်တို့၏ မန်ဆန်ရွာ အပါအဝင် ကျေးရွာများသည် ၂ဝ၁ဝ ပြည့်နှစ်နောက်ပိုင်း ပြည်တွင်းစစ်ဒဏ် ပိုမို ခံလာရသည့် နောက်ဆက်တွဲအဖြစ် အိမ်နီးချင်း နမ္မတူမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများ ပေါ်ပေါက်လာခဲ့သည်။

တိုက်ပွဲများနှင့် မည်သို့သက်ဆိုင်သည် မသိသော်လည်း ၂ဝ၁၆ မှစ၍ စခန်းများ၌ မူးယစ်ဆေးသုံးစွဲမှု မြင့်တက်လာခဲ့သည်။ အကျိုးဆက်အဖြစ် မိသားစုတွင်း အကြမ်းဖက်မှု ပြဿနာများက ဒေါ်ရွယ်ဆမ်ထံသို့ ရောက်ရှိလာလေသည်။

‘‘ဒါတွေဖြစ်နေရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ စစ်ပွဲတွေဟာ အဓိကအကြောင်းရင်းတစ်ခုပဲ’’ ဟု မျက်မှောင်ကြုတ်ထားသည့် ဒေါ်ရွယ်ဆမ်က ဒေသအကြိုက် ချဉ်ရေဟင်းလုပ်ရန် ဆွန်ထန်ခြောက်များကို ရေနွေးပူထဲ ပစ်ထည့်လိုက်ရင်း ပြောလိုက်သည်။

‘‘ကျွန်မတို့ကို ကာကွယ်တယ်ဆိုတာ ဘာကိုပြောတာလဲလို့ အဲ့ဒီ စစ်တိုက်နေကြတဲ့ သူတွေကို ပြောချင်တယ်’’ ဟု ဟင်းရည်အိုးထဲ လိုအပ်သည်များထည့်ရင်း တရစပ်ပြောနေသည်။  ထို့နောက် ထင်းချောင်းတစ်ခုပေါ် ထိုင်ကာ ခဏနားလိုက်ရင်း ‘‘ကျွန်မတို့တွေ CAMP တွေမှာ နေဖို့ လုပ်ပေးနေတာကို ပြောတာလား’’ ဟု အသံမာမာဖြင့် ပြောလိုက်သည်။

‘‘ဒီလိုဒုက္ခတွေဘာကြောင့် ဖြစ်ရလဲဆိုတာကို သိချင်လာတယ်၊ ဒီအတွက် ကျွန်မစာတွေဖတ်တယ်၊ သတင်းတွေနားထောင်တယ်၊ ဒါပေမယ့် ကျွန်မ အခုထိနားမလည်ဘူး’’
စာဖတ်ဝါသနာပါခြင်းကလည်း ဒေါ်ရွယ်ဆမ် ခေါင်းဆောင်နေရာ  ရောက်လာရေးအတွက် အထောက်အကူ ဖြစ်မည်ဟု ယူဆကြောင်း   ဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။

‘‘သူက စာဖတ်ဖို့ မပျင်းဘူး။ စာဖတ်တော့ဘာဖြစ်လဲဆိုတော့ သူ့လူတွေကို သူကိုယ်တိုင် စီမံခန့်ခွဲနိုင်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်တွေမှာလည်း အများကြီး ကူညီပေးနိုင်တယ်’’ ဟု ၎င်းက မှတ်ချက်ချသည်။

ဒေါ်ရွယ်ဆမ်သည် နမ္မတူရှိ အခြားသော စစ်ရှောင်စခန်းများအတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး ကိစ္စရပ်များအတွက်လည်း စေတနာ့ဝန်ထမ်းအဖြစ်  ကူညီနေသူဖြစ်သည်။ နံနက် ၄ နာရီမှ  ည ၉ နာရီအထိ အလုပ်အချိန်ဇယား ပြည့်နှက်နေသည့် ဒေါ်ရွယ်ဆမ်၏ အတွေးထဲတွင် စခန်းအတွင်း လိုအပ်ချက်များကို မိမိတို့၏ ခွန်အားဖြင့် ဖြည့်ဆည်းနိုင်ရေးလည်း ပါဝင်နေသည်။

‘‘ကျွန်မတို့ကို ကူညီနေသူတွေက အမြဲမကူနိုင်ဘူး။ ပြီးတော့ ကလေးတွေရဲ့ပညာရေးလည်း ရှိတယ်။ဒီတော့ ကိုယ်တိုင် ရုန်းကန်ရမယ်လို့ပဲ တွေးတယ်’’ ဟု   ပန်းကန်များကို သိမ်းဆည်းရင်း ပြောပြသည်။

စုပေါင်းလုပ်ကိုင်နိုင်သည့် လုပ်ငန်းတစ်ခုကို ဖော်ဆောင်နိုင်ရန် ပညာရပ်အချို့ကို လေ့လာ သင်ယူလျက်ရှိသည်။ လောင်စာနည်း ထင်းမီးဖို၊ သဘာဝကုန်ကြမ်းသုံး ဆပ်ပြာ၊ ခေါင်းလျှော်ရည်တို့ကို  လေ့လာ ဖန်တီးထားပြီးဖြစ်သည်။

ဓာတ်ပုံ – မြခြူ

အမျိုးသမီးတို့၏အသံ နားထောင်ခြင်း

တိုက်ပွဲများကြောင့် အများဆုံး ထိခိုက်နစ်နာရသူတို့မှာ အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ ဖြစ်ကြောင်း နိုင်ငံတကာ  စစ်တမ်းများက အဖြေထုတ်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

သန်မာသည့် အမျိုးသားများက စစ်အေးချိန်တွင်   အိုးအိမ်ပိုင်ဆိုင်မှုများကို စောင့်ရှောက်ရန် နေရပ် ပြန်လေ့ရှိကြသည် ဆိုသောကြောင့် ကျန်ရစ်သည့် အမျိုးသမီးနှင့် ကလေးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် လိုအပ်ချက်များရှိနေကြောင်း နမ္မတူရှိ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တချို့ထံမှ သိရသည်။

၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ၏ လူမှုရေးကဏ္ဍမူဝါဒ သဘောတူညီချက် ၄ ခုတွင် သက်ကြီးရွယ်အို၊ မသန်စွမ်း၊ အမျိုးသမီး၊ ကလေးများ၏ အခြေခံရပိုင်ခွင့်နှင့် အခွင့်အရေးများကို လူမျိုး၊ ဘာသာ၊ ဆင်းရဲ၊ ချမ်းသာ မခွဲခြားဘဲ ထိရောက်စွာ ကာကွယ်စောင့်ရှောက်ရန်၊ လူမှုဘဝမြှင့်တင်မှုကို ဆောင်ရွက်ရန်ဟူသည့် အချက်လည်း ပါဝင်သည်။

ယင်းသဘောတူညီချက် ထွက်ပေါ်လာသည်မှာ  ငါးလကြာပြီ ဖြစ်သော်လည်း နမ္မတူ စစ်ရှောင်စခန်းများရှိ ထိခိုက်နစ်နာရသူများအတွက် လှုပ်ရှားဆောင်ရွက်မှု တစ်စုံတစ်ရာမရှိသေးကြောင်း စစ်ဘေးရှောင်တို့ကို ကူညီနေသည့်  ရှမ်းပြည်နယ် ကချင်နှစ်ခြင်း အသင်းတော်များအဖွဲ့မှ  ဒေါ်ခေါင်နန်းက ပြောသည်။

‘‘ဒီသဘောတူညီချက်တွေကို အကောင်အထည် မဖော်နိုင်သေးဘူးဆိုရင်တောင် တကယ်တိုက်ရိုက် သက်ဆိုင်တဲ့ သူတွေကို သိအောင်ပြောပေးသင့်တယ်။ သူတို့စကားသံတွေကို နားထောင်သင့်တယ်’’ ဟု အသင်းတော်မှ အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးလုပ်ငန်းတာဝန်ခံ ဒေါ်ခေါင်နန်းက သုံးသပ်သည်။

‘‘ကျွန်မတို့ တကယ်မြေပြင်မှာထိတွေ့နေရတဲ့ အသံတွေကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ မပို့နိုင်သေးဘူး။ ဆွေးနွေးနေသူတွေက ဘယ်လိုအချက်အလက်တွေရယူလဲ ဆိုတာကိုတော့ မသိဘူး’’

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက မငြိမ်းချမ်းသည့် အတွက် စစ်ရှောင်စခန်းသို့ သွားရောက် ခိုလှုံရသူများ၊  အမျိုးသမီးများကိုလည်း  ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် မေ့မထားသင့်ကြောင်း ထောက်ပြသည်။

‘‘ကျွန်မတို့ ဒီလူတွေအတွက် ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပေးနိုင်သေးဘူး။ ဒါဟာ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ပြည်နဲ့အစိုးရတို့ရဲ့ ညှိနှိုင်းဆွေးနွေးတာမျိုးတွေ မရှိတာကြောင့် ဖြစ်တယ်’’ ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည့် ဒေါ်စောမြရာဇာလင်းက ပြောသည်။

ရန်ကုန်အခြေစိုက် ငြိမ်းချမ်းရေးအတွက် ကျား၊ မ တန်းတူရေး မဟာမိတ်အဖွဲ့မှ  ပြန်ကြား/ဆက်သွယ် တာဝန်ခံအရာရှိ ကိုကောင်းလတ်က ငြိမ်းချမ်းရေး ဆွေးနွေးရာတွင်  အမျိုးသမီးတို့ကို ဖိတ်ခေါ်ရန် မပျက်ကွက်သင့်ဟူသော အချက်ကို သဘောတူသူ ဖြစ်သည်။

‘‘ကျွန်တော်တို့က Camp (စခန်း) တွေကို ကိုယ်စားပြုတဲ့ အမျိုးသမီးတွေကိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ပါဝင်လာနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားနေပါတယ်’’ ဟု ကိုကောင်းလတ်က ဆိုသည်။

ဓာတ်ပုံ – မြခြူ

အမျိုးသမီးစွမ်းအင်

အမျိုးသမီးများ ရင်ဆိုင်နေရသည့် လိင်စော်ကားခံရမှု အပါအဝင် ပြဿနာများစွာနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် သိရှိအဖြေရှာနိုင်ရန်အလို့ငှာ တိုက်ပွဲကြားတွင် ဖြတ်သန်းနေရပြီး ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်လိုသော အမျိုးသမီးတို့ကို ဆွေးနွေးပွဲသို့ ပို့ဆောင်ရေးမှာ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်နေသည်။

၂၁ ရာစုပင်လုံဆွေးနွေးပွဲများ အစပြုချိန်တွင် အမျိုးသမီး ၁၃ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး နောက်ဆုံး ဆွေးနွေးပွဲများတွင် ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ခြင်းမှာ သိသာ ထင်ရှားသည့် တိုးတက်ဖြစ်ထွန်းမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း အရေးကြီး ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် နေရာများတွင်မူ အမျိုးသမီးတို့ ပါဝင်နိုင်ခွင့် မရှိသေးချေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ် ၃ဝ ရာခိုင်နှုန်း  အနည်းဆုံး ပါဝင်ရေး ဟူသော သတ်မှတ်ချက််အတိုင်း အမှန်တကယ် ဖြစ်လာရန် ကြိုးစားနေရဆဲပင် ဖြစ်သည်။

ငြိမ်းချမ်းရေးစားပွဲသို့ သွားရောက်သူများအနက်  မြေပြင်အခြေအနေမှန်ကို စုံစမ်းသိရှိထားသူ မည်မျှပါဝင်သည်ဆိုသည်က ဒေါ်ရွယ်ဆမ် မေးလိုသည့် မေးခွန်းတစ်ခုဖြစ်၏။

ထိုကဲ့သို့သော ဖြစ်ရပ်များအတွက် စစ်ပွဲများကြောင့် အမျိုးသမီးများအပါ ထိခိုက်နစ်နာမှု၊ ပဋိပက္ခ ဖြေရှင်းရေးတွင် အမျိုးသမီးများ၏ အရေးပါမှုနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတို့နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးအလေးထားဆုံးဖြတ်ထားသည်။ လုံခြုံရေးကောင်စီ၏ သက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သော အဆိုပါ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့များက လေးစားလိုက်နာကြရန် ပြည်တွင်းပြည်ပအဖွဲ့များက တောင်းဆိုထားကြသည်။

ဒုက္ခသည်စခန်းတွင် ဒေါ်ရွယ်ဆမ်တို့ တီထွင်ထားသော လောင်စာနည်း ထင်းမီးဖို (ဓာတ်ပုံ – မြခြူ)

ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးကြစဉ် အမျိုးသမီးများ၊ လူမှုအဖွဲ့အစည်းများ ပါဝင်လျှင်  သဘောတူညီမှုပျက်ပြားမှု ၆၄ ရာခိုင်နှုန်း လျော့နည်းစေသည်၊ သဘောတူညီချက် ရေရှည်ခိုင်မြဲမှုကိုလည်း ၃၅ ရာခိုင်နှုန်း ပိုမိုစေနိုင်သည်ဟု ကုလသမဂ္ဂအမျိုးသမီးအဖွဲ့က မှတ်တမ်းပြုထားသည်။

စေတနာ့ဝန်ထမ်း ဒေါ်ရွယ်ဆမ်က လူသုံးကုန်ပစ္စည်းလေးများ ထုတ်လုပ်ရင်း သူ၏ ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သူဖြစ်သည်။ အရွယ်ရောက်လာသော အကြီးဆုံးကလေးက စင်ကာပူတွင် သွားရောက်အလုပ်လုပ်နေပြီး၊   အငယ်ဆုံးမှာ စတုတ္ထတန်းတက်နေသည်။

သူ့တွင်မျှော်လင့်ချက်တစ်ခုရှိနေသည်။ သူ့မေးခွန်းများကို ဖြေပေးနိုင်မည့်သူ (သို့မဟုတ်) သူတို့အကြောင်း စိတ်ဝင်တစားသိလိုသည့် လက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူတို့ကို တွေ့ဆုံလိုသည့် မျှော်လင့်ချက်ဖြစ်သည်ဟု စစ်ရှောင်စခန်းရှိ လူဦးရေ ၁၉၅ ဦး အသုံးပြုသည့် တစ်ခုတည်းသော ရေကန်ဘေးတွင် အဝတ်လျှော်ဖွပ်ရင်း ဒေါ်ရွယ်ဆမ်က ပြောသည်။

‘‘ကျွန်မတို့ကို ကာကွယ်ဖို့ တိုက်ခိုက်ကြတယ်။ အဲ့ဒါဟာ ဘယ်လိုမှကာကွယ်ရာ မရောက်ဘူးဆိုတာကို သူတို့ကို သိစေချင်တယ်’’ ဟု ငြိမ်းချမ်းရေးဖြစ်စဉ်၏ တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ချင်သူ  ဒေါ်ရွယ်ဆမ်က ပြောလိုက်သည်။     ။

Show More

Related Articles

Back to top button