စစ်တပ်၏ အမည်ခံ ငြိမ်းချမ်းရေးဖိုရမ်ကို တက်ရောက်ခဲ့သော နိုင်ငံရေးသမားများသည် လူထုတစ်ရပ်လုံး စစ်ဖိနပ်အောက်မှ မျိုးဆက်လိုက် မလွတ်မြောက်နိုင်စေရန် စစ်ကျွန်ဇာတ်သွင်းခြင်းကို တက်ကြွစွာ ကူညီနေခြင်းပင် ဖြစ်သည်။ ထိုအချက်ကို အကြောင်းမဲ့ပြောခြင်းမဟုတ်ဘဲ ဆင်ခြင်နိုင်ရန် အထောက်အထားဖြင့် တင်ပြပါမည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွေးကောက်ခံအရပ်သားအစိုးရထံမှ လက်နက်အင်အားသုံး၍ အတင်းအဓမ္မအာဏာသိမ်းရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ခွင့်ပြုမထားပေ။ ထို့ကြောင့် ၂၀၀၈ ခြေ/ဥကို ဖောက်ဖျက်ခဲ့သော မင်းအောင်လှိုင်ကို ကုလသမဂ္ဂနှင့် အာဆီယံအသင်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ယနေ့အချိန်အထိ တရားဝင်အသိအမှတ်မပြုခြင်း ဖြစ်သည်။
သို့သော် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းခြင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ “အာဏာထိန်းခြင်း” ဖြစ်သည်ဟု လိမ်ညာခဲ့သည်။ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခဲ့ကြသော အဆိုပါ နိုင်ငံရေးသမားတစ်သိုက်ကလည်း စစ်တပ်လေသံအတိုင်း “အာဏာထိန်းခြင်းပါ” ဟု ပြည်တွင်းမီဒီယာများ ရှေ့မှောက်တွင် ဗြောင်လိမ်ညာပြောဆိုနေကြသည့် သက်သေအထောက်အထားများ များစွာရှိနေပြီဖြစ်သည်။
၎င်းတို့ပြောသကဲ့သို့ “အာဏာထိန်းသည်” ဆိုလျှင်ပင် ယင်း၏အဓိပ္ပာယ်မှာ အနာဂတ်တွင်လည်း စစ်တပ်သည် ရွေးကောက်ခံအစိုးရတစ်ရပ်ကို အချိန်မရွေး ဖြုတ်ချပိုင်ခွင့်ရှိသည့် အာဏာကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက တရားဝင်ခွင့်ပြုထားသည်ဟု အဆိုပါ နိုင်ငံရေးသမားများ လက်ခံအတည်ပြုပေးလိုက်ကြ ခြင်းပင် ဖြစ်သည်။
ဤနည်းဖြင့် စစ်တပ်သည် တရားမဝင်သိမ်းယူထားသော နိုင်ငံတော်အာဏာကို တရားဝင်စေရန် “ခဝါချခြင်း” ကို နိုင်ငံရေးသမားတစ်သိုက်က ပူးပေါင်းကူညီနေကြခြင်း ဖြစ်သည်။ ထိုနိုင်ငံရေးသမားများ၏ လုပ်ရပ်ကြောင့် အနာဂတ် မြန်မာ့နိုင်ငံရေးလောကသည် စစ်ဖိနပ်အောက်သို့ ပြားပြားမှောက် ရောက်ရှိသွားပေလိမ့်မည်။ မင်းအောင်လှိုင်အလွန် စစ်ခေါင်းဆောင်သစ်များသည် ထိုအခွင့်အရေးကို လုံးဝလက်လွှတ်ဆုံးရှုံးခံမည် မဟုတ်ပေ။
ယင်းလုပ်ရပ်သည် နိုင်ငံရေးသမားများကိုယ်တိုင် ပြည်သူလူထုကို စစ်ကျွန်ဇာတ်သွင်းခြင်းမှလွဲ၍ အခြားမရှိပြီ။ သို့ဖြစ်ရာ ထိုနိုင်ငံရေးသမားများ ယုံကြည်ခံယူသော နိုင်ငံရေးအယူဝါဒနှင့် နိုင်ငံရေးစံနှုန်းများသည် ဒီမိုကရေစီစံနှုန်းများ မဖြစ်နိုင်တော့ပေ။ ၎င်းတို့နှုတ်ဖျားမှ အလေ့ကျပြောဆိုနေသော ဒီမိုကရေစီစနစ် တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေး စကားလုံးများသည် အလိမ်အညာများသာ ဖြစ်ပေလိမ့်မည်။
ထိုနိုင်ငံရေးသမားတစ်သိုက်သည် ၎င်းတို့၏ တစ်ကိုယ်စာ နိုင်ငံရေးလုပ်ပိုင်ခွင့်ရရှိရေးအတွက်၊ နိုင်ငံရေးတွင် “ခွေးကတက်က နေရနေရ” အာဏာသိမ်းစစ်ခေါင်းဆောင်၏ စစ်ဖိနပ်ရှေ့ ဒူးထောက်အညံ့ခံကြသော “မူမဲ့” နိုင်ငံရေးသမားများ သို့မဟုတ် နိုင်ငံရေးအယူဝါဒတစ်ခုအပေါ် အခြေမခံဘဲ နိုင်ငံရေးလုပ်ပိုင်ခွင့်ရရှိရေးကိုသာ အလေးထားသော အညံ့စားနိုင်ငံရေးသမားများ ဖြစ်သည်။
ထိုနိုင်ငံရေးသမားများသည် စစ်တပ်က အာဏာသိမ်းခြင်းကို မေးခွန်းမထုတ်၊ မဆန့်ကျင်ရဲကြပါ။ စစ်တပ်က ပြည်သူများကို သတ်ဖြတ်နေခြင်းကို အသံကျယ်ကျယ် မပြောရဲကြဘဲ၊ စစ်တပ်ကို လက်နက်စွဲကိုင် တော်လှန်နေသော ပြည်သူကိုသာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသူများအဖြစ် ပြောဆိုနေကြသည်။ ၎င်းတို့မျက်မှောက်တွင် ဖြစ်ပျက်နေသော သက်ရှိသမိုင်းမှန်များကို ပုံဖျက်ခြင်း၊ စစ်တပ်ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို မမြင်လေဟန် ဖုံးကွယ်ပေးခြင်းဖြင့် အားပေးအားမြှောက်ပြုနေသူများအဖြစ် ရောက်ရှိ နေကြပြီ ဖြစ်သည်။
ပြည်သူကို စစ်ကျွန်ဇာတ်သွင်းရန် စစ်တပ်ကို ကူညီနေရုံမျှမက၊ စစ်တပ်၏ သတ်ဖြတ်ရက်စက်မှုမှန်သမျှကို ၎င်းတို့၏ နိုင်ငံရေးဘဝရှင်သန်နိုင်ရေးအတွက် အဂတိတရားကြီးစွာဖြင့် မျက်ကွယ်ပြုထားကြသည်။ ထိုသူတို့ ၏ လုပ်ရပ်သည် ပြည်သူ့အကျိုးအတွက်မဟုတ်ဘဲ၊ ၎င်းတို့၏ အာဏာနိုင်ငံရေးအတွက် လုပ်ကိုင်နေခြင်း ဖြစ်သည်။ နောင်တစ်ချိန် ၎င်းတို့သည် စစ်ဗိုလ်ချုပ်များနှင့်တန်းတူ ခုံရုံးတင် တရားစီရင်ခံထိုက်သူများ ဖြစ်ကြ ပေလိမ့်မည်။
ထို့ကြောင့် ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်ခြင်းဖြင့် စစ်ခေါင်းဆောင်၏ တရားမဝင်အာဏာ ခဝါချပွဲကို ပူးပေါင်းကူညီခဲ့ကြသော နိုင်ငံရေးသမားတစ်သိုက်သည် မည်သည့်အခါမျှ ပြည်သူတို့၏ နှလုံးသားနှင့် ထောက်ခံမှုကို ရရှိနိုင်မည်မဟုတ်ပါ။ ထိုနိုင်ငံရေးသမားတစ်သိုက်ကြောင့် မြန်မာ့နိုင်ငံရေးလောက စစ်ဖိနပ်အောက် ရောက်ရှိသွားခြင်းသာ အဖတ်တင်ကျန်ရစ်ပေတော့မည်။ နွေဦးတော်လှန်ရေး အောင်မြင်မှသာလျှင် စစ်ဖိနပ်အောက်မှ လွတ်မြောက်နိုင်မည်ဖြစ်ကြောင်း ဆောင်းပါးရှင် ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။


