သတင်း

ပင်လုံညီလာခံတွင် ကျား/မ တန်းတူညီမျှရေး အဓိကထား ဆွေးနွေး

(နေပြည်တော်) — ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဇူလိုင် ၁၁ တွင် ပြန်လည် စတင်ရာ ကျား/မ အခွင့်အရေး တန်းတူညီမျှရေးကို နိုင်ငံရေးကဏ္ဍ အချက် ၄ ချက် အနေဖြင့် ဆွေးနွေး ခဲ့သည်။

UPDJC ဒုတိယဥက္ကဋ္ဌ ဆလိုင်းလျှံမှုန်းဆာခေါင်းက နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်နေခြင်းကြောင့် ကျား/မ တန်းတူ ညီမျှရေးမှာ အရေးကြီးသည့် ကိစ္စရပ်တစ်ခု ဖြစ်သည်ဟု ပြောသည်။

ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံတွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်နိုင်ရေးကို အားပေး ဆောင်ရွက်သွားရန် သဘောတူညီမှု ရှိထားပြီး ဖြစ်သည်ဟု ၎င်းက ပြောသည်။

သို့သော်လည်း ထိုသဘောတူညီချက်မှာ ကာလအတိုင်းအတာ တစ်ခုအတွက်သာ ဖြစ်သည်ဟု ဆိုသည်။

“အဲဒီလိုလုပ်ဖို့က လတ်တလော လိုအပ်ချက်အရ ဆောင်ရွက်တာဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီးတွေ အရည်အချင်းတွေ မြှင့်တင်လာမယ်ဆိုရင် လူ့အဖွဲ့အစည်းကြီးကလည်း တိုးတက်လာမယ်ဆိုရင် ဒီ ၃ဝ ရာခိုင်နှုန်းတို့ ဘာတို့ လိုတော့မှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့် ကြိုးပမ်းဆောင်ရွက်ရန် ဟူသော အချက်ကို ညီလာခံ၏ နိုင်ငံရေးကဏ္ဍ ဆွေးနွေးချက် ၄ ချက်တွင်သာမက လူမှုရေးကဏ္ဍ ဆွေးနွေးချက် ၇ ချက်တွင် ပထမဆုံးအချက်အနေဖြင့် ဆွေးနွေးထားသည်။

၂၁ ရာစု ပင်လုံ တတိယအကြိမ်ညီလာခံတွင် နိုင်ငံရေးကဏ္ဍတွင် ၄ ချက်၊ စီးပွားရေး ကဏ္ဍတွင် ၁ ချက်၊ လူမှုရေးကဏ္ဍတွင် ၇ ချက်နှင့် မြေယာ ကဏ္ဍတွင် ၂ ချက် စုစုပေါင်း အချက် ၁၄ ချက် ညီလာခံသို့ ပြည်ထောင်စု သဘောတူစာချုပ်၏ ဒုတိယအစိတ်အပိုင်း အဖြစ် တင်သွင်းနိုင်မည်ဖြစ်သည်။

လူမှုရေး ကဏ္ဍ အချက် ၇ချက်တွင်လည်း အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့် ကျား/မ တန်းတူ ညီမျှရေးကို ပထမအချက်အနေဖြင့် ဆွေးနွေးထားသေးသည်။

လူမှုရေး ကဏ္ဍ ၇ ချက်တွင် ပြန်လည်နေရာချထားရေး၊ ထူထောင်ရေး၊ ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်ဆင့်၊ အကောင်အထည်ဖော်မှု အဆင့်ဆင့်တွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ဆိုသည့် အချက်ကို ထည့်သွင်းထားသည်။

UPDJC အဖွဲ့ဝင် KNU ဗဟို ကော်မတီဝင် မန်းငြိမ်းမောင်က အမျိုးသမီး ၃ဝ ရာခိုင်နှုန်း ပါဝင်ရန် ဆိုသည်မှာ ယေဘုယျဆန်သည်ဟု ဆိုသည်။

“၃ဝ ရာခိုင်နှုန်းရအောင် ကြိုးပမ်းသွားမယ်၊ ယေဘုယျသဘောထားပေါ့နော်၊ မူပဲရှိသေးတယ်။ အများကြီးပြောရမှာ”ဟု ဆိုသည်။

နိုင်ငံရေးကဏ္ဍတွင် တင်သွင်းမည့် အဆိုပြုချက်များ

၁) ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရန်၊

၂) ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊

၃) ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရန်

၄)ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်

Show More

Related Articles

Back to top button