လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အကျပ်အတည်းများကို ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်ဖြေရှင်းနိုင်မည့်လမ်းကြောင်းတစ်ခု ထင်ထင်ရှားရှား ပေါ်ပေါက်လာတော့မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးလိုက်သည်။
နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာတွင် ယနေ့ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်အမှာစကားတွင် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
၂၁ ရာစုပင်လုံ-ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနှင့်ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ သုံးရက်ကြာ အကြိုညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်း တက်ရောက်ခဲ့သည်။
အစည်းအဝေးအပြီးတွင် သိသာထင်ရှားသည့် ရလဒ်မှာ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ချိတ်ဆက်အကောင်အထည်ဖော်မည့် နည်းလမ်းများပါဝင်လာခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတင်းထောက်များကိုပြောသည်။
ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရာတွင် အခြေခိုင်မာရေး၊ အသွင်ကူးပြောင်းရေး၊ ခိုင်မာရေး စသည့် အဆင့် ၃ ခုကို နိုင်ငံရေးအရဆွေးနွေး၊ နည်းပညာအရ စေ့စပ်ညှိနှိုင်းကာ နောက်ဆုံးအဆင့်တွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် သဘောတူနိုင်ခဲ့သည်ဟု ဆိုသည်။
ဥပမာအားဖြင့် နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်တစ်ခုရပါက နည်းပညာအရ ဆက်လက်ဆွေးနွေးမည်ဖြစ်ကာ ၂၀၀၈ အခြေခံဥပဒေ၏ သက်ဆိုင်ရာကဏ္ဍတွင် ပြင်ဆင်ရန် ညှိနှိုင်းနိုင်ခဲ့ကြခြင်းဖြစ်သည်ဟု ဦးဇော်ဌေးက ရှင်းပြသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပါ တစ်ပါတည်းပါတဲ့သဘောဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။
JICM အစည်းအဝေးအပြီးတွင် နိဂုံးချုပ်စကားပြောကြားခဲ့သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ယနေ့အစည်းအဝေးရလဒ်အပေါ် တိုင်းရင်းသားပြည်သူအပေါင်း အားရကျေနပ်ဝမ်းသာလိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောသည်။
“မိမိနိုင်ငံ၊ မိမိလူမျိုးနဲ့ပတ်သက်တဲ့ ဓလေ့၊ စရိုက်၊ ယဉ်ကျေးမှု ဒါတွေနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် ပုံစံကိုပဲ ဦးတည်ပြီးတော့မှ ဒီထက်မက ရလဒ်ကောင်းတွေရအောင် ဆွေးနွေးပေးကြပါလို့ တိုက်တွန်းပါတယ်”ဟု ၎င်းကပြောသည်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား နိဂုံးချုပ်စကားပြောကြားခဲ့သည့် ဗိုလ်မှူးကြီး စိုင်းငင်းကလည်း “ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်းရဲ့ ကောင်းကျိုးကိုသာ ဆောင်ရွက်နေတာမဟုတ်ဘဲ အားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စုကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက်နေတာဖြစ်တယ်ဆိုတာ နှလုံးသွင်းထားပြီး ဆွေးနွေးညှိနှိုင်းခဲ့လို့သာ ဒီလိုရလဒ်ကောင်းတွေကို ယူဆောင်ပေးနိုင်ခဲ့တာပါ” ဟု ပြောသည်။
ယနေ့ပြုလုပ်သည့် JICM အစည်းအဝေးအပြီးတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရန် ဆွေးနွေးမှုပုံစံများ၊ လာမည့် ၂၁ ရာစုပင်လုံတွင် သဘောတူစာချုပ်အဖြစ်ချုပ်ဆိုမည့်အချက်များ၊ ယင်းတို့ကို ညီလာခံတွင် ခေါင်းဆောင်များ လက်မှတ်ရေးထိုးရန်ကိစ္စ၊ မပြီးပြတ်သေးသည့်ကိစ္စများကို ဆက်လက်ဆွေးနွေးရန်၊ အစည်းအဝေးမှတ်တမ်းကို အတည်ပြုရန်၊ ညီလာခံကျင်းပမည့်နေ့ရက်နှင့် အပစ်ရပ် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပူးပေါင်းပါဝင်လာရေး ဆက်လက်ဆောင်ရွက်ရန် စသည့် ၇ ချက် ရရှိခဲ့သည်။
ယင်းအတွင်း မကြာမီကျင်းပမည့် ညီလာခံ၌ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင် ၁၅ ချက်၊ ၂၀၂၀ အလွန် အဆင့်အလိုက်လုပ်ငန်းစဉ်များနှင့် အဆင့်အလိုက်အကောင်အထည်ဖော်မှုများအတွက် ခေါင်းစဉ်ကြီး ၈ ခု၊ ဖက်ဒရယ်အခြေခံမူ သဘောတူညီချက် ၅ ချက်တို့ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ အဖြစ် ချုပ်ဆိုရန် သဘောတူညီမှုလည်းပါဝင်သည်။
စာချုပ်ချုပ်ဆိုမည့် အချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် အဆုံးအဖြတ် ခံယူရန်ရှိနေပြီး၊ အသေးစိတ်အချက်အလက်များကိုမူ မသိရသေးပေ။ ဩဂုတ် ၁၇ တွင် ကျင်းပမည့် ထိုအစည်းအဝေးတွင် အင်အားစု အသီးသီးမှ ထိပ်သီးခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်သည်။
၂၁ ရာစုပင်လုံ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတုတ္ထအကြိမ်ကျင်းပရေးမှာ နှစ်နှစ်ကျော်ကြာ ကြန့်ကြာနေခဲ့ပြီးနောက် ဩဂုတ် ၁၉ မှ ၂၁ ရက်အထိ သုံးရက်တာကျင်းပရန်ရှိသည်။