ဆောင်းပါး

ဆွေးနွေးဖို့ အလှမ်းဝေးဆဲ လုံခြုံရေးကဏ္ဍ

(နေပြည်တော်) — ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစုပင်လုံ) ဟာ တတိယအကြိမ် အစည်းအဝေးအထိ ရောက်ရှိလာခဲ့ပြီဖြစ်ပေမယ့် ကဏ္ဍကြီး ငါးရပ်ထဲက လုံခြုံရေးကဏ္ဍကိုတော့ ယနေ့တိုင် ဆွေးနွေးနိုင်ခြင်းမရှိသေးပါဘူး။

၂၁ ပင်လုံမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍဆိုပြီး ကဏ္ဍကြီး ငါးရပ် ရှိပါတယ်။

ဆွေးနွေးနေကြတဲ့ အစုအဖွဲ့ ငါးဖွဲ့ကတော့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ လွှတ်တော်၊ နိုင်ငံရေးပါတီတို့ပဲ ဖြစ်ပါတယ်။

လုံခြုံရေးကဏ္ဍမှာ နိုင်ငံတော် ကာကွယ်ခြင်းနဲ့ ပြန်လည်ပေါင်းစည်းခြင်း ဆိုတဲ့ အဓိက ခေါင်းစဉ်ကြီး နှစ်ရပ် ပါဝင်ပါတယ်။

ပြန်လည် ပေါင်းစည်းရေးကဏ္ဍမှာ တစ်ခုတည်းသော တပ်မတော် ထားရှိရေးကို တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖက်လုံးက သဘောတူကြပေမယ့် ဘယ်လို တစ်ခုတည်းသော တပ်မတော်လဲဆိုတာ ကိုတော့ ဆွေးနွေးညှိနှိုင်းရမှာဖြစ်ပါတယ်။

Disarmament, Demobilization, and Reintegration (DDR) လို့ အတိုကောက် ခေါ်ကြတဲ့ လက်နက်ဖြုတ်၊ တပ်ဖျက်ပြီး တစ်ခုတည်းသော တပ်မတော်အဖြစ် ပြန်လည်ပေါင်းစည်းမှာလား။ Security Sector Reform (SSR) လို့ ခေါ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်အောက် ပြည်နယ်တပ်တွေကပါ စုပေါင်း တာဝန်ယူရတဲ့ စနစ်မျိုးနဲ့သွားမလားဆိုတာကိုတော့ တိတိကျကျမသိရသေးပါဘူး။

လုံခြုံရေးကဏ္ဍမှာ အချက်တစ်ချက်မှ သဘောမတူနိုင်သေးဘူး ဆိုတာကိုတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ်၊ UPDJC ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ၂၁ ပင်လုံ တတိယ အစည်းအဝေး အပိတ်မိန့်ခွန်းပြောချိန်မှာ ဖွင့်ဟ ဝန်ခံသွားပါတယ်။

လုံခြုံရေးကဏ္ဍ ညှိနှိုင်းဖို့ အဘက်ဘက်က သတိကြီးစွာနဲ့ ဆောင်ရွက်နေတာ တွေ့ရကြောင်း၊ လုံခြုံရေးကဏ္ဍမှာ ရလဒ်ထွက်ဖို့က ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတယ်ဆို တဲ့ အကြောင်း၊ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူညီမှုဖြစ်ဖို့ဆိုတာ လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်တွေ ပါဝင်ဖို့လိုတဲ့ အကြောင်း နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့ပါတယ်။

လုံခြုံရေးနဲ့နိုင်ငံရေး ကဏ္ဍနှစ်ခုက ဆက်စပ်နေတယ်

ဒီလုံခြုံရေးကဏ္ဍ ဆွေးနွေးဖို့က နိုင်ငံရေးကဏ္ဍမှာ အနာဂတ် ဖက်ဒရယ််ပြည်ထောင်စုကို ကိုယ်စားပြုနိုင်မယ့် အချက်တွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့က အရေးကြီးတယ်လို့ UPDJC ရဲ့ အစုအဖွဲ့အသီးသီးနဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

လုံခြုံရေးကဏ္ဍမှာ သဘောတူညီချက်မရတာသေးတာက နိုင်ငံရေးကဏ္ဍမှာ ဖက်ဒရယ်မူတွေ မရှိသေးတာကြောင့်ဖြစ်တယ်လို့ UPDJC ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဒေါက်တာမနန်တူးဂျာက သုံးသပ်ပါတယ်။

နိုင်ငံရေးကဏ္ဍက ဖက်ဒရယ်နိုင်ငံတော်ဖြစ်ဖို့ ပိုမိုသေချာတဲ့ အချိန်ရောက်မှ ဖက်ဒရယ်မူတွေနဲ့ ကိုက်ညီတဲ့ လုံခြုံရေး အချက်အလက်တွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ် တဲ့။

“နိုင်ငံရေး သဘောတရား ဘာလဲဆိုတာ ဖက်ဒရယ် ပရင်စီပယ် (မူ) ချမှတ်ပြီး ဖက်ဒရယ်နိုင်ငံ တည်ထောင်ဖို့ သေချာ သလောက်ရှိပြီဆိုမှ လုံခြုံရေးကဏ္ဍကိုဆွေးနွေးရမှာပါ” လို့သူက ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မူဝါဒ အကြံဉာဏ်တွေပေးနေတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Myanmar Institute for Peace and Security ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦးကလည်း နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍ နှစ် ခုက ချိတ်ဆက်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ လုံခြုံရေးကဏ္ဍမှာ တိုးတက်လာမှ နိုင်ငံရေးကဏ္ဍကို ဆွေးနွေးချင်ပြီး၊ သူတို့ရဲ့ စိုးရိမ်မှုက အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက ဆက်လက် လက်နက်ကိုင်စွဲနေမှာဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ရဲ့ စိုးရိမ်ချက်က ဖက်ဒရယ် ရသွားပြီဆိုတဲ့အချိန်မှာ ဒီအဖွဲ့တွေ ဆက်ပြီး လက်နက်ကိုင် ထားမယ်ဆိုရင် အဆင်မပြေဘူးဆိုတဲ့ အမြင်မျိုးရှိတယ်” လို့ သူကသုံးသပ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးစနစ်သာမက ၂ဝဝ၈ အခြေခံဥပဒေပါ အပြောင်းအလဲတွေဖြစ်လာမှာဖြစ်လို့ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ လုံခြုံရေးစနစ်ကို လိုချင်နေကြတယ်လို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွေ့အကြုံများတဲ့ ဦးမင်းဇော်ဥိးက ရှင်းပြပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကတော့ ဖက်ဒရယ်သွားမယ်ဆိုရင် နောင်ဖြစ်လာမယ့် လုံခြုံရေးစနစ်က ဖက်ဒရယ် ဒီမိုကရေစီနဲ့ ကိုက်ညီမယ့် စနစ်မျိုးဖြစ်ရမယ်ဆိုတဲ့ သဘောမျိုးရှိတော့ အဲဒီနှစ်ခုမှာ ဘယ် အာဂျင်ဒါ (လုပ်ငန်းအစီအစဉ်) ကတော့ဖြင့် ဆွေးနွေးသင့်တယ်။ ညှိနှိုင်းသင့်တယ်ဆိုတာမှာ ညှိရမယ့် အနေအထားမျိုး ဖြစ်နေပါတယ်” လို့ ဒီလ ၁၅ရက်နေ့က ပင်လုံအစည်းအဝေးအပြီးမှာ Myanmar Now ကိုပြောပါတယ်။

တပ်မတော်နဲ့ တိုင်းရင်းသားတပ်တွေ ဘယ်လိုပဲ စိုးရိမ်မှုတွေရှိနေပါစေ လုံခြုံရေးကဏ္ဍ သဘောတူညီချက်တွေ ရဖို့ အတွက်ဆိုရင်တော့ ဆွေးနွေးပွဲတွေ စတင်ဖို့က လိုအပ်ပါတယ်။ ဒီလိုဆွေးနွေးပွဲတွေ စတင်နိုင်ဖို့အတွက် လည်း လုံခြုံရေး ကဏ္ဍမှာ ဘယ်လို အချက်တွေကိုဆွေးနွေးမလဲ ဆိုတာက အလွန်အရေးကြီးပါတယ်။

ဒါကို နိုင်ငံတော် အတိုင်ပင်ခံကလည်း “နိုင်ငံရေး ဆွေးနွေးမှု မူဘောင်၊ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဒီဇိုင်းတွေကို အရှိအတိုင်း ရဲရဲတင်းတင်းပြန်လည်သုံးသပ်ဖို့လိုတယ်” လို့ သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။

အနာဂတ် တပ်မတော်

လုံခြုံရေးကဏ္ဍလို့ ပြောမယ်ဆိုရင်တော့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုရဲ့ တစ်ခုတည်းသော တပ်မတော်ဖြစ်ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်ဆိုတာကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အစည်းအဝေးဖွင့်ပွဲနေ့မှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လုံခြုံရေးကဏ္ဍမှာ ဆွေးနွေးထားတဲ့အချက်တွေသာ သဘောတူညီမှု ရခဲ့မယ်ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်လာမှာပါ။ ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုခဲ့ပြီးရင်တော့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုရဲ့ အရေးပါလှတဲ့ အခြေခံဥပဒေသစ်မှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။

အနာဂတ်ရဲ့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ အမြင်အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရော တပ်မတော်ဘက်ကပါ ဘုံသဘောတူညီချက်တွေရှိပြီးသားပါ။ အဲဒီတပ်မတော်က ဘယ်လိုပုံစံမျိုးလဲ ဆိုတာကိုတော့ သူတို့ မဆွေးနွေးနိုင်ကြသေးပါဘူး။

ပြည်ထောင်စုငြိမ်းချမ်းရေး ပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူး ဦးခင်ဇော်ဦးက လုံခြုံရေးကဏ္ဍမှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေးဆိုတဲ့ အဓိက ခေါင်းစဉ်ကြီး နှစ်ခု ရှိတယ်၊ နိုင်ငံတော်ကာကွယ်ရေးကိစ္စကို ဆွေးနွေးကြတဲ့အခါမှာ တစ်ခုတည်းသော တပ်မတော် ထားရှိရေးမူကို နှစ်ဖက်စလုံးက လက်ခံကြတယ်လို့ ပြောပါတယ်။

“အဲဒီအပေါ်မှာ သူတို့က စိုးရိမ်မှုတွေ လျော့နည်းသွားရင်တော့ ဒီဟာကို ဆက်ပြီးဆွေးနွေးဖြစ်သွားမယ်” လို့ ယခင်အစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကတည်းက အရေးပါသူတစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦးက ရှင်းပြပါတယ်။

NCA ထိုးထားတဲ့ တစ်ဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ရဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ တစ်ခုတည်းသော တပ်မတော်ဆိုတဲ့ အပေါ်မှာ သဘောတူညီပေမယ့် ဒါနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဆွေးနွေးညှိင်းနှိုင်းဖို့ လိုအပ်နေသေး တယ်လို့ ဆိုပါတယ်။

“အရင်ကဆိုရင် လုံခြုံရေးကဏ္ဍဟာ ဆွေးနွေးလို့မရဘူး ပြောလို့မရဘူး ဖြစ်ရာကနေ တဖြည်းဖြည်းနဲ့ ဆွေးနွေးလို့ရလာတာ တိုးတက်တဲ့အချက်ပါ” လို့ သူက အကောင်းမြင်ပါတယ်။

“ဆွေးနွေးတဲ့ ပုံစံမှာ ကိုယ်ဘာဖြစ်ချင်တယ်၊ သူဘာဖြစ်ချင်တယ်၊ အဲဒါတွေကို နှစ်ဖက် ပြောလိုက်ကြပြီးတော့မှ အဓိပ္ပာယ်ကို ထပ်ပြီး ဖွင့်ဆိုတာက ပိုပြီး ပြည့်စုံပါတယ်”

SSR – DDR ပြဿနာ

SSR နဲ့ DDR ဆိုတဲ့ နှစ်ချက်ဟာ အလွန် ထိလွယ်၊ ရှလွယ် နိုင်တာကြောင့် ဒီမေးခွန်းနဲ့ ပတ်သက်ရင် တပ်မတော်နဲ့ တိုင်းရင်းသား နှစ်ဖွဲ့လုံးက ဖြေဆိုဖို့ လက်တွန့်ကြပါတယ်။

UPDJC တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်း လျံမှုန်း ဆာခေါင်းကတော့ လုံခြုံရေးကဏ္ဍဟာ တစ်ကြိမ်တည်းနဲ့ ကိုင်တွယ်ဖြေရှင်းလို့မရနိုင်ဘူး လို့ နားလည်ထားသူပါ။

“ကျန်တဲ့ကဏ္ဍတွေ ဆွေးနွေးပြီးတော့ အဆင်ပြေရင် ဒါကိုလည်း ဆွေးနွေးမယ်လို့ တင်ပြထားပါတယ်” လို့ သူက ပြောပါတယ်။

နိုင်ငံရေးပါတီ အစုအဖွဲ့ရဲ့ UPDJC ဒုတိယ ဥက္ကဋ္ဌ ဖြစ်တဲ့ ဦးသုဝေကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဆွေးနွေး ညှိနှိုင်းဖို့ ခက်ခဲတာတွေ ယာယီ ချန်ခဲ့ဖို့၊ တူညီချက်တွေကို စုပေါင်းပြီးတော့မှ ရင်းနှီးမှု ရလာရင် ပြန်လည်ဆွေးနွေးဖို့ဆိုတဲ့ သဘောထားရှိတယ်လို့ ပြောပါတယ်။

“ခက်တဲ့ ဥစ္စာထားခဲ့တာပေါ့ ကျန်တဲ့ဟာတွေ များများလုပ်ရင် အားရှိမယ်။ အဲဒီတော့မှ ဆွေးနွေးရင် ပိုကောင်းတယ် ဆိုတဲ့ သဘောပါပဲ” လို့ ညီလာခံ ပိတ်ပွဲ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

ဆလိုင်းလျန်မှုံးဆာခေါင်း၊ ဦးမင်းဇော်ဦး၊ ဒေါက်တာ တူးဂျာတို့ကတော့ SSR, DDR တို့ အကြောင်း ပြောဖို့ အချိန် မတန်သေးဘူးလို့ ယူဆကြပါတယ်။

“နည်းနည်း စောသေးတဲ့သဘောပေါ့။ လာတော့လာမှာပါ။ အထူးသဖြင့် SSR က အရင်လာမှာပေါ့။ ပြီးရင် DDR က လိုက်လာမှာပါ” လို့ ဒေါက်တာတူးဂျာက ပြောပါတယ်။

နောက်ဆုံး အပစ်ရပ်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာကတော့ လုံခြုံရေးကဏ္ဍ ကိုဆွေးနွေးသဘောတူနိုင်ဖို့က တပ်မတော်မှာပဲ အဓိကမူတည်တယ်လို့ ပြောပါတယ်။ ။

Related Articles

Back to top button