မေးမြန်းခန်း

ပြဿနာတွေကြားထဲက သတင်းထောက် (အင်တာဗျူး)

ဒေသတွင်း ဖြစ်စဉ်များကို သတင်းဂျာနယ်များသို့ ရေးသားပေးပို့နေသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှ အလွတ်တန်းသတင်းထောက် ဦးဦးငြိမ်းသည် KIA ကချင်လက်နက်ကိုင်အဖွဲ့ နှင့် အဆက်အသွယ် ပြုလုပ်သည်ဟု စွပ်စွဲခံနေရသူတစ်ဦး ဖြစ်သည်။ ဦးဦးငြိမ်း အခြေစိုက်သည့် ဗန်းမော်မြို့သည် ကျွဲနွား မှောင်ခို သယ်ခြင်း၊ သစ်ခိုးထုတ်ခြင်း ကဲ့သို့ တရားမဝင်လုပ်ငန်းများ ဖြတ်သန်းသည့် ဒေသအနီး တည်ရှိသည်။

မကြာသေးခင်က ရန်ကုန်မြို့တွင် တွေ့ဆုံစဉ် ဦးဦးငြိမ်း (ဦးငြိမ်းချမ်းအေး)က နယ်သတင်းထောက်တစ်ဦး၏ အနေအထား၊ တရားမဝင်လုပ်ငန်းများအကြောင်း သတင်းရေးသားမှု၊ သတင်းလုပ်ငန်းနှင့် ဆက်စပ်ပြီး တရားစွဲခံရပုံများအကြောင်း ပြောပြထားသည်။

မေး – မတရားအသင်းကိုဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲခံရပုံအကြောင်း အကျဉ်းချုပ် ရှင်းပြပေးပါ။

ဖြေ – ၂ဝ၁၅ ခုနှစ် ကျွဲ၊ နွား မှောင်ခိုဖမ်းဆီးမှုတစ်ခုမှာ သူတို့ရဲ့ ကြေးနန်းမှာက “ပိုင်ရှင်မဲ့” ဆိုပြီး တင်ခဲ့တယ်၊ ကျွန်တော် အဲ့ဒီ စကားလုံးနဲ့ပဲ သတင်းရေးခဲ့တယ်။ အခုကျတော့ ဘာဖြစ် လာလဲ ဆိုတော့ ၂ဝ၁၅ မှာ မှောင်ခို ကျွဲ၊ နွားတွေကို ပြည်သူ့စစ်အဖွဲ့က ဖမ်းပြီး ပိုက်ဆံတောင်းတယ် ဆိုတဲ့အကြောင်းကို ပိုင်ရှင်နဲ့ ကျွန်တော်က KIA တပ်မဟာ ၃ မှာ သွားပြီးတော့မှ တိုင်တယ်လို့ ရဲစာအရ သိရတယ်၊ ပိုင်ရှင်ကို ကျွန်တော် မသိဘူး၊ ဗျူးလည်း မဗျူးခဲ့ဘူး၊ မြင်လည်း မမြင်ဖူးဘူး။

မေး – ဗန်းမော်ပြန်မယ်ဆိုရင် ထိန်းသိမ်းခံရနိုင်သလား။ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ – ဘယ်လိုမှ မပြင်ဆင်ထားဘူး။ ၁၇(၁)နဲ့စွဲထားတာကြောင့် အာမခံ မရဘူး၊ သေချာပေါက် အထဲဝင်ရမှာ။ ဗန်းမော်ကို ပြန်ရမယ်၊ ဒီအတိုင်းပဲနေရင် ဝရမ်းပြေးလို၊ တရားခံတစ်ယောက် လို ဖြစ်နေမှာ။ ကျွန်တော်တို့ ဒေသမှာ တရားမဝင်လုပ်ငန်းတွေ အင်မတန် ပေါတယ်၊ ပေါပေမယ့် (အဲဒါတွေကို ဖော်ထုတ် ရေးသားမယ့်) သတင်းသမား မရှိဘူး၊ ထူးထူးခြားခြား စုန်းပြူး လေးဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတယ်၊ တကယ်လည်း ရေးတာဖြစ်တဲ့အတွက် အန္တရာယ် ရင်ဆိုင်ရတယ်၊ ကျွန်တော် မရှိရင် သူတို့ လွတ်လပ်စွာ လုပ်လို့ရတယ်။ တက္ကသိုလ်ကျောင်း သားလေးတွေနဲ့အတူ ညနေပိုင်းဆို လက်ဖက်ရည်ဆိုင် ထိုင်တယ်၊ ကျွန်တော့်အိမ်ကို မိုင်းခွဲခံရတဲ့နောက်ပိုင်းမှာ အဲ့ဒီ ကျောင်းသားလေးတွေတောင် ကျွန်တော်နဲ့အတူ နေ့လယ်ဘက် တောင် လက်ဖက်ရည်ဆိုင် မလိုက်ရဲတော့ဘူး၊ ကျောင်းသားတွေတောင် အဲ့ဒီလိုဖြစ်တယ်၊ ကျန်တဲ့လူဆိုရင် မပြောနဲ့တော့၊ ဒေသခံတွေက ကြောက်တယ်၊ ရိုးသားတယ်၊ တရားရုံးတို့၊ ရဲစခန်းတို့ မပြောနဲ့ ကိုယ့်ရပ်ကွက် ကိုယ့်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတောင် မသွားရဲကြဘူး။

မေး – မိုင်းခွဲခံရတယ်ဆိုတာက ဘယ်တုန်းကလဲ။

ဖြေ – ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁ ရက်နေ့မှာ။ မှတ်မှတ်ရရ အခု (KIA နဲ့ ဆက်သွယ်တယ် ဆိုပြီး) ကျွန်တော်နဲ့အတူ စွပ်စွဲခံနေရတဲ့ ကိုဇော်မြင့်လေး ဆိုတဲ့လူက သီရိရပ်ကွက်မှာ နေတယ်၊ ကျွန်တော်က ကန်တော်ရပ်ကွက်မှာ နေတယ်၊ ညမှာ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း လက်ပစ်ဗုံးနဲ့ ပစ်ခွဲလုပ်ကြံတာပေါ့ဗျာ၊ ဒါပေမယ့် မသေလို့ တွေ့ရတယ် ပြောရမှာပဲ၊ လူတော့ အထိအခိုက်မရှိဘူး။ ၂ဝ၁၃ လောက်မှာ ခြံတံခါးမှာ လာချိတ်တဲ့ အထုပ် တစ်ထုပ်ထဲမှာ M 20 ပစ္စတိုကျည်ဆန်တစ်တောင့် ထည့်ထားတယ်၊ ပြောချင်တာက ဟိတ်ကောင် သတင်းထောက် မင်းသတိထား၊ သေဖို့သာပြင် အမျိုးမျိုးဖြစ်နိုင်တာပေါ့ဗျာ၊ ခြိမ်းခြောက်ခံနေရတာ။ ကျန်တဲ့ ဖုန်းနဲ့ခြိမ်းခြောက်တာတို့ ဘာတို့ကတော့ စာရင်းထဲ မထည့်ဘူး။

မေး – ဦးဦးငြိမ်း ရင်ဆိုင်နေရတဲ့ တခြားအမှုတွေအကြောင်း ပြောပါဦး။

ဖြေ – ဒေသထဲမှာ တရားမဝင်လုပ်ငန်းတွေအကြောင်း ကျွန်တော်က ဇောင်းပေးပြီး ရေးတယ်။ လဝါယန် ပြည်သူ့စစ်အဖွဲ့ အမှတ် ၂ စီးပွားရေးဌာနက ဗိုလ်မှူးအဆင့်ရှိတဲ့ နော်ဆန်း ဆိုတဲ့လူက ကျွဲ၊ နွား မှောင်ခို ဖမ်းဆီးပြီး၊ ငွေတောင်းတဲ့ကိစ္စ ရေးတာကို ပုဒ်မ ၅ဝဝ (အသရေဖျက်မှု) နဲ့ ကျွန်တော့်ကို တရားစွဲတယ်၊ မိုးမောက်တရားရုံးမှာ၊ တရားစွဲတာက ၁နှစ်ခွဲ ကျော်ပြီ၊ အခုဆို ကျွန်တော့်ကို စစ်တဲ့အဆင့် မရောက်သေးဘူး၊။ နောက်တစ်ခုက ၂ဝ၁၆ ထဲမှာ ဗန်းမော်မှာ အခြေစိုက်တဲ့ စစ်တပ် တစ်တပ်က တရားမဝင်သစ်တွေကို ဖမ်းတယ်၊ ကားရော သစ်ရော ဖမ်းတယ်။ သစ်တောရုံးကနေရရှိတဲ့ အချက်အလက်ရယ်၊ ဒေသခံတွေရဲ့ အသံရယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဘာတွေ ဗျူးပြီး။ စစ်တပ်ကိုလည်းမေးတယ်၊ ဖမ်းမိပစ္စည်း အရေအတွက်က တရားဝင် ထုတ်ပြန်ချက် အရေအတွက်နဲ့ မတူဘူး၊ အဲဒါတွေနဲ့ အကုန်လုံး ပါအောင် တစ်ပုဒ် ရေးလိုက်တယ်၊ တပ်က တရားစွဲတယ်၊ ရင်ဆိုင်နေရတယ် တစ်နှစ်နီးပါး တော့ရှိပြီ။

မေး – သတင်းမရေးဖို့ သို့မဟုတ် သတင်းရေးပေးဖို့ အတင်းအကျပ် တောင်းဆိုတာ၊ ခြိမ်းခြောက်တာမျိုး ကြုံရဖူးလား။

ဖြေ – သစ်ဖမ်းဆီးမှုတစ်ခုနဲ့ပတ်သက်ပြီး ဒိုတစ်စီးလာပေးတယ်၊ နောက်တစ်ခုမှာကျတော့ ပါဂျဲရိုးတစ်စီး ပေးတယ်၊ ပေးတယ်ဆိုတာက မရေးဖို့ ပေးတာ၊ နောက်တစ်ခုကျတော့ တံတားပေါ်ကနေ သစ်တင်တဲ့ကားကြီး ကျရော၊ ကားပေါ်က စပယ်ယာက သေရော။ သူသေတဲ့အတွက် ကားပိုင်ရှင်၊ သစ်ပိုင်ရှင် အားလုံး သူပါပဲလို့ ထိုးချသွားတယ်၊ ဒီကိစ္စကို သစ်တွေ၊ ကားတွေ လမ်းပေါ် ဘယ်လို ဆွဲတင်လဲ သွားသွားပြီးကြည့်တယ်၊ တစ်ရက်ကြည့်ပြီးပြီ၊ နောက်နေ့ စရေးမယ်ဆိုတော့ အိမ်ရှေ့ ကားတစ်စီးဆိုက်လာတယ်၊ လူတစ်ယောက် တက်လာတယ်၊ ဒီသတင်းလေးကို မရေးပါနဲ့၊ သိန်း နှစ်ဆယ်ပေးမယ် ဆိုတော့ အိတ်နဲ့ထည့်ပြီး နှစ်ဆယ် ချပေးတယ်၊ ပေးတဲ့အခါ အိမ်က လူလည်း တစ်ယောက်မှမရှိဘူး၊ ပြောမယ်ဆို ရှာလေ၊ သတင်းသမားရှာလေ သိန်းနှစ်ဆယ်။ ကျေးဇူး တင်ပါတယ်၊ ကျွန်တော် ကျင့်ဝတ်နဲ့ သိက္ခာကို ရိက္ခာနဲ့မလဲဘူး၊ ဒီကိစ္စနဲ့ဆိုလစ်ပါတော့၊ ကျွန်တော်ရေးမှာပါလို့၊ (အဲဒီလူ) အောင့်သီး အောင့်သက်နဲ့ ပြန်သွားရော။ ရေးလိုက်တာ စာမူခ ခြောက်ထောင်ရတယ်။

မေး – ဒါဆိုရင် သတင်းလုပ်ငန်းကရတဲ့ဝင်ငွေနဲ့ ဗန်းမော်မှာ ဘယ်လို ရပ်တည်သလဲ။

ဖြေ – ကျွန်တော့်တူမက မိုးအလင်းထမင်းဆိုင်ဖွင့်တော့၊ သူနဲ့ရိက္ခာတွဲထားတော့ ကျွန်တော် သတင်းထောက် အလုပ်ကို တစိုက်မတ်မတ်လုပ်နိုင်တယ်ဆိုကြပါစို့၊ အဲ့ဒီတော့ ကျွန်တော့်မှာ လမ်းစရိတ်လောက်ပဲ ရှာတယ်၊ ကျွန်တော်က သတင်း အရှည်ရေးတဲ့အတွက် ရှစ်မျက်နှာ၊ ကိုးမျက်နှာမျိုးတွေရှိတော့ စာစီစာရိုက်ခက ငါးထောင် ရှိနေပြီ။ အီးမေးပို့တာက သုံးထောင် လောက်။ ပုံတွေဘာတွေပါရင် ကချင်မှ ကဦးမှာ၊ အဲ့ဒီတော့ သွားစရိတ် စားစရိတ် ဘာစရိတ် ညာစရိတ် သတင်းတစ်ပုဒ်အတွက် ကျွန်တော့်ရဲ့အရင်းအနှီးက အင်မတန်များတယ်၊ စာမူခ ပေးလာတယ်ဆိုရင် ကုန်ကျစရိတ်ရဲ့ ဆယ်ပုံတစ်ပုံတောင်မရှိဘူး။ ကျွန်တော် သတင်းပဲရေးပြီး ဘယ်လောက်ကုန်တာ (အယ်ဒီတာတွေကို) မပြောခဲ့ဘူး၊ တောင်းလည်း မတောင်းခဲ့ဘူး။

စာနယ်ဇင်းကျင့်ဝတ်အရဆိုရင် သတင်းကို ငွေပေးမဝယ်ရဘူး၊ ငွေကြေး အသုံးမချရဘူး။ စကားပြောဆိုရင်း ရင်းနှီးမှုယူ၊ အဲဒီအခါမှာ ယုံကြည်မှုနဲ့ပြောတာတွေ ရှိမယ်၊ ကုန်ကျစရိတ်တွေ ရှိမယ်၊ စရိတ်စကတွေ အများကြီး ကုန်တယ်။ ဒေသရဲ့ရိုးရာအရ အရက်တိုက်ရတာ ရှိကောင်းရှိမယ်။

မေး – တခြား ဘာအခက်အခဲတွေနဲ့ ကြုံရသေးလဲ။

ဖြေ – စည်ပင်ဌာနကဆို တစ်နှစ်ကျော်ကြာ တရားဝင်စာနဲ့တင်တောင်းတာ အခုချိန်ထိ ပြန်ကြားခြင်းမရှိဘူး၊ ဘာဖြစ်လို့၊ နေပြည်တော်သွားလို့ ၊ မြစ်ကြီးနားသွားလို့၊ ဘာလို့၊ သူ့မိန်းမ ဘာဖြစ်လို့ ဆိုပြီးခေါင်းစဉ်တွေပြ၊ လုံးဝ မရဘူး။ နောက် စစ်တပ်နဲ့ဆိုင်တဲ့ ကိစ္စတွေ အချက်အလက်တောင်းလို့ လုံးဝမရဘူး။ စစ်တပ်ဝင်းထဲ ဝင်လို့ မရဘူး၊ ဖုန်းနံပါတ်ပေးဆိုလည်း သူတို့မပေးဘူး၊ သတင်းမှာ ကျွန်တော်တို့က နှစ်ဖက်အသံ ယူရမယ်ဆို စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စကတော့ ရေးဖို့ တော်တော်လေးကို အခက်အခဲတွေ ရှိပါတယ်။ ။

Show More

Related Articles

Back to top button