ရခိုင်ပြည်နယ်အခြေစိုက်ပြီး လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး သတင်းများကို အထူး ဦးစားပေး ထုတ်လုပ်နေတဲ့ Root Investigative Agency သတင်းဌာန တည်ထောင်သူ ကိုမင်းမင်းဟာ အွန်လိုင်းကနေ ခြိမ်းခြောက်ခံနေရပါတယ်။ မနှစ်ကလည်း စစ်တွေမြို့က သူ့နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။ အိမ်ထဲမှာ မိသားစုဝင်တွေ မရှိတဲ့အတွက် ထိခိုက် ဒဏ်ရာရ သေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ဗုံးခွဲမှု မတိုင်ခင်ကလည်း ခြိမ်းခြောက်မှုနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအကြောင်း Myanmar Now သတင်းထောက် အောင်ငြိမ်းချမ်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ကိုမင်းမင်း ခြိမ်းခြောက်ခံရတဲ့ အကြောင်း ပြောပြပေးပါ။
ဖြေ။ ။ ခြိမ်းခြောက်ခံရတာက Facebook ကနေလည်း ခြိမ်းခြောက်ခံရတယ်။ RIA ရဲ့ ဝက်ဆိုက် သတင်းစာမျက်နှာအောက်တွေမှလည်း ခြိမ်းခြောက်တဲ့ မှတ်ချက်တွေ ရေးထားတာ တွေ့ရတယ်။ အဓိက အားဖြင့်တော့ ခင်ဗျားတို့ ဘယ်နေရာမှာနေတယ်၊ ဘာတွေလုပ်တယ်ဆိုတာကို အကုန်သိတယ်။ အသက်ကို ဉာဏ်စောင့်တယ်၊ သတိထား ဆိုတဲ့ မှတ်ချက်တွေရယ်။ ဗုံးခွဲ တိုက်ခိုက်ခံရပြီးပြီ၊ အဲဒီတုန်းက သင်ခန်းစာပေးတာ၊ ဒီတစ်ကြိမ်မှာတော့ ခင်ဗျား သင်ခန်းစာတင် မကတော့ဘူး၊ သတိထားပေါ့။ အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒီလိုမျိုး ခြိမ်းခြောက်မှုတွေက သာမန်အားဖြင့် ဆိုရင်တော့ သိပ်ပြီးတော့ စိုးရိမ်စရာ မရှိနိုင်တဲ့ အခြေအနေတစ်ခုလို့ တွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ ၂ဝ၁၆ မတ်လ ၁ဝ ကျွန်တော့်နေအိမ် ဗုံးတိုက်ခိုက်မှု မခံရခင်ကလည်း ဒီလိုမျိုးပဲ ခြိမ်းခြောက်မှုတွေ ရှိတယ်။ ဒါကြောင့်မို့ အခုတစ်ကြိမ် ဒီလိုမျိုးခြိမ်းခြောက်မှုတွေကလည်း တော်တော်ကို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယူဆပါတယ်။
မေး။ ။ ဒီတစ်ကြိမ်မှာ ဘယ်အချိန်လောက်ကနေစပြီး ခြိမ်းခြောက်ခံရတာလဲ။
ဖြေ။ ။ သူတို့စပြီး ခြိမ်းခြောက်တာက ဧပြီလ ၁ဝ ရက်နေ့လောက်က စပြီး ခြိမ်းခြောက်လာတာ။ ဧပြီ ၁ဝ ရက်နေ့ဆိုတာက AA ရဲ့ ၈ နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်တယ်ပေါ့။ အဲဒီနေ့မတိုင်ခင် မြောက်ဦးမြို့မှာ ဧပြီလ ၈ ရက်နေ့က AA ဖလား ဘောလုံးပွဲတစ်ခု ကျင်းပခဲ့သေးတယ်။ ၁ဝ ရက်နေ့မှာ ပွဲစီစဉ်သူတွေကို ဖမ်းတယ်။ အဖမ်းခံရတဲ့နောက်ပိုင်းမှာ ကျွန်တော်တို့ သတင်းရေးခဲ့တယ်၊ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA နဲ့ ပတ်သက်တယ် ဆိုပြီးမှ ဖမ်းဆီးခံရတယ်လို့ သဘောသက်ရောက်တဲ့ Lead (နိဒါန်း) မျိုးကို ရေးခဲ့တယ်။ ခြိမ်းခြောက်သူတွေဘက်က အဓိကထောက်ပြတာက ဘာကြောင့် ရခိုင်တပ်မတော်လို့ မသုံးဘဲနဲ့ ရခိုင်လက်နက်ကိုင်ဆိုတဲ့ စစ်တပ်ဘက်က အသုံးအနူန်းတွေကို သုံးသလဲပေါ့နော်။ ရခိုင်လူမျိုးဖြစ်လျက်သားနဲ့ ဘာကြောင့် ရခိုင်တပ်မတော်ကို အသိအမှတ်မပြုရသလဲ၊ ခင်ဗျားတို့က တကယ်ပဲ ရခိုင်အမျိုးသားရေး အကျိုးစီးပွားတွေကို မလိုလားသလားပေါ့။ ကျွန်တော်တို့အရင်က ရခိုင်ပြည်နယ်က မွတ်စလင်တွေ အကြောင်း သတင်းထုတ်လုပ်မှုတွေလည်း ရှိခဲ့တော့ သူတို့က RIA အနေနဲ့ ဗုဒ္ဓဘာသာအပါအဝင် ရခိုင်လူမျိုးကိုလည်း ကိုယ်စားမပြုတဲ့အကြောင်း အဲဒီလိုမျိုး ပိုပြီးတော့ အမုန်းစကား ဖြန့်ဝေပြီးတော့မှ လှုံ့ဆော်မှုတွေ ပြုလုပ်လာတာပေါ့။
မေး။ ။ Facebook ကနေ ခြိမ်းခြောက်မှုအရေအတွက် ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ Facebook Acount လေးခု ရှိတယ်။ ဒီအထဲမှာ နှစ်ခုက ၂ဝ၁၆ တိုက်ခိုက်မှု မကြုံခင်တုန်းကလည်း ခြိမ်းခြောက်ဖူးတယ်။
မေး။ ။ တခြားနည်းတွေနဲ့ရော ခြိမ်းခြောက်သေးလား။
ဖြေ။ ။ ဖုန်းဆက်ပြီးခြိမ်းခြောက်တာတို့၊ လူကိုယ်တိုင် ခြိမ်းခြောက်တာတို့တော့ မရှိပါဘူး။ ၂ဝ၁၆ ဗုံးခွဲတိုက်ခိုက်မှု မကြုံရခင်တုန်းကလည်း ဖုန်းဆက်ပြီး ခြိမ်းခြောက်တာမျိုးလည်း မရှိခဲ့ဘူး။
မေး။ ။ RIA ရဲ့ သတင်းထုတ်ပြန်ချက်မှာ အမျိုးဘာသာ သာသနာကို အကာအကွယ်ယူပြီးတော့မှ သတင်းရေးသားသူ၏ အသက်အန္တရာယ်ကို ထိခိုက်လာစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်မှု၊ ခြိမ်းခြောက်မှုတို့ကို ပြုလုပ်လာသည်ဆိုတာက ဘာကို ဆိုလိုချင်တာလဲခင်ဗျ။
ဖြေ။ ။ သူတို့က ရခိုင်လူမျိုးဆိုတဲ့ အကာအကွယ်ကို ယူထားတယ်။ နောက်တစ်ခုက ဗုဒ္ဓဘာသာဆိုတဲ့ အကာအကွယ်ကို ယူထားတယ်။ ဆိုလိုချင်တာက (RIA သတင်းဌာနက) ငါတို့ရခိုင်လူမျိုးတစ်မျိုးသားလုံးကို ဝေဖန်နေတဲ့ သူတွေ၊ ရစရာမရှိအောင် ရေးသားနေတဲ့ သူတွေ။ ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေကို ဂရုမစိုက်တဲ့ သူတွေ အဲဒီလိုမျိုးပေါ့။ သူတို့က ဗုဒ္ဓဘာသာဝင်တွေ၊ ရခိုင်လူမျိုးတွေ အကုန်လုံး သူတို့ဘက်က ပါလာအောင်ပေါ့။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဆိုရင် AA ရဲ့ လှုပ်ရှားမှုတွေ အပါအဝင် အမျိုးသားရေးလှုပ်ရှားမှုတွေက တစ်နှစ်ထက်တစ်နှစ် မြင့်လာတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ တက်လာပြီးတဲ့နောက်ပိုင်းမှာ ပို၍ ပို၍ များလာတယ်။
မေး။ ။ ရခိုင်တပ်မတော်လို့မသုံးဘဲနဲ့ ရခိုင်လက်နက်ကိုင်လို့ သုံးလိုက်တဲ့အတွက် ခြိမ်းခြောက်တယ်ဆိုတော့၊ သူတို့ထဲမှာ AA နဲ့ ဆက်နွှယ်နေသူတွေ ပါနိုင်တယ်လို့ ယူဆလားခင်ဗျ။
ဖြေ။ ။ AA အနေနဲ့ တိုက်ရိုက်ပါဝင်ပတ်သက်သလား ဆိုတာတော့ ကျွန်တော့်အနေနဲ့ သက်သေမရှိဘူး။ ဒါပေမဲ့ ဒီခြိမ်းခြောက်မှုတွေလုပ်တဲ့သူတွေက AA ကို အရမ်းကိုထောက်ခံတဲ့သူတွေ ။ AA ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်နယ်အတွင်းထဲမှာရော သတင်းတွေ တက်တယ်ဆိုရင် သူတို့ Account တွေမှာ မကြာမကြာ တင်ထားတာတွေလည်း ရှိတယ်။ ၂ဝ၁၆ ဗုံးခွဲတိုက်ခိုက်မှုမှာဆိုရင် AA နဲ့ ပတ်သက်တယ်လို့တောင်မှ ကျွန်တော်တို့ဘက်က သဲလွန်စတချို့ ရထားသေးတယ်။ အဲဒီတုန်းကလည်း ကျွန်တော်တို့ သတင်းရေးသားချက်တချို့ တွေထဲမှာ AA အနေနဲ့ ရခိုင်ပြည်နယ်ရဲ့ မူးယစ်လမ်းကြောင်းတွေထဲမှာ ပါဝင် ဦးဆောင်မှုတွေရှိနေတယ်လို့ ရေးခဲ့တယ်။ တစ်ဖက်မှာ AA က ချင်းပြည်နယ်ဘက်မှာ ပေါ်တာဆွဲတာတွေ လည်း ရှိတယ်။ လူထုက အစိုးရဘက်ကပဲ ပေါ်တာဆွဲတယ်လို့ပဲ (အင်တာနက်မှာ) ရေးတယ်ပေါ့။ ကျွန်တော်တို့က AA ဘက်ကရော၊ တပ်မတော်ဘက်ကရော နှစ်ဖက်စလုံး ပေါ်တာဆွဲတာ တွေရှိတယ်လို့ ရေးတယ်။ အဲဒီလိုမျိုးရေးတော့ AA ကို ထောက်ခံသူတွေအနေနဲ့ မကြိုက်ကြဘူး။ သူတို့ရဲ့ ရခိုင်တော်လှန်ရေးကို မလိုလားဘူးဆိုတဲ့ အထင်မျိုး သက်ရောက်တယ်။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ဘက်က သတင်း ထုတ်ပြန်တဲ့အထဲမှာ RIA အနေနဲ့ ရခိုင်အမျိုးသားရေး ဝါဒဖြန့်တဲ့ သတင်းဌာနမဟုတ်ဘူးဆိုတာ သိစေချင်တယ်လို့ ရေးထားတယ်။
မေး။ ။ ကိုမင်းမင်းရဲ့ လက်ရှိ လုံခြုံရေးအခြေအနေကရော ဘယ်လိုဖြစ်နေလဲခင်ဗျ။
ဖြေ။ ။ ကျွန်တော် သိုသိုသိပ်သိပ်ပဲနေရတယ်။ ရုံးသွားတက်တာတောင်မှ တစ်ပတ်မှာ နှစ်ရက်လောက်ပဲ တက်တယ်။ အခြေအနေကြည့်ပြီးတော့ တတ်နိုင်သမျှ အိမ်ကပဲ လုပ်တယ်။ တစ်ဖက်မှာလည်း (အစိုးရ ဝန်ထမ်း အဆောက်အအုံ) နေအိမ်က CCTV ကင်မရာ ကိစ္စကလည်း ဘာမှ သေသေချာချာ ဆုံးဖြတ်ချက် မကျသေးဘူး။ ပြည်နယ်ရဲတပ်ဖွဲ့ကတော့ စိစစ်ပြီးမှ တပ်ခွင့်ပြုလို့ရတယ်လို့ပြောထားပေမဲ့ ဒါက အစိုးရအဖွဲ့ဘက်က ဆုံးဖြတ်ရမယ့် ကိစ္စအထိ ဖြစ်လာတယ်လို့ ဆိုတယ်။ မနေ့ကပဲ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကနေပြီးတော့ ရဲတပ်ဖွဲ့ရယ်၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ကို လိပ်မူပြီးတော့ ကျွန်တော့်နေအိမ်မှာ CCTV ကင်မရာ တပ်ဖို့ ကိစ္စကို အထူးခွင့်ပြုချက်အနေနဲ့ ခွင့်ပြုသင့်တယ်လို့ တိုက်တွန်း ထားတယ်။ ဒါပေမဲ့ ဘာမှ ထိရောက်မှု မရှိသေးဘူးပေါ့။ လုံခြုံရေးအစီအစဉ်က ဘာမှမရှိသေးတော့ သတိနဲ့ပဲ နေရတယ်။ ။