ပုသိမ် – ကလေးတွေ အာဟာရဓာတ်ချို့တဲ့မှု မဖြစ်စေရေး ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကျောင်းကျန်းမာရေးကဏ္ဍတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးပါတယ်လို့ ဧရာဝတီတိုင်းဒေသကြီး အာဟာရဌာန၊ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝေမာလွင်က ပြောပါတယ်။ ကလေးတွေ ဉာဏ်ရည်မြင့်ဖို့အတွက် အာဟာရဓာတ်က အဓိကကျကြောင်း ၂၉နှစ် အရွယ် ပုသိမ်သူ ဒေါက်တာဝေမာလွင်က ရှင်းပြပါတယ်။
မကြာသေးခင်က တွေ့ဆုံရာမှာ သူက ဒေသတွင်း အာဟာရဓာတ် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းတွေအကြောင်း ပြောပြထားပါတယ်။
မေး – ကျန်းမာရေးဦးစီးဌာနရဲ့ အာဟာရဌာနက ဒီဒေသမှာ ဘာတွေ ဆောင်ရွက်နေပါသလဲ။
ဖြေ – ကိုယ်ဝန်ဆောင်တွေကို သံချဆေး၊ သံဓာတ်အားဆေးတိုက်တယ်။ ကလေးတွေအတွက်ကတော့ သံချဆေးတိုက်တာ ရှိတယ်။ မွေးကင်းစ ကလေးတွေကို ကိုယ်အလေးချိန် ချိန်တာတို့၊ အရပ်တိုင်းတာတို့၊ ကြိုးလေးနဲ့ လက်မောင်းလုံးပတ်လေးတွေတိုင်းတာတို့ ရှိတယ်။
ဒီနှစ်ထဲမှာဆိုရင် ကျောင်းဖွင့်ရင် တိုက်တာပေါ့၊ ပျိုဖော်ဝင်လို့ခေါ်တယ်။ ပျိုဖော်ဝင်ကတော့ ပျိုဖော်ဝင် မိန်းကလေးတွေကိုပဲ သံဓာတ်ဆေးတိုက်တယ်။ ဒီနှစ်လုပ်တာ။ မြို့နယ်တွေကို ထုတ်ပေးလိုက်တာပေါ့။ ဟိုရောက်တော့မှ ကျောင်းတွေနဲ့ ပေါင်းပြီးတော့ ကျောင်းက အစီအစဉ်တွေနဲ့ တိုက်တယ်။ ဆရာမတွေက သူတို့ဘာသူတို့ တိုက်ကျွေးကြတယ်။
အိုင်အိုဒင်းဆား စစ်တဲ့လုပ်ငန်း လုပ်ပေးတာရှိတယ်။ အိမ်တွေကို လိုက်ပြီးတော့ သူတို့အိမ်မှာ သုံးနေတဲ့ ဆားတွေက အိုင်အိုဒင်းဓာတ်ပြည့်မပြည့် ဆိုပြီးတော့ လိုက်ပြီးစစ်ဆေးပေးတာ ရှိပါတယ်။
မေး – ဒီဒေသမှာ ကလေးတွေ အာဟာရချို့တဲ့မှုက တခြားပြည်နယ်နဲ့တိုင်းတွေထက် ပိုပြီး မြင့်မားနေသလား။
ဖြေ – ဖွံ့ဖြိုးမှုကတော့ အခြားဒေသတွေနဲ့ ယှဉ်ရင် အရမ်းကြီး ကွာခြားနေတာတော့ မဟုတ်ပါဘူး။ ပုတာ၊ ရှည်တာကိုလည်း အာဟာရဓာတ်ချို့တဲ့တာ မချို့တဲ့တာနဲ့ တိုင်းတာတာဆိုတော့၊ ၁၀ နှစ်လောက် ရှိသွားတဲ့ အခါမှာ အရပ်ပုတဲ့ ကလေးကို ဒီကလေးက ငယ်ငယ်တုန်းက အာဟာရဓာတ်ချို့တဲ့ထဲမှာ ပါတယ်လို့ပြောလို့ ရတာပေါ့။ အဲဒီလို ပြန်ပြီးလေ့လာလိုက်တဲ့ အခါမှ ကျွန်မတို့ ဧရာဝတီတိုင်းက အာဟာရချို့တဲ့တာ အရပ်ပုတဲ့ အထဲမှာ များတယ်။ အရပ်ပုတယ်ဆိုတော့ အာဟာရ ချို့တဲ့ထဲမှာ ပါတယ်ပေါ့။
မေး – အာဟာရဓာတ်ချို့တဲ့တယ်ဆိုတာက ဘာကိုခေါ်ပါသလဲ။
ဖြေ – အလွယ်တကူ ပြောရမယ်ဆိုရင် နေ့စဉ်စားတဲ့ ကစီဓာတ်၊ ရေဓာတ်၊ အသားဓာတ် အဲဒါတွေအားလုံး ချို့တဲ့တာဟာ အာဟာရဓာတ်ချို့တဲ့တာပဲပေါ့။ ကစီဓာတ်ရော၊ အသားဓာတ်ရော ချို့တဲ့တဲ့ကလေးတွေက ပိန်ပိန်ချိုင့်ချိုင့်လေးတွေပေါ့။ တချို့ကလေးတွေကျတော့ ကြည့်လိုက်ရင်တော့ ဖောင်းဖောင်းဝဝလေးတွေပေါ့၊ ဒါပေမယ့် အာဟာရချို့တဲ့ တာမျိုးတွေလည်း ရှိပါတယ်။
မေး – အာဟာရဓာတ်ချို့တဲ့လာရင် ဘာတွေဖြစ်နိုင်သလဲ။
ဖြေ – ဗိုက်ထဲကနေစပြောရင်တောင်မှ အမေ (အာဟာရ)ချို့တဲ့ရင် ကလေးမှာ ဦးဏှောက်ဖွံ့ဖြိုးမှု နည်းမယ်။ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နည်းမယ်။ ကလေး ကျောင်းတက်တော့ ဒီကလေးက အာဟာရ မဖွံ့ဖြိုးတော့ ဉာဏ်ရည် နိမ့်မယ်၊ အတန်းပညာနိမ့်မယ်။ လူကြီး ဖြစ်လာလို့ လုပ်ငန်းခွင်ဝင်တဲ့ အခါမှာလည်း သူများနောက် ရောက်မယ်။ အကုန်လုံးပေါ့၊ တစ်သက်လုံးကို ထိခိုက်နိုင်ပါတယ်။
မေး – ကလေးတွေ အာဟာရဓာတ် ပြည့်ဝဖို့အတွက် ဒီဒေသမှာ ဘာတွေလုပ်နေပါသလဲ။
ဖြေ – လတ်တလောမှာတော့ ဧရာဝတီတိုင်းဒေသကြီးမှာ အာဟာရဖြည့်မှုန့်တွေကို ဖြန့်ဝေနေပါတယ်။ ဒီအာဟာရဖြည့်မှုန့်တွေက ထမင်းပေါ်မှာ ဖြူးပြီး စားရတာပါ။ ၆လကနေ ၅နှစ်အထိ ကလေးငယ်တွေကို ရည်ရွယ်ပါတယ်။ ကလေးတစ်ဦးကို ၂ လ ကြာအောင် ကျွေးရမယ်။ ပြီးတော့ ၄ လ နားမယ်။ ပြီးရင် ၂ လ ဆက်ကျွေးမယ်ပေါ့။ ဧရာဝတီတိုင်းဒေသကြီးမှာ ရှိတဲ့ မြို့နယ်ပေါင်း ၂၆ မြို့နယ်က ၅ နှစ်အောက် ကလေးတွေကို လူဦးရေနဲ့ တွက်ပြီးတော့ ဖြန့်လိုက်ပါတယ်။ အဓိကကတော့ ကလေးတွေ အာဟာရချို့တဲ့တာကနေ ကာကွယ်နိုင်အောင်လို့ပေါ့။ အာဟာရအားဖြည့်မှုန့်မှာ သံဓာတ်၊ ဖောလစ်အက်ဆစ်တို့ အပါအဝင် အာဟာရဓာတ် ၁၆ မျိုး ပါတယ်လို့ သိရတယ်။ အာဟာရဓာတ်ချို့တဲ့တာကတော့ ကျွေးတာတစ်ခုတည်းလည်း မဟုတ်ဘူး၊ ကျန်းမာရေးဗဟုသုတရှိဖို့လည်း လိုအပ်ပါတယ်။ ပြီးတော့ ကျွန်မတို့ အာဟာရဌာနတစ်ခုတည်း မဟုတ်ဘူး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတွေရော၊ ကျောင်းကျန်းမာရေးတွေရော ဒါတွေအကုန်လုံး ပေါင်းပြီး လုပ်မှပဲ ပိုပြီးတော့ အောင်မြင်မယ်လို့ ထင်ပါတယ်။ ။