ယမန်နေ့ (နိုဝင်ဘာ ၂၇) ရက် ညနေပိုင်း လေတပ်တိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မြန်မာ-တရုတ်နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ နွားမွေးမြူရေးခြံမှ ကလေးငယ် ၂ ဦးနှင့် အလုပ်သမား ၁ ဦးတို့ သေဆုံးသွားသည်။
နွားမွေးမြူရေးခြံသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးရသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“၃ ယောက်က ယောက်ျားလေးတွေပါပဲ။ နမ္မတူ နွားခြံမှာ အလုပ်လာလုပ်တဲ့ ဟိန္ဒူမိသားစုရဲ့ ကလေးတွေပေါ့။ ဟိန္ဒူမိသားစုရဲ့ ကလေး ၂ ယောက်နဲ့ အလုပ်လာလုပ်တဲ့ ကလေး ၁ ယောက် အားလုံးပေါင်း ၃ ယောက်ပေါ့” ဟု ၎င်းက ပြောသည်။
သေဆုံးသွားသူများမှာ ၇ နှစ်အရွယ် ဒူရကာဘာဒူး၊ ၁၀ နှစ်အရွယ် မောင်တိုင်ဗဟာဒူး (ခ) သော်ဇင်ခန့်နှင့် နွားခြံ အလုပ်သမား ၁၈ နှစ်အရွယ် ရိုဟန်တို့ ဖြစ်ကြသည်။
ပစ်ခတ်စဉ်က ၂ လုံး ပေါက်ကွဲခဲ့သည်၊ ယနေ့ (နိုဝင်ဘာ ၂၈) နံနက်တွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် ၂ လုံး ထပ်တွေ့သည်ဟုလည်း သေဆုံးသွားသူများနှင့် နီးစပ်သူက ဆိုသည်။
“ယာယီဝန်ထမ်းတွေနေတဲ့ တန်လျားနှစ်ခုရှေ့မှာ ကျတာပေါ့။ အဲ့ဒီနားမှာ ကလေးတွေက အပြင်ထွက်ဆော့နေတာ။ လေယာဉ်ပျံလာတယ်ဆိုတော့ တချို့က ကြည့်ကြတာ၊ ကြည့်နေတုန်းမှာ ချသွားတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
မူဆယ်မြို့နယ် ၁၀၅ မိုင် မိုင်းယုကျေးရွာ မေတ္တာစံအိမ်ပရဟိတဂေဟာ ဇေယျမင်္ဂလာဘုန်းတော်ကြီးကျောင်းသို့ ဗုံးသီးကျရောက်ပေါက်ကွဲခြင်းကြောင့် ထိုကျောင်းရှိ ကားများ၊ အဆောင်များ ပျက်စီးသည်၊ ကိုရင်ကြီးတစ်ပါး ဗုံးစထိမှန်ပြီး ထိခိုက်ဒဏ်ရာရသွားသည်ဟု တောင်ပိုင်းသားပရဟိတအသင်း (မူဆယ်) က ယင်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြသည်။ ထိုတိုက်ခိုက်မှု မည်သူပြုလုပ်သည်ကိုမူ မသိရသေးပါ။
စစ်ကောင်စီက နိုဝင်ဘာ ၂၇ ညပိုင်းတွင် တိုက်ပွဲသတင်းအကျဉ်းချုပ် သတင်းထုတ်ပြန်ထားရာ အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထည့်သွင်းထားခြင်း မရှိသေးပေ။
မူဆယ်တွင် တိုက်ပွဲဖြစ်ခဲ့သည်ဟုသာ ဖော်ပြထားသည်။
“မနေ့ညဘက်ကတော့ မူဆယ် ၁၀၅ မိုင်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာရှိပါတယ်။ တပ်မတော်အနေနဲ့ တိကျစွာနှိမ်နင်းခဲ့တဲ့အတွက် ဒီမနက်ပိုင်းမှာတော့ အဲဒီဘက်မှာ ထိတွေ့တိုက်ပွဲ မရှိခဲ့ပါဘူး။ ရန်သူအနေနဲ့ အထိအခိုက်အကျအဆုံး များစွာရှိတယ်ဆိုတာ သိရှိရပါတယ်” ဟု စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုကြောင်း နိုဝင်ဘာ ၂၇ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန် တအာင်းတပ် TNLA က ယမန်နေ့ (နိုဝင်ဘာ ၂၆) မှစတင်ပြီး ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ပစ်ခတ်နေသည်၊ မူဆယ်ပြည်ထောင်စုအားကစားကွင်းမှ သံချပ်ကာကားများကလည်း ပစ်ခတ်ကြသည်၊ စစ်သားအင်အားနှင့် လက်နက်အင်အား တိုးချထားသည်ကို တွေ့ရသည်ဟု မူဆယ်မြို့ခံ ပရဟိတ သမားတစ်ဦးက ပြောသည်။
မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်တပ်စွဲထားသည့် စခန်းကုန်း နှစ်ခုရှိသည့်အနက် တစ်ခုကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းယူထားသည်ဟုလည်း အထက်ပါ မူဆယ်မြို့ခံက ပြောသည်။
“၁၀၅ မိုင်မှာ စစ်တပ်ကုန်းရှိတယ်။ လက်နက်ကြီး ထိုင်ထားတာပေါ့။ လက်နက်ကြီးထိုင်ထားတဲ့ ကုန်းရှိတယ်။ ကုန်းက ၁ ကုန်း မဟုတ်ဘူး။ ၂ ကုန်းရှိတာ။ ၁ ကုန်းကိုတော့ ဟိုတစ်နေ့က ဒရုန်းတွေ ဘာတွေနဲ့ ဗုံးကြဲပြီးတော့ သိမ်းလိုက်တယ်” ဟု ၎င်းက ပြောသည်။
ကျန်ရှိ စခန်းကုန်းတွင် လက်နက်ကြီး အထိုင်ချထားသည်ဟု သူကဆိုသည်။
မူဆယ်မြို ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ပေါ်တံတား၊ ၁၀၅ မိုင်ဂိတ်အနီးရှိ စစ်တပ်ဗျူဟာကုန်းတို့ကို နိုဝင်ဘာ ၂၆ တွင် စတင်တိုက်ခိုက်ခဲ့သည်၊ မူဆယ်ရှိ စစ်တပ်စခန်းကုန်းအားလုံးကို သိမ်းပိုက်မည်ဟု တအောဝ်းတပ် TNLA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး တားအိုက်ကျော်က ယမန်နေ့ (နိုဝင်ဘာ ၂၇) က Myanmar Now ကို ဖြေကြားထားသည်။
“မူဆယ်မှာတော့ စခန်ကုန်းအကြီး တစ်ခုရှိတယ်၊ စခန်းအသေးတွေလဲ ရှိတယ်။ စခန်းတိုင်းကတော့ အကုန်လုံး အရေးပါပါတယ်။ အရေးပါလို့ပဲ ကျွန်တော်တို့ လိုက်လံ ရှင်းလင်းနေတာပါ” ဟု ၎င်းက ဖြေကြားထားသည်။
မြန်မာ-တရုတ်နယ်စပ်ရှိ ဒုတိယအကြီးဆုံး ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တအောဝ်းတပ် TNLA ကသာ ထိန်းချုပ်နိုင်ပါက ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တစ်ခုလုံးမှာ မြောက်ပိုင်းမဟာမိတ်တပ်များ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဟု လေ့လာသူများက သုံးသပ်သည်။
မြန်မာ-တရုတ်နယ်စပ်သည် မိုင် ၁၃၀၀ ကျော် နယ်မြေထိစပ်နေပြီး ကချင်ပြည်နယ်ရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ရှမ်းပြည်နယ်ရှိ မူဆယ်၊ ချင်းရွှေဟော်၊ မိုင်းလား-ကျိုင်းတုံ တို့မှာ တရားဝင်နယ်စပ်ဂိတ်များဖြစ်ကြသည်။
တိုက်ပွဲများကြောင့် လမ်းကြောင်းအများအပြား လုပ်ငန်းရပ်သွားချိန်တွင် မိုင်းလား – ကျိုင်းတုံလမ်းကြောင်းတစ်ခုသာ တရုတ်နှင့် နယ်စပ်ကုန်သွယ်မှု ရှိတော့သည်။