
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အရေးအပါဆုံးဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ထိန်းချုပ်နိုင်ရန်အတွက် တအာင်းတပ်TNLA က ယမန်နေ့ (နိုဝင်ဘာ ၂၆) မှစတင်ပြီး အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။
အဆိုပါကုန်သွယ်ရေးဇုန်သည် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတစ်ခုလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်သည့်နေရာဖြစ်သည်။ ပို့ကုန်သွင်းကုန်လိုင်စင်နှင့် အကောက်ခွန်ဆိုင်ရာဝန်ဆောင်မှုများပေးသည့် ထိုစခန်းကို ဖြတ်သန်းပြီး နယ်စပ်ဂိတ်ပေါက်များမှ ကုန်စည်များ တင်ပို့၊ တင်သွင်းနိုင်မည်ဖြစ်သည်။

တရုတ်နယ်စပ်မှ ဒုတိယအကြီးဆုံး ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကိုလည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုးကန့်တပ် MNDAA က သိမ်းပိုက်ထားရာ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို TNLA ကသာ ထိန်းချုပ်နိုင်ခဲ့ပါက တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတစ်ခုလုံး မြောက်ပိုင်းမဟာမိတ်တပ်များ၏ ထိန်းချုပ်မှုအောက် ရောက်သွားမည်ဖြစ်သည်။
မိုင်ပေါင်း ၁၃၀၀ ကျော် နယ်မြေထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခုရှိသော်လည်း မူဆယ်၊ ချင်းရွှေဟော်တို့က အဓိကနေရာများဖြစ်သည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ၂၀၂၃ ဧပြီလမှ အောက်တိုဘာလအထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာသန်းပေါင်း ၂၂၉၀ နီးပါးရှိရာ ထိုအထဲမှ ၆၅ ရာခိုင်နှုန်းဖြစ်သည့် ၁၄၈၃ သန်းသည် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှဖြစ်သည်။
မူဆယ်နှင့် ချင်းရွှေဟော် နှစ်ခုပေါင်းပါက ကန်ဒေါ်လာသန်းပေါင်း ၂၁၈၆ အထိ ရှိမည်ဖြစ်ပြီး ၂၀၂၃ ဧပြီလမှ အောက်တိုဘာလအထိ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုအားလုံး၏ ၉၅ ရာခိုင်နှုန်းအထိ ရှိသည်။
ဤအတောအတွင်း စစ်ကောင်စီက တိုက်ပွဲဖြစ်သည့်ဒေသများအကြောင်း မကြာခဏ သတင်းထုတ်ပြန်နေရာ ယနေ့ (နိုဝင်ဘာ ၂၇) ထုတ်ပြန်ချက်တွင် ရှမ်းပြည်နယ်အကြောင်း အနည်းငယ် ပါဝင်သည်။
“ဒီနေ့ ထိတွေ့တိုက်ပွဲများအခြေအနေကတော့ ရှမ်းပြည်နယ် (အရှေ့မြောက်) ဘက်မှာတော့ မူဆယ် (၁၀၅) မိုင်နားမှာ ထိတွေ့မှုများ ဖြစ်ပွားခဲ့တာရှိပါတယ်။ လောက်ကိုင်မြို့ကို ရှော့တိုက်ဒုံးနဲ့ မြို့ထဲကို ၄ လုံး လာပစ်ခဲ့ပါတယ်။ ကုန်းကြမ်းဘက်မှာလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ရှိပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဘက်တွင် “အကျအဆုံးများစွာရှိပါတယ်” ဟု စစ်ကောင်စီ၏ နိုဝင်ဘာ ၂၄ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မူဆယ်ဒေသခံတို့၏ စိုးရိမ်မှု
မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်ပေါ်တံတားနှင့် ၁၀၅ မိုင်ဂိတ်အနီးရှိ စစ်တပ်ဗျူဟာကုန်းတို့ကို စတင်တိုက်ခိုက်နေပြီး ထိုဒေသရှိ စခန်းများရရှိရေး ဆက်လက်တိုက်ခိုက်နေကြောင်း တအာင်းတပ် TNLA ၏ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီးတားအိုက်ကျော်က ပြောသည်။
“တိုက်ပွဲက နှစ်နေရာဖြစ်တာပေါ့။ ၁၀၅ မိုင်ဘက်မှာက မနေ့ည (နိုဝင်ဘာ ၂၆) က ဖြစ်တယ်။ တိုက်ပွဲအချိန်က မနေ့ညက ၂ နာရီကျော် ၃ နာရီလောက်ထိ ကြာတယ်။ ဒီမနက်ကတော့ ၃ နာရီခွဲလောက်မှာ နမ့်ပေါ်တံတားမှာ တိုက်ပွဲထပ်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
မူဆယ်ထိုးစစ်သည် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခုဖြစ်ပြီး စစ်ကောင်စီစခန်းကုန်းများကို ဆက်လက်ရှင်းလင်းသွားမည်ဟု ၎င်းက ပြောသည်။
“မူဆယ်မှာတော့ စခန်းကုန်းအကြီးကတော့ တစ်ခုရှိတယ်။ စခန်းအသေးတွေလဲ ရှိတယ်။
စခန်းတိုင်းကတော့ အကုန်လုံး အရေးပါပါတယ်။ အရေးပါလို့ပဲ ဒီစခန်းတွေကို ကျွန်တော်တို့က လိုက်လံ ရှင်းလင်းနေတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်တွင် လေတပ်ပစ်ခတ်မှုကြောင့် ၁၀၅ မိုင် ကားကြီးဝင်းအတွင်းသို့ လက်နက်ကြီးကျည်ဆန်များ ကျရောက်ခဲ့ပြီး စားသောက်ဆိုင်များ၊ မော်တော်ယာဉ်များ၊ ဟိုတယ်တချို့လည်း ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၆) တွင် ပြည်ထောင်စုလမ်းမပေါ်ရှိ Asia World ဂိတ်၊ ၁၀၅ မိုင်ဂိတ်တို့ကို ပိတ်ထားသည်၊ ၁၀၅ မိုင် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ပါက မူဆယ်မြို့ပါ သိမ်းပိုက်နိုင်မည်ဟု မူဆယ်ဒေသခံ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။
“ဟိုက (TNLA) လူသိပ်မလာဘူး။ (မောင်းသူမဲ့) ဒရုန်းတွေပဲ လာတာများတယ်။ သူတို့ (စစ်တပ်) က ဒရုန်းတွေကို လိုက်ပစ်လို့ အိမ်တွေ ကျည်ဆန်တွေထိတာ။ မနေ့ကတော့ မိုးပြိုမတတ်ပဲ။ ကျွန်မတို့က လေယာဉ်ပဲ ကြောက်တယ်။ လေယာဉ်က လျှောက်ပစ်တာလေ။ အိမ်တွေထိတယ်” ဟု ၎င်းက ပြောသည်။

မူဆယ်မြို့တွင် ဒေသခံပြည်သူများ လမ်းပေါ်တွင် ဆက်လက် သွားလာနေကြဆဲဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းထက် တိုက်လေယာဉ်အသုံးပြုပြီး ဗုံးကြဲမည်ကို မြို့ခံများက စိုးရိမ်နေကြသည်ဟု အသက် ၄၀ အရွယ် မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကြောက်တော့ ကြောက်ကြတာပေါ့။ အဓိကတော့ လက်နက်ကြီးကြောက်ကြတာ။ အိမ်ပေါ်ကျမှာတို့၊ သူတို့နား ကပ်ကျမှာတို့ကို ကြောက်ကြတာ။ သေနတ်သံကတော့ တော်တော်အတွေ့အကြုံရှိနေတော့ အဲဒီလောက် မကြောက်ကြတော့ဘူး။ အဓိကတော့ လေယာဉ်နဲ့ ကြဲမှာကို ကြောက်ကြတာ” ဟု ၎င်းက ပြောသည်။
အောက်တိုဘာ၂၇ က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တိုက်ပွဲများပြင်းထန်နေရာ အာဏာသိမ်းတပ်က စခန်းပေါင်း ၂၀၀ ကျော် လက်လွှတ်လိုက်ရသည်။
၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးရှိ ကျင်စန်းကျော့နယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၅ တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်ဟု ကိုးကန့်တပ် MNDAA က ထုတ်ပြန်ထားသည်။
ထို့ပြင် နိုဝင်ဘာ ၁၉ တွင် စတင်ထိုးစစ်ဆင်ခဲ့သည့် စစ်တပ်တပ်စွဲထားသည့် မူပန် (သိန္နီ) ခရိုင် နမ့်ဆလပ် စခန်းကုန်းရှိ စစ်ကောင်စီတပ်ရင်း ၅၄၇ နှင့် ၅၆၇ တို့ကိုလည်း နိုဝင်ဘာ ၂၄ တွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။
ထိုနမ့်ဆလပ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၆ ဦးကို သုတ်သင်နိုင်ခဲ့ပြီး ၃၁ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်၊ သံချပ်ကာကား ၁ စီး၊ ဟောင်ဝစ်ဇာအမြောက် ၂ လက်နှင့် အခြားလက်နက်ကြီး၊ လက်နက်ငယ်များကို သိမ်းဆည်းရရှိခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ပါရှိသည်။