
ဒေသခံပြည်သူနှင့် တိုင်းဝန်ကြီးချုပ်အကြား တင်းမာမှု မြင့်တက်နေချိန်တွင် တနင်္သာရီတိုင်းသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာသဖြင့် ကျေနပ်ဖွယ် အပြောင်းအလဲ တစ်ခု ပေါ်ပေါက်လာဖွယ်ရှိသည်ဟု ဒေသခံ အများအပြားက ယူဆနေသည်။
အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အမာခံနယ်မြေဖြစ်သော တနင်္သာရီတိုင်း ဒေသကြီးတွင် ဒေသခံအများအပြား နှင့် တိုင်းအစိုးရအကြား ရင်ကြားစေ့ရေး လိုအပ်နေသည်ဟု မြိတ်မြို့၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ တိုင်းရင်းသားရေးရာဌာန တာဝန်ခံ ဦးအောင်နိုင်ဦးက ပြောသည်။
“တိုင်းအစိုးရ အပြောင်းအလဲ ဖြစ်အောင်ကို လုပ်ရတော့မှာ။ မလုပ်ဘူးဆိုရင် ပြဿနာက NLD ဟာ တနင်္သာရီတိုင်း အတွင်းမှာ နိုင်ငံရေးအရ ယုံကြည်မှုကင်းလာမယ့် အနေအထား ဖြစ်သွားမယ်” ဟု ၎င်းက ပြောသည်။
မြိတ်ဒေသခံ တချို့ကလည်း တနင်္သာရီတိုင်းအတွင်း ပွင့်လင်းမြင်သာမှုမရှိသည့် စီမံကိန်း၊ စီးပွားရေး၊ လူမှုရေး အခက်အခဲများကို ရေးသားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူပါလာသည့် တိုင်ကြားစာ လက်ခံရေးဌာနသို့ တင်ပြထားကြောင်း Myanmar Now ကို ပြောကြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲတွင်လည်း အနည်းငယ် တင်ပြခွင့်ရခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က “တိုင်းအစိုးရကို ဆုံးမရန် လာသည်”ဟု ထုတ်ဖော်ပြောဆိုခဲ့သည့်အတွက် အပြောင်းအလဲတစ်ခု ဖြစ်ရန် မျှော်လင့်ထားကြောင်း ၎င်းတို့က ဆိုသည်။
တိုင်းဒေသကြီး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဒု ဥက္ကဋ္ဌ ဦးစဧရာဝင်းက ဒေါ်အောင်ဆန်းစုကြည်သည် တနင်္သာရီအရေးကို ထိထိရောက်ရောက် ကိုင်တွယ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
“လက်ရှိဒေသမှာ လူထု အဖြစ်ချင်ဆုံး ဆန္ဒကတော့ အစိုးရ အပြောင်းအလဲပါပဲ။ အစိုးရတစ်ရပ်လုံး ဆိုတာထက် လက်ရှိ တိုင်းအစိုးရထဲမှာရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ဆောင်ရွက်မှု အားနည်းတာတွေက အရမ်းများတဲ့အတွက် အဲဒါတွေ ပြောင်းလဲဖို့ မျှော်လင့်တာပါ၊”ဟု ၎င်းက Myanmar Now ကို ပြောသည်။
လူထုတွေ့ဆုံပွဲတွင်ပင် တိုင်းအစိုးရတာဝန်ရှိသူများနှင့် ပြည်သူများ စကားအချေအတင်ဖြစ်ခြင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာ ရုပ်သံတိုက်ရိုက်ထုတ်လွှင့်မှုတွင် မြင်တွေ့ခဲ့ရသည်။
တိုင်ကြားစာ
ပြီးခဲ့သည့်လအတွင်းက ထားဝယ်နှင့် မြိတ်မှ ဒေသခံ ၁၀၀ ကျော် လက်မှတ်ထိုးကာ ပါတီဌာနချုပ်သို့ ပေးပို့သည့် တိုင်ကြားစာတွင် တိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး NLD အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုး၊ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်း တို့နှင့် ပတ်သက်ပြီး ဖော်ပြထားသည်။
တိုင်း NLD အလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ဝန်ကြီးချုပ်သည် ဆွေမျိုးတော်စပ်ပြီး ဦးအောင်စိုး၏ သမီးကို ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိဖြစ်ခန့်အပ်ထားကြောင်း စာတွင် ထောက်ပြထားသည်။
ဒေသမီးလင်းရေးစီမံကိန်းတွင် နိုင်ငံတော်အား သဘာဝဓာတ်ငွေ့ဖိုး ကျပ်သိန်း ၈၀,၀၀၀ ကျော် ပေးသွင်းရန် အကြွေး တင်လျက်ရှိသော GGS ကုမ္ပဏီတွင် ဦးအောင်စိုး၏မိသားစုဝင်များ ပါဝင်နေခြင်း အပါအဝင် ဒေသအတွင်း စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး အဂတိမကင်းဟု ဆိုကာ တိုင်ကြားခဲ့ကြသည်။
ဝန်ကြီးချုပ်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာ တစ်စောင်ကိုလည်း တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ အပါအဝင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ၁၄ ဦး လက်မှတ်ထိုး၍ နိုင်ငံတော်သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ မကြာသေးခင်က ပေးပို့ထားကြောင်း သိရသည်။
တိုင်းအစိုးရ အပြောင်းအလဲလုပ်ပေးရန် တောင်းဆိုချက်တို့နှင့် ပတ်သက်ပြီး ယခုအချိန်တွင် မှတ်ချက် မပေးလိုကြောင်း ဒေသတွင်း လွှတ်တော်အမတ်အချို့က Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁၃ နေ့လယ်ပိုင်းက ဒေါ်အောင်ဆန်းစုကြည် မြိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံ တချို့က “အမေစု အလိမ်ခံနေရပြီ”၊ “တနင်္သာရီတိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ အမြန်ဆုံးပြောင်းပေး… တိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးအား ဖယ်ရှားပေး” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မြိတ်ဒေသခံတို့ကို “ပြည်သူကို ထိခိုက်စေတဲ့ ကိစ္စတွေ ဖြစ်လာပြီဆိုရင် ကျွန်မတို့က ပြတ်ပြတ်သားသား ဥပဒေ ဘောင်အတွင်းကနေ အရေးယူမှာ ဖြစ်ပါတယ်” ဟု ထိုနေ့တွင်ပင် ပြောဆိုခဲ့သည်။
တနင်္သာရီ အခြေအနေကို လေ့လာနေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ခရီးစဉ် တတိယနေ့တွင် ပြောသည်။
“တနင်္သာရီတိုင်း တိုးတက်မှုနဲ့ ပတ်သက်ပြီး ကိုယ်တိုင်လေ့လာပါတယ်။ သုံးသပ်ပါတယ်။ ကျွန်မတို့လည်း မြင်ပါတယ်။ တနင်္သာရီတိုင်းသာမက ဘယ်တိုင်း၊ ဘယ်ပြည်နယ်မှာ မဆို တိုင်းပြည်နယ်အစိုးရများရဲ့ လိုအပ် ချက်၊ အားနည်းချက်များကို တွေ့တဲ့အခါ အားနည်းချက်များကို ထောက်ပြရုံသာမက လက်တွေ့ကျကျ ပြုပြင်ဖို့ လုပ်နေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခုခရီးစဉ်သည် NLD အစိုးရ ဖွဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးသော တနင်္သာရီ ခရီးစဉ်ဖြစ်သည်။