သတင်း

ပဲခူးတိုင်း ဖြူးမြို့နယ်တွင် စစ်တပ်က လူသုံးဦးကို ဓားစာခံအဖြစ် ဖမ်းဆီး 

ပဲခူးတိုင်း (အရှေ့ပိုင်း) ဖြူးမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ကိုထက်မြက်စိုးနှင့် ကိုအောင်ဖြိုးသူဆိုသူ ဒေသခံနှစ်ဦးကို ဖမ်းမမိသဖြင့် မိသားစုဝင်သုံးဦးကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။ 

ဖြူးမြို့မှ မိုင် ၂၀ ခန့်အကွာရှိ ကညင်ဒိုင်းကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်ညပိုင်းတွင် စစ်တပ်က အင်အား ၅၀ နီးပါးဖြင့် ပိတ်ဆို့ကာ ကိုထက်မြက်စိုး၏ဖခင် အသက် ၅၀ ကျော်အရွယ် ဦးဟန်ဌေးနှင့် ကိုအောင်သူဖြိုး၏အစ်ကို အသက် ၃၀ အရွယ် ကိုဖြိုးသက်ဦး တို့ကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံနှစ်ဦးက Myanmar Now ကို ပြောသည်။

“ဓာတ်ပုံတွေနဲ့ လာတာ။ နာမည်စာရင်းနဲ့လာတယ်။ ရွာထဲက သူတို့ဘက်တော်သားတစ်ယောက်ကို ခေါ်ပြီး တော့ အိမ်ကို လိုက်ပြခိုင်းတယ်။ အိမ်မှာရှိတဲ့လူတွေကို အကုန်ဆွဲထုတ်ပြီးတော့ မေးတယ်။ လူမရှိဘူးဆိုပြီး ရှိတဲ့မိသားစုကို ဆွဲသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ကညင်ဒိုင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။ 

ထိုသို့ ရွာအတွင်း ဝင်ရောက်ဖမ်းဆီးပြီး အပြန်လမ်းတွင် စစ်တပ်က ပစ်ခတ်သောကြောင့် ဆီးခုံတွင် ဒဏ်ရာအပြင်းအထန်ရခဲ့သည့် လူငယ်တစ်ဦးမှာ ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။

“လမ်းမှာ ကြွက်ထိုးတဲ့ကောင်လေးက ကြောက်လို့ ထွက်ပြေးတော့ သေနတ်နဲ့ လိုက်ပစ်တာ။ မှန်သွားတယ်ဆိုပြီး လိုက်ရှာတော့ ပုန်းနေရတယ်။ အဲဒီနေ့ ညတွင်းချင်းပဲ ဆေးရုံတင်ပြီး ဆေးရုံမှာ သေမလိုရှင်မလို ဖြစ်နေတယ်” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။ 

ထို့နောက် ဒီဇင်ဘာ ၁၇ နံနက်ပိုင်းတွင် ကညင်ဒိုင်းရွာသို့ ရဲအချို့ ဆိုင်ကယ်ဖြင့် ရောက်လာကာ ထပ်မံရှာဖွေခဲ့သော်လည်း ဖမ်းဆီးခံရသူမရှိခဲ့ဟု ဆိုသည်။ 

သို့သော် ယမန်နေ့ (ဒီဇင်ဘာ ၁၈) နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်တပ်က ထိုရွာကို ထပ်မံစီးနင်းပြီး ကိုဖြိုးသက်ဦး၏ ညီအငယ်ဆုံးဖြစ်သူ တက္ကသိုလ်ဝင်တန်းကျောင်းသား အသက် ၁၇ နှစ်အရွယ် ကိုဖိုးကောင်းကင်ကို ဖမ်းဆီးသွားသည်။ 

စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားသည့် ထိုသုံးဦးနှင့် ပတ်သက်၍ လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်ကာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို ကျန်မိသားစုဝင်များက မသိရပေ။

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးထောင်ချရာတွင် အလိုရှိသူများကို ဖမ်းမမိပါက သက်ကြီးရွယ်အိုနှင့် ကလေးငယ်များပါမကျန် မိသားစုဝင်နှင့် ဆွေမျိုးသားချင်းများကို ဓားစာခံအဖြစ် ဖမ်းဆီးလေ့ရှိသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်များအရ ဓားစာခံအဖြစ် ဖမ်းဆီးခံရသူအရေအတွက်မှာ စက်တင်ဘာလတွင် ၂၅ ဦး၊ အောက်တိုဘာတွင် ၂၇ ဦးနှင့် နိုဝင်ဘာတွင် ၃၄ ဦးရှိသည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်၏ ဖမ်းဆီး၊ နှိပ်စက် သတ်ဖြတ်မှုများကို မှတ်တမ်းပြုစုနေသည့် AAPP ၏ အဆိုအရ ဒီဇင်ဘာ ၁၈ ရက်အထိ ဖမ်းဆီးခံခဲ့ရသည့် အရပ်သားပြည်သူ ၁၁,၀၀၀ ကျော်ရှိပြီး ၈၁၀၀ ကျော်မှာ ချုပ်နှောင်ခံထားရဆဲဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button