မေးမြန်းခန်း

ဒေါ်ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခြင်း (အင်တာဗျူး)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းသည် ဥပဒေ၊ ကျားမနှင့် နိုင်ငံရေးကျောင်းဖြစ်သော School of Law, Gender and Politics (SLGP) နှင့် တရားရုံး၊ လွှတ်တော်နှင့်အစိုးရ စောင့်ကြည့်ရေး အဖွဲ့ ဖြစ်သော Yangon Watch တို့ကို တည်ထောင်သူဖြစ်သည်။ Myanmar Now နှင့်တွေ့ဆုံရာတွင် အခြေခံဥပဒေပြင်ဆင်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်ကဏ္ဍ၊ တပ်မတော်နှင့်နိုင်ငံရေး စသည့် အချက်များကို ဖြေကြားထားသည်။

မေး။    ။ ဒေါ်ညိုညိုသင်းဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လွှတ်တော်ထဲ ဝင်ပြင်မယ်ဆိုပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပါတယ်။ ခုအချိန်မှာ ပြန်ကြည့်ရင် အဲဒီတုန်းက ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုံးဖြတ်ချက် ဘယ်လောက် မှန်ကန်မှုရှိပါသလဲ။ အခြေခံဥပဒေကို အရင် ပြင်ဆင်ပြီးမှသာ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းခဲ့သူတွေကိုရော ဘာများပြောချင်ပါသလဲ။

ဖြေ။     ။အဲဒါက ပြောဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို နှိုင်းယှဉ်ဖို့ဆိုတာ အခြေခံဥပဒေပြင်ပြီးမှ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဉ်ကြည့်စရာ မရှိလို့ပါပဲ။ ပြည်သူလူထု အနေနဲ့ရော နိုင်ငံရေးသမားတွေအနေနဲ့ရောပေါ့။ တကယ်ပဲ ဒီမိုကရေစီစံနှုန်းအရ ဆိုရင်တော့ အခြေခံဥပဒေကို ပြင်ဆင်ပြီးမှ ရွေးကောက်ပွဲကိုဝင်တာ အကောင်းဆုံးပဲပေါ့။ ဒါပေမယ့်လည်း လက်တွေ့မှာ အဲဒါဟာ အခြေအနေမပေးခဲ့ပါဘူး။ အခြေအနေ လုံးဝမပေးခဲ့တာကလဲ ဒီနေ့ထိပါပဲ။

အဲဒါအခြေအနေမပေးသလို ရွေးကောက်ပွဲဝင်ပြီး အခြေခံဥပဒေ ပြင်ဆင်မယ်ဆိုတဲ့ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကိုဝင် နိုင်ငံရေးအုပ်စုတွေကလည်း အခြေခံဥပဒေကို ဒီနေ့အထိ မပြင်နိုင်သေးဘူး။

အဲဒီတော့ ရှင်မေးတဲ့ မေးခွန်းကို ဖြေဖို့ဆိုရင် ကျွန်မက နှစ်ခုကို ယှဉ်တွဲပြီး ဘယ်ဟာက ပိုကောင်းသလဲဆိုတာ ကြည့်ရမှာဖြစ်တဲ့အတွက် အဲဒီယှဉ်တွဲစရာ အခြေခံဥပဒေကို ပြင်ပြီးမှဝင်ရ မယ်ဆိုတဲ့ အခြေအနေက ဒီနိုင်ငံမှာ အခုထိ မပေးတဲ့အတွက်ကြောင့် ဘယ်လိုဖြေရမှန်းကို မသိဘူးပေါ့။ ဒါကြောင့် ရှင်မေးခွန်းရဲ့အဖြေကို အမှန်ဆုံးပေးနိုင်လိမ့်မယ် မထင်ပါဘူး။ သုံးသပ်ချက်ပေးဖို့ ခက်ပါတယ်။

မေး။    ။၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူတွေ အများစုက ပြောခဲ့ကြတာက ရွေးကောက်ပွဲလိုင်းကသာ သွားမယ်ဆိုရင်တော့ တပ်မတော်က နိုင်ငံရေးကနေ ဆုတ်ခွာသွားလိမ့်မယ်လို့ ဆိုကြတယ်။ ခုဆို ရှစ်နှစ်ကြာခဲ့ပြီ။ တပ်မတော်ဟာ နိုင်ငံရေးကနေ တဖြည်းဖြည်း ဆုတ်ခွာနေပြီလို့ ထင်ပါသလား။

ဖြေ။     ။နိုင်ငံရေးဘက်မှာ အရင်တုန်းကလို တပ်မတော်က အုပ်ချုပ်ရေးပိုင်းမှာ ဝင်စွက်ဖက်တာ ကြီးကြီးမားမား မတွေ့ရတော့ပါဘူး။ မရှိတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ရှိတုန်းပဲ။ ပြည်သူလူထုဘက်ကလည်း အကြောက်တရား လျော့သွားတယ်။ ပြည်သူလူထုကလဲ သူတို့ကို အုပ်ချုပ်နေတာဟာ ဒီမိုကရေစီအစိုးရလို့ ယုံကြည်လာတာနဲ့အမျှ အစိုးရက ခန့်အပ်တဲ့ အုပ်ချုပ်ရေးအရာရှိတွေကို ပြောရဲဆိုရဲ မေးခွန်းထုတ်ရဲ ရှိလာတယ်။ ဒါကြောင့် ကျွန်မတို့က အုပ်ချုပ်ရေးကဏ္ဍမှာ တပ်ရဲ့ လွှမ်းမိုးမှုက လျော့ပါးလာပြီလို့ ပြောလို့ရလာပါတယ်။ ဒါက အနှစ်သာရပိုင်းအရ ပြောတာပါ။ အသွင်သဏ္ဌာန်အရ  ဆိုရင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ အများစုက တပ်က ခန့်အပ်ထားသူတွေ ဖြစ်နေပါတယ်။ အဲဒီ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ထဲမှာ တချို့က ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကိုလည်း တွေ့လာရပါတယ်။ တပ်ရဲ့ အမာခံတွေရှိသလို ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေလည်း ရှိလာပါတယ်။ အရင်ခေတ်ကဆို အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေ၊ စစ်ပွဲရပ်ဆိုတဲ့ လှုပ်ရှားမှုတွေ၊ မီဒီယာတွေ အရင်ကထက် လွတ်လပ်မှုတွေ တွေ့လာရပါတယ်။ ၂၀၁၀ ပြည့်နှစ် မတိုင်ခင်ကနဲ့စာရင်တော့ အခု အခြေအနေက အများကြီး ကောင်းလာတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် တိုင်းပြည်မှာ ဒီနေ့ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ၂၀၁၀ မတိုင်ခင်ကထက် စာရင် အများကြီး ပိုလာပါတယ်။ မေးခွန်းထုတ်တဲ့ လူတချို့ရှိတယ်။ ဒီနေ့တိုင်းပြည်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်လို့ ဖြစ်ရလားပေါ့။ ကျွန်မကတော့ အလုံးစုံ လက်မခံနိုင်ပါဘူး။ ဒါကို ၃၀ ရာခိုင်နှုန်းလောက်ပဲ လက်ခံနိုင်ပါ တယ်။ ဒီနေ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး အခက်အခဲတွေကို အခြေခံဥပဒေမပြင်ဘဲနဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက်တော့ ဖြေရှင်းနိုင်ပါတယ်။ မယုံရင် လုပ်ပြမယ်။ တကယ်လုပ်ပြနိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကို မလုပ်နိုင်ဘဲ တိုင်းပြည်ရဲ့ ပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာကို ကျွန်မ အပြည့်အဝ မယုံကြည် ပါဘူး။ အဲလိုပြောလို့ ကျွန်မက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကြောင့်ဆိုပြီး တိုင်းပြည်ရဲ့ ပြဿနာတွေကို မဖြေရှင်းဘဲ ၂၀၀၈ ကိုပဲ ပုံချပြီး ဒီတိုင်းထိုင်နေပြီး လခယူနေတာကိုတော့ ပြည်သူလူထုအတွက် မတရားဘူးလို့ ထင်ပါတယ်။

မေး။    ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဘောင်ထဲကနေ သွားခဲ့ကြတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေမှာ ဘယ်ကဏ္ဍတွေကို အားရမှု ရှိပါသလဲ။

ဖြေ။     ။ကျွန်မ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရှိခဲ့တဲ့ ၂၀၁၅ အထိ ကာလကိုပဲ ပြောရမှာပါပဲ။ ၂၀၁၅ ခုနှစ်အထိက တပ်မတော် ဦးဆောင်တဲ့ အစိုးရ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အာဏာလွှမ်းမိုးတဲ့ကာလ ဖြစ်ပါတယ်။ အဲဒီကာလမှာ ကြံ့ခိုင်ရေးကိုယ်တိုင်ကိုက အခြေခံဥပဒေကို ပြင်ဆင်ချင်ပါတယ်။ တပ်မတော်သားတွေကိုယ်တိုင်က အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်လို့ သူတို့ ကိုယ်တိုင်ပြောတယ်။ နိုင်ငံအနှံ့အပြားမှာ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ အကြံပြုချက်တွေ အများကြီး ဖိတ်ခေါ်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာ အများကြီးပဲ။ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားတွေ တောင်းပြီးတော့ ပြင်ဆင်ဖို့ကို ကြိုးစားအားထုတ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုပြီး လက်မှတ်တွေ ကောက်ခံခဲ့တယ်။ တကယ်ကိုပဲ သက်ဆိုင်ရာ အစိုးရကို ပို့ခဲ့နိုင်တယ်ပေါ့။ ပြည်သူလူထုဟာ အခြေခံဥပဒေကို ဘယ်လောက်တောင် ပြင်ဆင်လိုပါတယ်ဆိုတာကို သက်သေကောင်းတစ်ခုကို ပို့ခဲ့နိုင်ပါတယ်။ လွှတ်တော်ထဲမှာလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အချေအတင်ဆွေးနွေးပွဲတွေ ကြိမ်ဖန်များစွာ လုပ်ခဲ့ပါတယ်။ ခုထက်ထိ အဲဒီမှတ်တမ်းတွေ ရှိနေတယ်။ မဲခွဲခဲ့တာတွေရှိတယ်။ ကျွန်မ မှတ်မိတာက အဲဒီအချိန်တုန်းက ဒီမိုကရေစီအင်အားစုတွေ တော်တော်များများ မခံချိမခံသာဖြစ်ရတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုပြီး ရွေးကောက်ပွဲဝင်သွားခဲ့ပြီး ၄၄ နေရာရပေမယ့် ဖွဲ့စည်းပုံပြင်ဆင်မယ့်ကိစ္စကို တကယ်လုပ်သွားတာက ကြံ့ခိုင်ရေးက ဖြစ်နေ တယ်။ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌက အဆိုတင်သွင်းခဲ့တာ။ နိုင်ငံရေးအရ ဒီချုပ်ဟာ လက်ဦးမှု မယူတတ်ဘူးဆိုတာကို ပြောချင်တာပါ။ ကြံ့ခိုင်ရေးအမတ်တွေကပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးကို အဆိုတင်သွင်းပြီးတော့ ကော်မတီဖွဲ့စည်းပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါတယ်။ အကြီးအကျယ်ကို လုပ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ၂၀၁၄-၂၀၁၅ ကာလတုန်းက လွှတ်တော်ထဲမှာ ကြိုးပမ်းမှုကြီးတွေ ရှိခဲ့ပေမယ့် အဲဒီလို ကြိုးပမ်းအားထုတ်မှုမျိုးကို ၂၀၁၅ ရွေးကောက်ပွဲမှာ တက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်က မရှိဘူးဖြစ်နေတယ်။ အဲဒါကို ကျွန်မတို့က ကောင်းကောင်း မေးခွန်းထုတ်ရမယ်။

မေး။     ။ ဒုတိယသမ္မတ တစ်ဦးကို တပ်မတော်က တိုက်ရိုက်ရွေးကောက် တင်မြှောက်ခွင့်လိုအချက်တွေ၊ တပ်က ၂၅ ရာခိုင်နှုန်း ရှိနေတာတွေကိုရော တပ်နဲ့ကြံ့ခိုင်ရေးက ဦးဆောင် ပြင်ဆင်သွားလိမ့်မယ်လို့ ယူဆပါသလား။ ဒီအချက်တွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဖို့ကြိုးပမ်းခဲ့ရင်ရော သူတို့က လိုက်လျောလိမ့်မယ်လို့ ယူဆပါသလား။

ဖြေ။     ။ဒါကတော့ ခေါင်းဆောင်တွေရဲ့ ညှိနှိုင်းဆွေးနွေးရေးနဲ့ဆိုင်တဲ့ အစွမ်း (Negotation Skill) တွေနဲ့ပဲ ဆိုင်မယ်။ သက်ဆိုင်ရာ ခေါင်းဆောင်များ (တပ်မတော်အပါအဝင်၊ နိုင်ငံရေး ခေါင်းဆောင်တွေ)ရဲ့ ပြည်သူလူထုအပေါ်မှာ ဘယ်လောက်စေတနာထားသလဲ၊ ဒီမိုကရေစီကို ဘယ်လောက်ယုံကြည်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်လို့ ပြောရမှာပါပဲ။ အဲဒီ ခေါင်းဆောင်တွေက လူထုကို ဒီမိုကရေစီပေးချင်သလား၊ မပေးချင်ဘူးလား။ အဲဒီအပေါ်မှာ မူတည်နေပါတယ်။ ဒါကတော့ တပ်မတော်ကတော့ သူတို့ အသာစီးရထားလို့ ပြင်ချင်စိတ် မရှိဘူးလို့ တထစ်ချ မှတ်ထားလို့မရပါဘူး။ တပ်မတော်ခေါင်းဆောင်တွေထဲမှာ ဖွဲ့စည်းပုံကို ပြင်ချင်တဲ့ စိတ်ရှိထားတယ်လို့ ကျွန်မတို့သိထားရတာတွေ အများကြီးရှိပါတယ်။ တပ်က ၂၅ ရာခိုင်နှုန်း ရှိနေတာကို သူတို့ကိုယ်တိုင် သဘောမကျတဲ့သူတွေကိုလည်း ကျွန်မတို့ တွေ့ဖူးတာပဲ။ ဒါကြောင့် ခေါင်းဆောင်တွေရဲ့ နိုင်ငံရေးအရ ဘယ်လောက်ကျွမ်းကျင်၊ ပါးနပ်သလဲဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်ပါတယ်။ တကယ်လူထုကို စေတနာရှိတယ်ဆိုရင်တော့ အရပ်သားဖြစ်ဖြစ်၊ တပ်ကဖြစ်ဖြစ် ဒီအချက်ကို မလုပ်ရဲစရာ အကြောင်းမရှိပါဘူး။

မေး။    ။ ၂၀၁၀ နောက်ပိုင်း တရားစီရင်ရေး ကဏ္ဍကရော ပြောင်းလဲလာတယ်လို့  ယူဆပါသလား။

ဖြေ။     ။ တရားစီရင်ရေးမဏ္ဍိုင်ကတော့ ထူးထူးခြားခြား ပြောင်းလဲတာတော့ မရှိဘူးပေါ့။ အစိုးရသစ် တက်တက်ချင်း တစ်လ၊ နှစ်လ လောက်တော့ တရားရုံးတွေမှာ အတောင်းအရမ်း တွေ နည်းနည်းငြိမ်သွားတယ်။ ဒါပေမယ့် အစိုးရသစ်တက်ပြီးတော့ ခြောက်လလောက်မှာတော့ မူလအတိုင်းပဲ ပြန်ဖြစ်သွားတယ်။ တောင်းတတ်တဲ့လူက တောင်းမြဲပေါ့။ မတောင်းတဲ့ လူတွေကတော့ မတောင်းမြဲပေါ့။ မူလအတိုင်းပဲ ပြန်ဖြစ်သွားတယ်လို့ပဲ ပြောရတော့မှာပေါ့။

မေး။    ။အဓိကကျတဲ့ အခြေခံဥပဒေကို မပြင်ဆင်ဘဲ တရားစီရင်ရေးမဏ္ဍိုင်ကို ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ။     ။ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်မှ တရားစီရင်ရေးမဏ္ဍိုင်ကို ပြင်ဆင်နိုင်တာမျိုးမဟုတ်ဘူး။ ဥပဒေသမားတစ်ယောက် အနေနဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်ကို တည့်မတ်လို့ရတယ်။ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို ပြင်ဖို့ဆိုတာက လွှတ်တော်မှာလည်း လုပ်လို့ရတယ်။ လွှတ်တော်မှာလည်း NLD က မဲအများဆုံး ရထားတာဖြစ်တဲ့အတွက် ဒါ ကောင်းကောင်းကြီး ပြင်နိုင်တယ်။ ဘာကြောင့်မပြင်တာလဲ ဆိုတာတော့ ကျွန်မလည်း မပြောနိုင်ပါဘူး။

မေး။    ။တရားရေးကဏ္ဍကို အစိုးရသစ်က ကိုင်တွယ်လို့မရတဲ့ အနေအထား ဖြစ်နေတာလား။

ဖြေ။     ။တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး ကဏ္ဍတွေက လွတ်လပ်ဖို့ လိုပါတယ်။ ဒါကြောင့် လွတ်လပ်စွာရှိနေတဲ့ တရားစီရင်ရေးကဏ္ဍကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ထိန်းကျောင်းနိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ဥပမာအားဖြင့်ဆိုရင် လွှတ်တော်တွေက တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်နေပြီဆိုတာ အချက်အလက် ခိုင်ခိုင်မာမာ တွေ့လို့ရှိရင် တရားသူကြီးတွေကို ပြစ်တင်ရှုတ်ချလို့ရတယ်။ လူလဲပစ်လို့ရတယ်။ တချို့တွေကထင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားသူကြီးတွေကို ဖြုတ်လို့ မရဘူးပေါ့။ ဒါကြောင့်မို့လို့ တရားစီရင်ရေးကို ထိန်းကျောင်းလို့ မရဘူးပေါ့။ အဲဒါတွေက အကုန်မမှန်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို တရားရုံးချုပ် တရားသူကြီးတွေကို ပြစ်တင်ရှုတ်ချနိုင်တယ်။ လွှတ်တော်တွေကနေ ဖြုတ်ချလို့ရတယ်။

မေး။    ။ လက်ရှိတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက တပ်မတော်ဘက်ကနေလာသူ ဖြစ်နေတယ်။ စစ်ဥပဒေချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ဖူးတယ်။ သူ့အပေါ် ဘယ်လို သုံးသပ်ပါသလဲ။

ဖြေ။     ။ကျွန်မကတော့ သူ့ကို အစည်းအဝေးတွေမှာ တွေ့ဖူးသလောက်ကတော့ တစ်ကြိမ်၊ နှစ်ကြိမ်လောက်သာ ရှိတော့ လုံလောက်တဲ့အချက်အလက် မရှိလို့ မသုံးသပ်နိုင်ပါဘူး။ ဒါပေမယ့် လက်ရှိအစိုးရနဲ့လွှတ်တော်ကို ပြောချင်တာကတော့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက ထောက်ပြနေကြတယ်။ အဲဒါဆိုရင် ဖြောင့်မှန်တဲ့ တရားစီရင်ရေးကို ဖော်ဆောင်မယ့် တရားသူကြီးချုပ်တွေကို ရှာဖွေသင့်ပါတယ်။ အဲလိုပြောလို့ ဦးထွန်းထွန်းဦးကို မသင့်တော်ဘူးလို့ ပြောတာမဟုတ်ဘူး။ တပ်ဘက်က လာတာဖြစ်တာကြောင့် သူ့ရဲ့ ကျွမ်းကျင်မှုဟာ တပ်ဘက်မှာ ပိုများလိမ့်မယ်။ တပ်နဲ့ ဆိုင်တဲ့ဘက်မှာ ဖြစ်လိမ့်မယ်။ ကျွန်မတို့နိုင်ငံမှာ တပ်မဟုတ်တဲ့ ပြည်သူလူထုက ၉၀ ရာခိုင်နှုန်းလောက် ရှိနေတယ်။ ပြည်သူလူထုအတွက် တရားမျှတမှုကို ဖော်ဆောင်ဖို့ဆိုရင် ပြည်သူလူထုနဲ့ အနီးစပ်ဆုံး ဥပဒေပညာရှင်တွေကို စဉ်းစားသင့်တယ်။ တပ်မတော်အစိုးရက တပ်နဲ့ နီးစပ်တဲ့ ဥပဒေပညာရှင်ကို ခန့်ထားခဲ့တာဟာ သဘာဝကျတယ်။ တပ်မတော်အစိုးရက ခန့်ထားတဲ့ တပ်နဲ့ နီးစပ်တဲ့ ဥပဒေပညာရှင်ကို ဒီမိုကရေစီအစိုးရလို့ ခေါ်တဲ့ အရပ်သားအစိုးရက ဆက်ခန့်ထားပြီးတော့ တရားစီရင်ရေးမဏ္ဍိုင်ကို ထိန်းကျောင်း၊ အုပ်ချုပ်စေတာကတော့ ကျွန်မအနေနဲ့ကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ သူက ပြည်သူလူထုနဲ့နီးစပ်တဲ့ ဥပဒေပညာရှင်လို့ ပြောဖို့ခက်တယ်။ ဘာကြောင့်လဲဆိုတော့ သူဟာ တပ်မတော်က လာခဲ့တဲ့ တပ်မတော်က မွေးထုတ်ထားတဲ့ တရားသူကြီးတစ်ယောက်ဖြစ်လို့ပဲ။

မေး။    ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း တရားရေးမဏ္ဍိုင်ကို အပြောင်းအလဲလုပ်ဖို့အတွက် အစိုးရတာဝန်ကို စယူချိန်ကတည်းက ပြောခဲ့တယ်။ ဒီချုပ်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံမှာလည်း တရားဥပဒေစိုးမိုးရေးဆိုတဲ့ အချက်ကို အရေးကြီးတဲ့အချက်အနေနဲ့ ထည့်ထားတာ တွေ့ရတယ်။ ဒါပေမဲ့ ဘာလို့ ခုထက်ထိ ရွေးကောက်ပွဲကတိကဝတ်အတိုင်း အကောင်အထည်ဖော်ဖို့ကို နှေးကွေးနေသေးတာလဲ။

ဖြေ။     ။ကျွန်မအနေနဲ့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘူးလို့ပဲ ယူဆတယ်။ ပွင့်ပွင့်လင်းလင်းပဲ ပြောရတော့မှာပဲ။ ဘာကြောင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုပဲဆိုဆို ပြည်ထောင်စုတရားစီရင်ရေးဥပဒေဆိုတာ လွှတ်တော်က ပြဋ္ဌာန်းလို့ရတယ်။ အစိုးရ အဆက်ဆက်မှာ ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို အကြိမ်ကြိမ် ပြင်ခဲ့တယ်။ ဒီချုပ်အစိုးရလက်ထက်မှာလည်း ဒီဥပဒေကြီးကို ပြင်ဆင်ပြဋ္ဌာန်းလို့ရတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်အောင်ကို လုပ်လို့ရတယ်။ ကျွန်မလို အင်မတန် ငယ်ရွယ်တဲ့ ဥပဒေသမားတောင်မှ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးစနစ်ကို ဘယ်လိုသွားရမယ်၊ လုပ်ရမယ်ဆိုတာကို နည်းလမ်းတွေရှိတယ်။ ဘာကြောင့် အစိုးရက မရှိရတာလဲ။ ဒါကို ကျွန်မက မသင်္ကာဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့် တရားသူကြီးချုပ်ကို မလဲတာလား။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့် ပြည်ထောင်စုတရားစီရင်ရေးဥပဒေကို မပြင်ဆင်တာလား ဆိုပြီးတော့ မေးခွန်းထုတ်ရမလို ဖြစ်လာတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးစနစ်နဲ့ ဘာမှမဆိုင်ဘူး။ မှန်ကန်တဲ့ တရားစီရင် ရေးစနစ်ကို ဖန်တီးပေးခြင်းအားဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူတောင်ပြုမှာ။ ဘာကြောင့်လဲဆိုတော့ တပ်မတော်ကလည်း အကြိမ်ကြိမ် ပြောတယ်။ သူတို့လည်း တရားဥပဒေစိုးမိုးရေးကို လိုလားတယ်။ သူတို့လည်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ အကြိမ်ကြိမ် ပြောနေတာကြောင့် မှန်ကန်တဲ့ တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေး ကို တပ်မတော်က လိုချင်နေတာ အမှန်ပဲ။ သူတို့ ခေါင်းဆောင်တွေရဲ့ ပြောစကားအရ ဆိုရင်ပေါ့လေ။ ဒါကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ယိမ်းယိုင်တဲ့ တရားစီရင်ရေး စနစ်ကို မှန်ကန်တဲ့ တရားစီရင်ရေးအဖြစ် မလုပ်နိုင်ဘူး ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ သမ္မတဦးဝင်းမြင့်ကလည်း မှန်ကန်တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင် ထိန်းကျောင်းမယ် လို့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့တာပေါ့။ ဒါကြောင့် ကျွန်မက အရင်သမ္မတလက်ထက်မှာ မလုပ်နိုင်ခဲ့ပေမယ့် အခုသမ္မတလက်ထက်မှာတော့ ထိုက်သင့်တဲ့ ပြုပြင်ပြောင်းလဲမှုကို လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Show More

Related Articles

Back to top button