သတင်း

စစ်ကိုင်းတိုင်းတွင် NUG တရားစီရင်ရေးယန္တရား စတင်လည်ပတ်

လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းလာသည့် စစ်ကိုင်းတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ တရားစီရင်ရေးယန္တရား စတင်လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ကသာမြို့နယ်တွင် မြို့နယ်တရားရုံး ဖွင့်လှစ်လိုက်ကြောင်း၊ မြို့နယ်အတွင်း နယ်လှည့်တရားစီရင်ရေးလုပ်ငန်းများကို ပြီးခဲ့သည့် လအနည်းငယ်ကတည်းက စတင်ခဲ့ကြောင်း အဆိုပါတရားရုံးမှ တာဝန်ခံက ပြောသည်။ 

“အစောပိုင်းကာလက ရွေ့လျားပုံစံပေါ့။ နယ်မြေစိုးမိုးမှု အသင့်အတင့်ရတဲ့နေရာတွေမှာ အမှုလေးတွေ လိုက်စစ်ခဲ့တာရှိတယ်၊ အခုရုံးဖွင့်ဖြစ်တဲ့နေရာကလည်း အပြည့်အဝမဟုတ်ရင်တောင် ၇၅ ရာခိုင်နှုန်းလောက် စိုးမိုးထားနိုင်တဲ့နေရာဖြစ်ပြီး လုံခြုံရေးလည်း တာဝန်ယူပေးထားပါတယ်” ဟု ဆိုသည်။

ကသာမြို့နယ်တရားရုံးတွင် မူးယစ်မှု ၃ မှုနှင့် တရားမမှုတစ်မှု လက်ခံ စစ်ဆေးနေပြီး CDM ရဲတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) များက အမှုတည်ဆောက်ပေးနေသည်ဟု သိရသည်။

တရားစီရင်ရေး အသက်ဝင်နိုင်ရန်အတွက် အဓိကကျသော တရားခံဖမ်းဆီးရေး၊ တရားခံထိန်းသိမ်းရေး လုပ်ငန်းများအတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များက တာဝန်ယူဆောင်ရွက်ပေးနေသည်ဟု အဆိုပါ တာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်းတစ်ခုလုံးတွင် တရားရေးဌာနများဖွဲ့စည်းရန် NUG က ညွှန်ကြားထားပြီးဖြစ်သလို အထောက်အကူပြုရန်အတွက် ပလဖအဖွဲ့များကိုလည်း မြို့နယ်တိုင်းတွင် ဖွဲ့စည်းထားသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စသည့်မြို့နယ်များတွင် တရားစီရင်ရေးလုပ်ငန်းကို ပြီးခဲ့သည့် ၄ လခန့်မှ စတင်ကာ ဆောင်ရွက်နေပြီး အင်းတော်၊ ဗန်းမောက်စသည့် မြို့နယ်များတွင်လည်း တရားရေးလုပ်ငန်းများ စတင်ရန် စီစဉ်နေပြီဟု ၎င်းက ဆိုသည်။

ထီးချိုင့်မြို့နယ်အတွင်း တရားရုံးဖွင့်လှစ်နိုင်ခြင်းမရှိသေးသော်လည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံး တည်ဆောက်ထားပြီး အချုပ်သားများ၊ တရားခံများကို ထိန်းသိမ်းရန် အချုပ်ခန်းတစ်ခုပါ စီစဉ်ထားသည်ဟု ထီးချုင့် (ပအဖ) မှ အထက်ပါ တာဝန်ခံက ဆက်ပြောသည်။

“တစ်နေရာတစ်ရုံးဆောက်ဖို့က အဆင်မပြေသေးဘူး၊ အဲဒါကြောင့် မြို့နယ်ရုံးမှာပဲ အကုန်လုံး စုနေပြီးတော့ အမှုမျိုးစုံပေါ့၊ သယံဇာတကအစ အဲဒီရုံးမှာပဲ ဆုံးဖြတ်ပြီး၊ အဲဒီကနေပဲ ညွှန်ကြားပါတယ်” 

ထီးချိုင့်တရားရေးဌာနက မူးယစ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုမျိုးစုံကို ပြီးခဲ့သည့် ၃ လခန့်မှ စတင်ကာ စစ်ဆေးနေပြီး နေရာအခက်အခဲအရ တရားရုံးဖွင့်လှစ်ရန် အချိန် အနည်းငယ်ကြာဦးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကကြီးအက္ခရာနှင့် အစပြုသော၊ ကသုံးလုံးနယ်မြေဟု ၎င်းတို့ ခေါ်ဆိုသော ကသာ၊ ကောလင်း၊ ကန့်ဘလူ စသည့် ခရိုင်သုံးခုတွင်  အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေပြီဟု ဆိုသည်။

“ပထမဦးဆုံး လွတ်မြောက်နယ်မြေဖြစ်ဖို့၊ NUG စိုးမိုးနယ်မြေဖြစ်ဖို့က ကျွန်မတို့က ပထမဦးဆုံးက ကသုံးလုံးက အဓိကပေါ့ ။ ပြီးတော့ မကွေးပါလာတယ်၊ အဓိကဦးစားပေးက ကသုံးလုံးနယ်မြေပေါ့၊ ဒီနယ်မြေမှာ အားလုံးက ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ဖွဲ့ပြီးသလို ပလဖလည်းဖွဲ့ပြီးပြီ၊ မြို့နယ်တရားရေး၊ ဥပဒေရေးရာလည်း ဖွဲ့ပြီးပြီ၊ ပညာရေးဆိုရင် ကျောင်းတွေတောင် ဖွင့်ပြီးတော့ စာသင်နေပါပြီ” ဟု ၎င်းက ပြောသည်။

နယ်မြေထိန်းချုပ်မှု

အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကိုပင် ပစ်သတ်သည့် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်ရာတွင် စစ်ကိုင်းတိုင်းအတွင်းရှိ တပ်ဖွဲ့များမှာ အားကောင်းလျက်ရှိပြီး နယ်မြေအများစုကို စိုးမိုးထားနိုင်သည်။

အင်းတော်၊ ကသာ၊ ထီးချိုင့် စသည့် စစ်ကိုင်းနှင့် ကချင်ပြည်နယ် ထိစပ်နေသောဒေသရှိ  မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့၏ အုပ်ချုပ်ရေးအာဏာမှာ ၎င်းတို့ တပ်စခန်းများ တည်ရှိရာ မြို့တွင်းရပ်ကွက်များတွင်သာ သက်ရောက်မှုရှိပြီး သက်ဆိုင်ရာ မြို့နယ်တိုင်း၏ ၇၅ ရာခိုင်နှုန်းအထက်ကို ဒေသခံ ကာကွယ်ရေးအဖွဲ့များ လှုပ်ရှား ထိန်းချုပ်နေသည်။

စစ်ကောင်စီ ရဲတပ်ဖွဲ့များ၏ ရာဇဝတ်နှိမ်နှင်းရေးနှင့် အုပ်ချုပ်ရေးအစီအစဉ်များမှာလည်း မြို့ပေါ်၌သာ အကောင်အထည်ဖော်နိုင်ပြီး လက်ကျန်အမှုအခင်းများကိုပင် နိုင်နင်းအောင် မဆောင်ရွက်နိုင်ကြောင်း ဒေသခံများက ဆိုသည်။ 

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲ၏ အဓိကအလုပ်မှာ လက်နက်ကိုင်ခုခံသူများ၊ အဆိုပါခုခံသူများနှင့် ဆက်စပ်ဖွယ်ရှိသူများကို တိုက်ခိုက်ရာတွင် စစ်တပ်နှင့် ပူးပေါင်းလုပ်ကိုင်ခြင်း ဖြစ်လာသည်။

မြို့ပေါ်ရပ်ကွက်များတွင် ရှိတတ်သည့် စစ်ကောင်စီလက်အောက်ရောက် တရားရုံးများ မည်သို့လည်ပတ်နေသည်ကို မသိရသေးပေ။

NUG ၏ မကွေးတိုင်းအတွင်း နယ်မြေများ

NUG အစိုးရက မကွေးတိုင်း ဒေသတချို့တွင်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရား တည်ဆောက်လည်ပတ်ရန် ကြိုးပမ်းနေသည်ဟု သိရသည်။ 

NUG အစိုးရ၏ တရားရေးဝန်ကြီး ဦးသိန်းဦးက စစ်ကိုင်းတိုင်းအပါအဝင် စုစုပေါင်း မြို့နယ် ၂၄ မြို့နယ်တွင် တရားစီရင်ရေးလုပ်ငန်းများ စတင်လည်ပတ်နေပြီဖြစ်ကြောင်း ၉၀ ရာခိုင်နှုန်းကျော် အောင်မြင်မှု ရှိကြောင်း Myanmar Now ကို ပြောသည်။

အဆိုပါ မြို့နယ်အားလုံးတွင် အချုပ်ခန်းနှင့် ထောင်များ အပြည့်အဝ မတည်ဆောက်နိုင်သေးသော်လည်း အမှုစစ်ဆေးကြားနာမှုများ စတင်နေပြီဟု ဆိုသည်။ 

“တရားဥပဒေစိုးမိုးမှုရှိဖို့ လိုတယ်၊ ဒါတွေကို အာမခံပေးဖို့ တရားရုံးတွေရှိဖို့လိုတယ်၊ ဒါတွေက လူထုအတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ဖန်းတီးပေးနိုင်တယ်ဆိုတာ လူထုကို အသိပေးဖို့ဖြစ်ပါတယ်” တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောသည်။

လွတ်မြောက်နယ်မြေများအတွင်း တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုကို ဖန်တီးထားနိုင်မှသာ တော်လှန်ရေးကို ဆက်လက် အရှိန်မြှင့်ဆောင်ရွက်နိုင်မည်ဟုလည်း ၎င်းက ဆိုသည်။

လက်နက်ကိုင်တော်လှန်မှု နိုင်ငံအနှံ့တွင် ပေါ်ပေါက်နေသဖြင့် စစ်ဗိုလ်ချုပ်များက နေရာအနှံ့အပြားကို စစ်တပ် စေလွှတ်ရန် အခက်တွေ့နေသည်။ ပြောက်ကျားတော်လှန်သမားတို့၏ အဓိကတိုက်ခိုက်ရေးနည်းလမ်းမှာ စစ်သားများ လာမည့် လမ်းကြောင်းတွင် မိုင်းထောင်တိုက်ခိုက်ခြင်း ဖြစ်လာရာ စစ်ဗိုလ်ချုပ်များက စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စေလွှတ်သည့်အခါ ရဟတ်ယာဉ်များကို ပိုမို အသုံးပြုလာသည်။

စစ်ရဟတ်ယာဉ်များက NUG ထိန်းချုပ်ဒေသ စာသင်ခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ NUG ၏ အုပ်ချုပ်ရေးယန္တရားကို ထိခိုက်စေလိုသောကြောင့် ဖြစ်နိုင်သည်ဟု လေ့လာသူတချို့က ယူဆနေသည်။

NUG ထိန်းချုပ်နယ်မြေများတွင် ပါဝင်သွားနိုင်သည့် ကျေးရွာအများအပြားကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးလျက်ရှိသည်။ အရပ်သားနေအိမ်များကို မီးရှို့မှု ရပ်တန့်ရန် နိုင်ငံတကာက အာဏာသိမ်း စစ်ကောင်စီကို တောင်းဆိုနေသော်လည်း စစ်ကောင်စီကမူ ထိုဖျက်ဆီးမှုများမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ ၎င်းတို့၏ တပ်များက ပြည်သူကို အကာအကွယ်ပေးနေကြောင်း တုံ့ပြန်လေ့ရှိသည်။

စစ်ကိုင်းတိုင်းအတွင်း ခုခံတော်လှန်သူများထဲတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA ထိန်းချုပ်နယ်မြေတွင် သင်တန်းတက်ထားသူများ ပါဝင်သလို လက်နက်အကူအညီကိုလည်း ထိုအဖွဲ့ထံမှပင် ရရှိနေသည်ဟု ယုံကြည်ရသည်။ 

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မြို့တချို့တွင်လည်း တော်လှန်ရေးအဖွဲ့များနှင့် KIA ပူးပေါင်းပြီး လှုပ်ရှားနေသည်။

အွန်လိုင်းလူမှုကွန်ရက်တွင်လည်း စစ်ကောင်စီအတွက် လှုံ့ဆော်ရေးသားနေသူများက KIA ကို တိုက်ခိုက်ရန် တိုက်တွန်းလျက်ရှိသည်။

အောက်တိုဘာ ၂၄ တွင်မူ စစ်လေယာဉ်များက KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲပြုလုပ်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ ကျေးရွာတစ်ခုကို သွားရောက်ဗုံးကြဲတိုက်ခိုက်ရာ ထိုရွာတွင် ရှိနေသူအများအပြား သေဆုံး၊ ဒဏ်ရာရသွားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button