
ဒီဇင်ဘာ ၇ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာတချို့ပေါ်သို့ လက်နက်ကြီးကျည်များ အဆက်မပြတ် ကျရောက်လာသည်။ များမကြာမီ ထိုရွာများပေါ်သို့ ရဟတ်ယာဉ်ရောက်လာပြီး ပစ်ခတ်ပြန်သည်။
စစ်ကောင်စီတပ်၏ ပစ်မှတ်မှာ ပြောက်ကျားစနစ်သုံးပြီး တိုက်ခိုက်တတ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များဖြစ်သောကြောင့် ထိုပစ်ခတ်မှုများမှာ ကျည်ဆန်ဖြုန်းခြင်းပင် ဖြစ်သည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ကိုဇီးရိုးက ပြောသည်။
“ဘယ်နေရာမှာမှ အတည်တကျနေတာမဟုတ်တဲ့ဟာတွေကို ဒီလိုမျိုး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထိုးစစ်ဆင်နေတာဟာ ဘာမှ ဖြစ်မလာနိုင်တဲ့ စစ်တပ်ရဲ့ ထိုးစစ်ပဲ။ ထင်ရာပစ်နေတာပါဗျာ” ဟု စစ်ကောင်စီတပ်၏ ရန်ကြောင့် ထွက်ပြေးနေရသူတို့ကို ကူညီနေသူ ကိုဇီးရိုးက ပြောသည်။
စစ်ကိုင်းတိုင်းမှ PDF များသည် အခြားသော ဒေသများမှ ခုခံစစ်ဆင်သူများနည်းတူ လက်နက်အင်အားမှာ အကန့်အသတ်နှင့်သာ ရှိနေသည်။ သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ထိုဒေသကို စစ်ဆင်ရာတွင် ခြေလျင်တပ်များသာမက လေတပ်ကိုပါ အသုံးပြုတိုက်ခိုက်နေသည်။
ရဟတ်ယာဉ် အသုံးပြုမှု
နိုဝင်ဘာ ၈ မှစ၍ စစ်ရဟတ်ယာဉ် ၆ စီးက ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နှင့် ဘုတလင်နယ်များနှင့် ထိစပ်နေသော နှောဒေသရှိ ကျေးရွာများအနီးသို့ နေရာ ၂ ခုတွင် စစ်သည် စုစုပေါင်း ၁၅၀ ခန့်ကို လာချသွားသည်။
စစ်သားများ ရွာအတွင်းဝင်ပြီး အဖိုးတန်ပစ္စည်းများ ယူဆောင်သွားခြင်း၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စသည့် ဖြစ်ရပ်များသည် ဒီပဲယင်းဒေသ ရွာများတွင် ဇွန်လကတည်းက ဖြစ်ပွားခဲ့ရာ စစ်သားများ ထပ်ရောက်လာသည်နှင့် ထောင်နှင့်ချီသည့် ဒေသခံ ကျေးရွာသားများမှာ အိုးအိမ်စွန့်ခွာပြီး ပုန်းရှောင်လိုက်ကြသည်။
နှောနယ်တောင်ဘက် ဝက်ပုတ်နှင့် နှောပင်ကြီးကျေးရွာများဘက်သို့ အင်အား ၇၁ ဦး ရောက်သွားသည်။
ထိုစစ်ကြောင်းမှာ ဝက်ပုတ်၊ နှောပင်ကြီး၊ ဆပ်ပြာကျင်း ကျေးရွာများနှင့် နှောနယ်အနောက်ဘက်ရှိ PDF များ စခန်းချနေထိုင်နိုင်သည်ဟု ယူဆရသည့် တောင်ကုန်းများကို တစ်လနီးပါးကြာအောင် ဝင်ရောက်မွှေနှောက်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာ ၂ တွင် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ကနီနှင့် မင်းကင်းနယ်စပ် ဇင်ကလဲကျေးရွာအနီးသို့ ခြေလျင်စစ်ကြောင်းထိုးခဲ့သည်။
အင်အား ၈၃ ဦးပါဝင်သည့် စစ်ကြောင်းမှာ နိုဝင်ဘာ ၉ တွင် နှောနယ်အရှေ့ဘက် တောစပ်ကျေးရွာများဖြစ်သည့် ဝန်းရံ၊ ကုန်းရိုး၊ တပ်တည်နှင့် အင်ဘုတ်ကျေးရွာများသို့ ရောက်ရှိလာသည်။
ထိုနေ့ နံနက်ပိုင်းတွင် ဝန်းရံကျေးရွာမှ နေအိမ် ၁ လုံး၊ ကုန်းရိုးရွာအတွင်းမှ နေအိမ် ၄ လုံးကို မီးရှို့ခဲ့သည်ဟု အင်ဘုတ်ရွာသားက Myanmar Now ကို ပြောသည်။
သူနေထိုင်သည့် အင်ဘုတ်ကျေးရွာမှာ အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ရဟတ်ယာဉ်များ ရောက်ရှိလာသည့် နိုဝင်ဘာ ၈ မှစ၍ မိသားစုဝင်များနှင့်အတူ ထွက်ပြေးခဲ့ကြရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုရွာသားက ပြောသည်။
“ကျွန်တော်တို့က ခုနေတဲ့ နေရာက ယာလုပ်တဲ့ ကုန်းပေါ့၊ မြေပဲခင်းမှာပဲ ခိုလှုံနေရတယ်။ အင်ဘုတ်ရွာက လူတွေကလည်း နီးစပ်ရာပဲ သွားနေကြတယ်။ ကုန်းတွေကြားထဲမှာ ယာခင်းတွေ တောရိုင်းတွေကြားမှာပဲ ယာယီတဲလေးတွေထိုးရင်းနေကြတယ်” ဟု သူက ပြောသည်။
ရဟတ်ယာဉ် ၃ စင်း လာရောက်ပစ်ခတ်ပြီးနောက် နွားလှည်းနှင့် ၂ နာရီနီးပါး သွားရသည့် ယာခင်းသို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
စစ်ကောင်စီတပ်များ နေရာပြောင်းရွှေ့ချိန်၊ စစ်ဆင်ချိန်တွင် ထရပ်ကားများ အသုံးပြုလျှင် ဒေသခံ PDF တပ်ဖွဲ့ဝင်များ၏ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်မှုကြောင့် အကျအဆုံးများ၊ အထိနာကြသည်။
ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းသွားလာမှုမှာ ကြားဖြတ်တိုက်ခိုက်ခံရမှုကို လျှော့ချနိုင်ကြောင်း တွေ့ရသည်။

နှောဒေသတွင် စစ်တပ် အထိနာခြင်း
အင်အား ၈၃ ဦး ပါဝင်သည့် စစ်ကြောင်းမှာ ကျေးရွာများကို မွှေနှောက်ဖျက်ဆီးပြီးနောက် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် ရေဦးမြို့နယ်အတွင်းသို့ ဆက်လက်ချီတက်သွားခဲ့သည်။ PDF ရှာဖွေရေးစစ်ကြောင်းကို ပြောက်ကျားစစ်ဆင်နိုင်ရန် ခြေရာခံလိုက်ပါခဲ့သည်၊ နိုဝင်ဘာ ၁၄ တွင် ရေဦးမြို့နယ်အဝင် ညောင်လယ်ကျေးရွာအဝင်တွင် ထိုစစ်ကြောင်းကို စတင်တိုက်ခိုက်သည်ဟု ဒီပဲယင်း PDF ခေါင်းဆောင်တစ်ဦးက ပြောသည်။
ထိုရွာတွင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂၀ ခန့် သေဆုံး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ထိုတိုက်ခိုက်မှုတွင် ဒီပဲယင်း PDF သည် ရေဦးစွန်ရဲပြောက်ကျားအဖွဲ့၊ ရေဦး PDF တို့အပါအဝင် ဒေသခံ PDF ပူးပေါင်းအဖွဲ့များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၁၆ တွင် ရေဦးမြို့နယ် တင်းတိမ်ရံရွာတွင်လည်း တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့က ဆက်တိုက်ပဲ နောက်ကနေလိုက်ပြီးတော့ ပြောက်ကျားနဲ့ မိုင်းဆွဲတာပေါ့။ တင်းတိမ်ရံရွာကိုလည်း သူတို့က တောက်လျှောက်ပဲ လက်နက်ကြီးတွေနဲ့ ပစ်တယ်ပေါ့။ အဲဒီမှာ သူတို့ Dead Body (ရုပ်အလောင်း) တွေကို ရဟတ်ယာဉ်တွေနဲ့ ပြန်လာကောက်တယ်” ဟု လုံခြံရေးအရ အမည်မဖော်လိုသည့် ထို PDF ခေါင်းဆောင်က ဆက်ပြောသည်။
“စကစနဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်နေရတဲ့ နယ်တွေမှာတော့ သူတို့လက်နက်ကို ကျွန်တော်တို့ မယှဉ်နိုင်တာ အမှန်ပဲ။ ဒါ့ကြောင့်လဲ ပွဲမသိမ်းနိုင်သေးတာ။ ရင်ဆိုင်တိုက်ပွဲပုံစံမျိုးကို မလုပ်နိုင်သေးတာပါ”
ကြားဖြတ်တိုက်ခိုက်မှုကြောင့် အထိနာသွားသည့် စစ်ကောင်စီတပ်သည် စစ်ကူရောက်လာသဖြင့် အင်အား ၁၀၀ ခန့် ဖြစ်လာသည်ဟု ၎င်းက ဆိုသည်။
“အခု ၁၀၀ လောက်က မိုင်းမိခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ ရေဦးမြို့နယ်ကနေ ထပ်ပြီးတော့ တောအတိုင်းပဲ ပြန်ဆင်းသွားတယ်။ ညောင်လည်ကနေပြီးတော့ ခုနက ပြောတဲ့ တောကြီးအတိုင်းပဲ ပြန်ဆင်းသွားပြီးတော့ ဘုတလင်မြို့နယ် ဝက်ပို့ရွာရဲ့ အရှေ့တောင်ဘက်မှာ တပ်စွဲထားတယ်” ဟု ၎င်းက ပြောသည်။
နိုဝင်ဘာ ၁၄ မှ နိုဝင်ဘာ ၁၉ အတွင်း ဒီပဲယင်းမြို့နယ် အနောက်ဘက်ခြမ်းရှိ နှောနယ်တစ်ဝိုက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့သည်ဟု ဒေသခံ PDF များက ခန့်မှန်းထားသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသည့် အရေအတွက်နှင့် ကျေးရွာများ မီးရှို့ခံရမှု အခြေအနေများကို စစ်ကောင်စီ ပြန်ကြားရေးဌာနကို ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း တယ်လီဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ပိတ်ဆို့ခံထားရသည့် ဒီပဲယင်း
မြန်မာပြည်အလယ်ပိုင်းဒေသသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လှုပ်ရှားသည့်နယ်မြေ မဟုတ်သဖြင့် လက်နက်ကိုင်ထားသူများ၊ စစ်သားများကို ယခင်က မြင်တွေ့ရလေ့ မရှိပေ။
အာဏာသိမ်းမှုဆန့်ကျင်သူတို့ ပစ်သတ်ခံရပြီး လက်နက်ကိုင်အန်တုမှုများ နေရာအနှံ့တွင် ပေါ်ပေါက်လာရာ စစ်ကိုင်းတိုင်းဒေသခံတို့သည် စစ်သားများကိုသာမက စစ်ပွဲနှင့်ပင် ရင်ဆိုင်လာရသည်။
ဒီပဲယင်းမြို့နယ်၏ အနောက်ဘက်ခြမ်းရှိ နှောနယ်ကို စစ်ကောင်စီတပ် ဝင်ရောက်ခဲ့သလိုပင် ဒီပဲယင်း၏ မြောက်ဘက်ခြမ်း တန့်ဆည်နှင့် အရှေ့ဘက်ခြမ်း မူးမြစ်အနီးရှိ ညောင်လှရွာ၊ ယဉ်ကျေးရွာနှင့် အင်ပင်ကျေးရွာ များတွင်လည်း ရာနှင့်ချီသည့် စစ်ကောင်စီတပ်များက နေရာယူထားကြောင်း ဒေသခံ PDF အဖွဲ့ဝင်များက ပြောသည်။
နိုဝင်ဘာ ၂၇ တွင် ဒီပဲယင်းမြို့နယ်အရှေ့ဘက်ရှိ ယဉ်ကျေးရွာစာသင်ကျောင်းသို့ စစ်ကောင်စီရဟတ်ယာဉ် ၅ စင်းဖြင့် အင်အား ၁၀၀ နီးပါးကို လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် စာသင်ကျောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကျအဆုံးများခဲ့ကြောင်း PDF အဖွဲ့တစ်ခုဖြစ်သည့် ပစ်တိုင်းထောင် ၅၇၇ အဖွဲ့မှ ကျောက်ဒိုးဒေဝက ပြောသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ခန့် သေဆုံးနိုင်သည်ဟု ထိုအဖွဲ့က ခန့်မှန်းထားသော်လည်း Myanmar Now က သီးခြား အတည်မပြုနိုင်သေးပေ။
အင်အား ၇၀ ခန့် ကျန်သည့် စစ်ကောင်စီတပ်သည် အင်ပင်ရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒေသခံ PDF အဖွဲ့က ဆုတ်ခွာပေးခဲ့ရသည်ဟု ကျောက်ဒိုးဒေဝက ပြောသည်။
“ခုလက်ရှိမှာတော့ ကိုင်းကံရွာထဲမှာ စခန်းတစ်ခု၊ ဘုန်းကြီးကျောင်းထဲမှာ စခန်းတစ်ခုချပြီးတော့ နေနေကြပါတယ်” ဟု ၎င်းက ဒီဇင်ဘာ ၂ တွင် ပြောသည်။
စစ်ကောင်စီတပ်၏ ရန်ကြောင့် ဒီပဲယင်းအရှေ့ဘက်ရှိ အိမ်ခြေ ၁၀၀၀ နီးပါးရှိသည့် ယဉ်ကျေးရွာ၊ အိမ်ခြေ ၆၀၀ ခန့်ရှိသည့် မြင်းတန့်ကျေးရွာ၊ အိမ်ခြေ ၄၀၀ နီးပါးရှိသည့် အင်ပင်ရွာ၊ အိမ်ခြေ ၃၀၀နီးပါးရှိသည့် ကိုင်းကံ ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီပြီး နီးစပ်ရာ ကျေးရွာများတွင် ရှောင်တိမ်းနေကြရသည်ဟု ၎င်းက ဆက်ပြောသည်။
မူးမြစ်အရှေ့ဘက်ကမ်း ရွှေဘိုနယ်နှင့် ဒီပဲယင်း၏ အရှေ့ဘက် ညောင်လှကျေးရွာများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်အင်အားများဖြင့် ပိတ်ဆို့ထားကြောင်း၊ ဒီပဲယင်းမြို့နယ်တစ်ခုလုံးအတွက် လိုအပ်သည့် စစ်သည်အင်အား၊ လက်နက်၊ ရိက္ခာပစ္စည်းများကို ရဟတ်ယာဉ်နှင့် ပို့ဆောင်နေပုံရသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒီပဲယင်း PDF ခေါင်းဆောင်က ပြောသည်။
နိုင်ငံအနှံ့အပြား အခြားဒေသများတွင် စစ်ရေးလှုပ်ရှားမှု မရှိပါက ဒီပဲယင်းဒေသကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်တိုက်ခိုက်လာဖွယ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“ရွှေဘိုလွင်ပြင်ဒေသလိုပဲ တစ်နိုင်ငံလုံးက မြို့နယ်တွေ အုံကြွလာတဲ့ တစ်နေ့တော့ ကျွန်တော်တို့ သက်သာမှာပေါ့။ တော်လှန်ရေးကြီးလည်း မြန်မြန်အောင်မြင်မှာပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ နေသာသလိုနေပြီး အမှုမဲ့အမှတ်မဲ့ဆိုရင် နောက်ဆုံးကျရင် လူတောင်ကျန်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

PDF လက်နက်လိုအပ်ချက်
အာဏာသိမ်းဗိုလ်ချုပ်ကြီးများက PDF တို့သည် လူထုကို သတ်ဖြတ်နေသည့် အကြမ်းဖက်သမားများဖြစ်သည်ဟု အဆက်မပြတ် သတင်းထုတ်ပြန်လျက်ရှိသည်။
PDF အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို နယ်မြေစိုးမိုးနိုင်ရန် အာဏာသိမ်းစစ်ကောင်စီက အစွမ်းကုန်ကြိုးပမ်းနေပြီး လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများဖြင့် အပြင်းအထန် ခုခံကာကွယ်နေရသည်ဟု ဒေသခံ PDF အဖွဲ့ဝင်များက Myanmar Now ကို ပြောသည်။
ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာတွင် ဒီဇင်ဘာ ၇ နံနက်ပိုင်း စစ်တပ်ဝင်ရောက်စီးနင်းစဉ် ရွာသားများကို ဖမ်းဆီးခဲ့သည်။ ၁၁ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့ထားရာ ထိုအထဲတွင် အသက်မပြည့်သူ ၅ ဦး ပါဝင်သည်။
ဒီပဲယင်းဒေသတွင် ရွာသူရွာသားတို့က နေရပ်စွန့်ခွာ ထွက်ပြေးသည့်နည်းဖြင့် အလားတူဖြစ်ရပ်မျိုးကို ရင်မဆိုင်ရစေရန် ကြိုးပမ်းနေကြသလို PDF တို့ကလည်း ပြောက်ကျားစနစ်ဖြင့် ဆက်လက်ခုခံရန် ပြင်ဆင်ထားကြသည်။
နွေဦးတော်လှန်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ဒီပဲယင်း Myanmar Defence Force (MDF) အဖွဲ့၏ ဖောက်ခွဲရေးတာဝန်ခံ အညိုက ဒီပဲယင်းမြို့နယ်ကို ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြပြီး ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာတိုင်းမှာ စစ်ကောင်စီ၏ ပစ်မှတ်ဖြစ်နေသည်ဟု သုံးသပ်သည်။
“ခုနောက်ပိုင်း စစ်ကြောင်းထိုးရင် ဘယ်ရွာနေနေ သူတို့မွှေချင်တဲ့အချိန် ရွာကိုမွှေတယ်။ မီးရှို့ချင်ရင် ရှို့တယ်။ ဘယ်ရွာရယ်လို့မှ သတ်သတ်မှတ်မှတ် မရှိတော့ဘူး။ ဒီပဲယင်းမြို့နယ်ထဲမှာ ရှိတဲ့ ဘယ်ရွာကိုမဆို သူတို့လုပ်ချင်တဲ့ အချိန်မှာ အချိန်မရွေးလုပ်သွားတယ်” ဟု ၎င်းက ပြောသည်။
မြမာပြည် ဒေသအသီးသီးတွင် ရန်သူဝိုင်းနေသော စစ်ကောင်စီတပ်သားများသည် လက်နက်အင်အား ကောင်းမွန်သော်လည်း အုပ်စုလိုက်သာ သွားလာတတ်ကြသည်၊ ပြောက်ကျားလှုပ်ရှားသည့် PDF များက နယ်မြေကျွမ်းကျင်ကာ စိတ်ဓာတ်တက်ကြွနေကြသော်လည်း လက်နက်တပ်ဆင်နိုင်မှု အားနည်းနေသည်၊ ဤအခြေအနေကို စစ်ကိုင်းတိုင်းတွင်လည်း တွေ့နိုင်သည်။
ချုံခိုတိုက်ခိုက်ရာတွင် မိုင်းအသုံးပြုသည့်နည်းလမ်းမှာ ယနေ့ခေတ်တွင် PDF အဖွဲ့အများအပြား အသုံးပြုနေကြပြီဖြစ်သည်။ နည်းပညာရရှိထားကြပြီဖြစ်သော်လည်း ကုန်ကြမ်းဝယ်ယူရရှိရန် ဒေသတချို့တွင် ခက်ခဲနိုင်သည်။ PDF တို့ကိုင်ဆောင်သည့် သေနတ်အများစုမှာ ပစ်အား အကန့်အသတ်သာရှိသည့် လက်လုပ်သေနတ်များဖြစ်နေသည်။
လက်နက်အင်အား လိုအပ်နေသည့် ဒီပဲယင်းဒေသတွင် PDF များမှာ လတ်တလောတွင် ကြံ့ကြံ့ခံနိုင်သေးသော်လည်း ရေရှည်ပစ်မှတ်ထားခံရလျှင် အခြားဒေသများ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုလိုအပ်လာမည်ဟု အညိုက ပြောသည်။
“ခုချိန်မှာတော့ ရွာတိုင်းစေ့လောက်နီးနီးပါ တော်လှန်ရေးရဲဘော်တွေ ပေါ်ထွက်နေပြီ။ တော်လှန်ရေးရဲဘော်တွေ မရှိသေးတဲ့ ရွာတွေမှာ ဆိုရင်တောင်မှ နီးစပ်ရာ တော်လှန်ရေးရဲဘော်တွေက သွားတိုက်ပေးတာ၊ ကာကွယ်ပေးတာတွေရှိတဲ့အတွက် သူတို့က (စစ်ကောင်စီတပ်က) ဝပ်ကျင်းတွေထဲကနေ မခွာရဲကြဘူး” ဟု ၎င်းက ဆက်ပြောသည်။
“စစ်ကိုင်းတိုင်းကိုသာ ခြေကုပ်ရသွားရင် မြန်မာနိုင်ငံအထက်ပိုင်းမှာ ကျွန်မတို့ PDF တွေအနေနဲ့ သိမ်းယူနိုင်တဲ့ နယ်မြေတွေ အများကြီးရှိတဲ့အတွက်ကြောင့် ပိုပြီး ဖိအားပေးနေတာဖြစ်တယ်။ သူတို့က စစ်ကိုင်းတိုင်းထဲမှာမှ ရွှေဘိုခရိုင်ကို ပိုပြီးဖိတယ်။ ရွှေဘိုခရိုင်ထဲမှာမှ ဒီပဲယင်းမြို့နယ်က ပိုပြီး လှုပ်ရှားမှုအားကောင်းတဲ့အတွက်ကြောင့် ဒီပဲယင်းမြို့နယ်ကို ပိုပြီးဖိတာပါ” ဟု မအညိုက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)