ဒီပဲယင်းအရေးအခင်းလို့ လူသိများတဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကြည်ရွာအနီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို လုပ်ကြံသတ်ဖြတ်မှုဖြစ်စဉ်ဟာ ဒီကနေ့(မေလ ၃၀ရက်နေ့)မှာ ၂၂နှစ် ပြည့်ခဲ့ပါပြီ။
အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၃ခုနှစ်၊ မေလ ၃၀ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်ခဲ့သူတွေဟာ စစ်တပ်ကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင်တွေနဲ့ စွမ်းအားရှင်တွေ ဖြစ်ကြပြီး ဒီလုပ်ကြံသတ်ဖြတ်မှုဟာ စစ်တပ်ရဲ့ ကြိုတင်ကြံစည်မှုဖြစ်တယ်ဆိုတာ Myanmar Now က ဖတ်ရှုခွင့်ရတဲ့ စစ်ထောက်လှမ်းရေး လျှို့ဝှက်အစီရင်ခံစာအရ သိရပါတယ်။
ဆယ်စုနှစ် နှစ်ခုကျော်လာတဲ့ လက်ရှိအခြေအနေမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အသက် ၈၀ပြည့်တော့မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ အကျဉ်းချထားပါတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ခုလို အငြိုးတကြီးနဲ့ ဒုက္ခပေးခဲ့၊ ဒုက္ခပေးနေတာ ဘာကြောင့်ပါလဲ။
လွန်ခဲ့တဲ့ ၂၂နှစ်က ဒီပဲယင်းဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် အသက်ဘေးကနေလွတ်မြောက်ဖို့ အဓိကအားထုတ်ခဲ့သူတစ်ယောက်ဖြစ်တဲ့ သူမရဲ့ကားမောင်းနှင်သူ ဦးကျော်စိုးလင်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးကျော်စိုးလင်းဟာ ၂၀၁၅နဲ့ ၂၀၂၀ ရွေးကောက်ပွဲနှစ်ခုလုံးမှာ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ကနေ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်အမတ်တစ်ယောက် ဖြစ်ပြီး လက်ရှိမှာလည်း စစ်အာဏာရှင်ဆန့်ကျင့်ရေးမှာ ပါဝင်နေသူ ဖြစ်ပါတယ်။
မေးမြန်း – စထွန်းအောင်



