
ထိုင်းနိုင်ငံက နှစ်နိုင်ငံနားလည်မှုအစီအစဉ် (MoU) ဖြင့် ဒီဇင်ဘာ ၁ မှစ၍ မြန်မာအလုပ်သမားများကို ပြန်လည်ခေါ်ယူသွားမည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်သူနှစ်ဦးက ပြောသည်။
မြန်မာရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီ လာရောက်လုပ်ကိုင်နေသည့် ထိုင်းနိုင်ငံသည် ကိုဗစ်နိုင်တင်းကာကွယ်ဆေးများ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးနှံနေပြီး လာမည့်နှစ်မှစ၍ စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်မည်ဖြစ်သဖြင့် နိုင်ငံတွင်း အလုပ်သမားအများအပြားလိုအပ်နေသည်။
အလုပ်သမားရှစ်သိန်းကျော် လိုအပ်မည်ဟု ခန့်မှန်းထားပြီး မြန်မာ၊ ကမ္ဘာဒီးယားနှင့် လာအိုတို့မှ အလုပ်သမားလေးသိန်းခန့် ခေါ်ယူမည်ဖြစ်ကြောင်း ထိုင်းတောင်ပိုင်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက Myanmar Now ကို ပြောသည်။
“အဓိကက အလုပ်သမားလိုအပ်ချက်ဗျ။ သူတို့(ထိုင်း) စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ပြီ။ ခရီးသွားလုပ်ငန်းတွေ ပြန်ဖွင့်ပြီ။ ဖွင့်ပြီဆိုတော့ (အလုပ်သမား) လိုပြီလေ” ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ကိုးကား၍ ၎င်းက ဆိုသည်။
မြန်မာအလုပ်သမားကို MoU စနစ်ဖြင့် ခေါ်ယူရာတွင် ထိုင်းလုပ်ငန်းရှင်များက ၎င်းတို့၏ အလုပ်သမားလိုအပ်ချက်ကို ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ရှာဖွေခန့်ထားရေးရုံး၌ တင်ပြရပြီး မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများမှတစ်ဆင့် ခေါ်ယူကြောင်း ၎င်းက ဆက်ပြောသည်။
MoU လုပ်ငန်းစဉ်အရ မြန်မာအလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ် ၂၀,၀၀၀ ဝန်းကျင် ( ကျပ် ၁၀ သိန်းကျော်) ခန့် ကုန်ကျနိုင်ပြီး လမ်းစရိတ်၊ ထောက်ခံစာနှင့် အခြားကုန်ကျစရိတ်များလည်းရှိကာ လုပ်ငန်းခွင်အရောက် ရက် ၉၀ ခန့် ကြာမြင့်နိုင်သည်ဟု ၎င်းထံမှ သိရသည်။
ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါက သတ်မှတ်ထားသောနေရာ၌ အသွားအလာကန့်သတ်နေထိုင်ရမည်ဖြစ်ကာ ကိုဗစ်နိုင်တင်းနှင့် အခြေခံရောဂါ ၆ မျိုး စစ်ဆေးအောင်မြင်မှ ထိုင်းတွင် အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။
MoU ဖြင့် မြန်မာများ လာရောက်သော်လည်း ထိုင်းတွင် ဆေးစစ်မှုမအောင်မြင်ပါက မြန်မာနိုင်ငံဘက်သို့ ပြန်ရမည်ဖြစ်သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ စီးပွားရေးယိုယွင်းလာသောကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာရာ လူငယ်များနှင့် အသက် ၄၀ ကျော် လူလတ်ပိုင်းများက နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးစားလာကြသည်။
ထို့ပြင် ထိုင်းအစိုးရသည် နိုဝင်ဘာအတွင်း ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့အလုပ်သမားများကို အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ပေးနေသောကြောင့် ပွဲစားများဖြင့် ချိတ်ဆက်၍ မြန်မာအများအပြားသည် မှောင်ခိုလမ်းကြောင်းမှ ဝင်ရောက်နေခြင်းဖြစ်သည်ဟု အလုပ်သမားအရေးကူညီသူတို့က ဆိုသည်။
ထိုမှတ်ပုံတင်ရရှိပါက ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အထောက်အထားရှိ ရွှေ့ပြောင်းအလုပ်သမားများနည်းတူ အခွင့်အရေးတန်းတူရရှိမည်ဖြစ်သည်။
MoU ဖြင့် အလုပ်လုပ်ခွင့်လုပ်ငန်းစဉ်များတွင် ကိုဗစ်နိုင်တင်းကာလဖြစ်သောကြောင့် ကာကွယ်ဆေးထိုးနှံခြင်း၊ ရောဂါပိုးစစ်ဆေးခြင်း စသည့် အချက်များ ပိုတိုးလာပြီး ကိုဗစ်ပိုးတွေ့ရှိပါက ထိုင်း၌ အလုပ်လုပ်ခွင့်မပြုကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအခွင့်အရေးကာကွယ်ရေးအဖွဲ့ (MMP) ခေါင်းဆောင် ဦးမျိုးချစ်က ဆိုသည်။
“MoU ဖွင့်ပေးမယ်။ သူတို့(ထိုင်းအစိုးရ) ကြေညာနေတာလည်း သူတို့ရဲ့ တကယ့်လိုအပ်ချက်တင်မဟုတ်ဘဲနဲ့ ကျွန်တော့်အမြင်မှာတော့ ခိုးဝင်မှုပြဿနာကို မခိုးဝင်အောင် သက်သက်လုပ်တဲ့သဘောပေါ့။ တရားဝင်,ဝင်ကြပါ။ ဒီခိုးဝင်တွေကို ထိန်းမနိုင်တဲ့အတွက် MoU ဘက်ကို စကားနောက်တစ်မျိုးလှည့်ပြီးလုပ်တာလို့ ထင်တယ်” ဟု ၎င်းက ပြောသည်။
တရားဝင်ပြန်ဖွင့်ပေးမည်ဟု ထိုင်းနိုင်ငံဘက်က ပြောဆိုထားသော်လည်း မြန်မာအလုပ်သမားများအနေဖြင့် MoU လုပ်ငန်းစဉ်နှင့် လုပ်ကိုင်ရမည့် အလုပ်အကိုင်များကို ခြေခြေမြစ်မြစ်လေ့လာရမည်ဖြစ်ပြီး အွန်လိုင်းနှင့် ကြားပွဲစားများ၏ လိမ်လည်မှုမခံရရန် တရားဝင်အေဂျင်စီများမှတစ်ဆင့် လာရောက်ရန်လိုကြောင်း ၎င်းက ဆိုသည်။
တရားမဝင်ဝင်ရောက်သူများသည် မြဝတီ၊ ကော့သောင်းနှင့် မောတောင်လမ်းကြောင်းများမှ အဓိက ဝင်ရောက်လာခြင်းဖြစ်ပြီး ဖမ်းမိသူများကို ထိုင်းအာဏာပိုင်များက မြန်မာဘက်သို့ ချက်ချင်းပြန်ပို့နေသလို ထိုင်းအချုပ်တွင် ထိန်းသိမ်းတတ်ကြောင်း၊ အဖမ်းခံရသူများထဲတွင် ကိုဗစ်ကာလ အလုပ်အကိုင်မရှိတော့သဖြင့် ပြည်တော်ပြန်ရသူများလည်း ပါဝင်ကြောင်း ဦးမျိုးချစ်က ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာအတွင်း ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် မြန်မာအလုပ်သမား ၅၀၀ ကျော် ဖမ်းဆီးခံရကြောင်း ဧရာဝတီသတင်းဌာနက ရေးသားဖော်ပြခဲ့သလို မြန်မာအများအပြား နယ်စပ်၌ ဖမ်းဆီးခံရသောသတင်းများလည်း နေ့စဉ်နှင့်အမျှ တွေ့လာရသည်။
ထိုင်းအလုပ်ရှင်များကလည်း မှတ်ပုံတင်အသစ်လုပ်ပေးသည့်ကာလအတွင်း အချိန်မြန်ပြီး ဈေးသက်သာသည့် တရားမဝင်လုပ်သားများကို ပိုမိုအလိုရှိကြောင်း FED ၏ အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက ပြောသည်။
“ရှင်းရှင်းပြောရရင် ငါးစာလိုဖြစ်နေတာပေါ့ဗျာ။ ဒီဟာကို အမီသွင်းဖို့အတွက်ကို ပွဲစားတွေက ခေါ်နေတာပေါ့။ နောက်တစ်ခုက MoU စနစ်က သူ့ရဲ့လုပ်ငန်းစဉ်တွေ ကြာတယ်။ ကုန်ကျစရိတ်များတယ်။ အဲဒီကျတော့ လုပ်ငန်းရှင်တွေက ဘာကိုရွေးလဲဆိုတော့ တရားမဝင်လုပ်သားကိုပဲ မှတ်ပုံတင်သွင်းလို့ရနေတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့် ရွေးတာ” ဟု ၎င်းက ဆက်ပြောသည်။
ယခုနှစ် အောက်တိုဘာ ၂၁ အထိ စာရင်းများအရ ထိုင်းနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမားပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိကြောင်း ၎င်းက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)