သတင်း

လွိုင်ကော်ဆန္ဒပြပွဲအပေါ် NLD ပြောခွင့်ရ၏မှတ်ချက် ဆန္ဒပြသမားများဝေဖန်

ရန်ကုန်လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားရေး လှုပ်ရှားမှုသည် နိုင်ငံရေးရည်ရွယ်ချက်နှင့် ပါတီပုံရိပ် ကျဆင်းအောင် ပြုလုပ်သည့်လှုပ်ရှားမှုဟု သံသယရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်ကို ကြေးရုပ်ဖယ်ရှားရေး လှုပ်ရှားသူများက ပယ်ချလိုက်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သူများ တောင်းဆိုနေသည့် ကြေးရုပ်ဖျက်သိမ်းရေး၊ အများပြည်သူနှင့် မဆိုင်သည့် နေရာကို ရွှေ့ပြောင်းပေးရေး တောင်းဆိုခြင်းများသည် နိုင်ငံရေးရည်ရွယ်ချက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံရိပ်ကျဆင်းအောင် လုပ်ခြင်းဖြစ်နိုင်သည်ဟု သံသယရှိကြောင်း ပါတီပြောခွင့်ရ ဒေါက်တာမျိုးညွန့်က Myanmar Now နှင့် The Voice သတင်းဌာနကို ယမန်နေ့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ခြင်းမှာ ကရင်နီပြည်သည် သမိုင်းအစဉ်အဆက် သီးခြားလွတ်လပ်ခဲ့ကြောင်း နောင်မျိုးဆက် မသိမည်ကို စိုးရိမ်၍ ဖြစ်ပြီး မည်သည့် ပါတီပုံရိပ်ကိုမျှ ထိခိုက်စေရန် နိုင်ငံရေး ရည်ရွယ်ချက်မျိုး မရှိဟု ကရင်နီပြည် ပြည်သူများ ကိုယ်စားပြု ညှိုနှိုင်းရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ခွန်သောမတ်က ပြောသည်။

မတတ်နိုင်ဘူး။ သူတို့ပါတီ ပုံရိပ်ကျအောင် လုပ်တယ်လို့ စွပ်စွဲလည်း ကျွန်တော်တို့ ဘာမှ ဖြေရှင်းချက်တွေ မပေးလိုဘူး။ ဒီကိစ္စက သူတို့ကို ပုံရိပ် သွားဖျက်တာ။ တခြားသူကို ပုံရိပ်ပျက်အောင် လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုး ကျွန်တော်တို့ဆီမှာ လုံးဝ မရှိဘူးဟု ၎င်းကဆိုသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့လယ် ပန်းခြံရှေ့၌ ဆန္ဒထုတ်ဖော်သူများက ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ကတိကဝတ်ကို အကောင်အထည်မဖော်ဘဲ ရုပ်တုကိုသာ အတင်းအကျပ် စိုက်ထူခဲ့ခြင်းအတွက် ကန့်ကွက်ခြင်းဖြစ်ကြောင်းလည်း ဟောပြောခဲ့ကြသည်။

အများပြည်သူ ပိုင်တဲ့နေရာက အများပြည်သူ လွတ်လွတ်လပ်လပ် အေးအေးဆေးဆေး အပန်းဖြေတဲ့နေရာမျိုးပါ။ ဘာ ရုပ်တုမှ ထားစရာ မလိုပါဘူး။ ကျွန်တော်တို့အနေနဲ့ ရုပ်တုတွေ ထားရမယ့်အချိန် လုံးဝ မကျရောက်သေးဘူးလို့ ထင်တာပါပဲဟု ခွန်သောမတ်က Myanmar Now ကို ပြောသည်။

လွိုင်ကော်ဆန္ဒပြပွဲနှင့် တစ်ရက်တည်းတွင် ရန်ကုန်တွင်လည်း ဒေသခံများ၏ တောင်းဆိုချက်ကို ထောက်ခံကြောင်း ဆန္ဒပြခဲ့ကြသည်။ ရန်ကုန်ဆန္ဒပြပွဲပါဝင်သူများကလည်း လွိုင်ကော်တွင် စုဝေးခဲ့ကြခြင်းမှာ ဒေသခံများက ၎င်းတို့ဆန္ဒကို ထုတ်ဖော်ခြင်းဖြစ်ပြီး အစိုးရပြုတ်ကျရေးအတွက် လှုပ်ရှားနေခြင်းမဟုတ်ဟု ဆိုသည်။

 “သူတို့ တောင်းဆိုနေတာ အစိုးရဖြုတ်ချရေးရယ်လို့ ဟုတ်မနေဘူး။ ဒီကြေးရုပ်ကို ဒေသခံတွေရဲ့ သဘောတူညီမှုနဲ့ လုပ်တာ မဟုတ်ဘူးဆိုတာမျိုးကိုပဲ တောင်းဆိုနေတယ်။ သူတို့ တောင်းဆိုတဲ့ထဲမှာ သူတို့ စွပ်စွဲတဲ့ နိုင်ငံရေးရည်ရွယ်ချက်အရရယ်ဆိုတာ ဘာမှ ထူးထူးခြားခြားကြီးလည်း ပါမနေဘူး။ ရိုးရိုးရှင်းရှင်း တောင်းတဲ့အတွက်ကို ကျွန်မတို့က သူပြောတဲ့ စကားပေါ်မှာ လက်မခံနိုင်ဘူးဟု ကရင်နီလူငယ်များကို ထောက်ခံကြောင်း ရန်ကုန်မှ ဆန္ဒပြသူ မအိအိမိုးက ပြောသည်။

ရန်ကုန်မှ ဆန္ဒပြသူ တစ်ဦး ဖြစ်သည့် ကိုလင်းထက်နိုင်က ၎င်းတို့အနေဖြင့် ပါတီပုံရိပ်၊ အစိုးရပုံရိပ် ထိခိုက်စေလိုသည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် မဟုတ်ကြောင်း ဆိုသည်။

“NLD က အာဏာရပြီးနောက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီး လှုပ်ရှားနေတဲ့အပေါ်မှာ သူတို့ အာဏာရတဲ့ဘက်ကို ကန့်လန့်တိုက်နေတယ်လို့ပဲ အကုန်လုံးကို တွဲမြင်နေပုံရတယ်။ အမှန်အတိုင်းပြောရရင် ရန်ကုန်မှာပဲဖြစ်ဖြစ် တိုင်းရင်းသားဒေသတွေမှာပဲ ဖြစ်ဖြစ် တက်ကြွလှုပ်ရှားတဲ့သူဆိုတာ NLD အစိုးရ မဖြစ်ခင်ကတည်းက လွတ်လပ်စွာ ပြောဆိုခွင့် အခွင့်အရေးတွေကို အမြဲတမ်းတောင်းဆိုတဲ့ အင်အားစုတွေချည်းပဲ။ ဘယ်အစိုးရပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်တဲ့ဟာဆို ကျွန်တော်တို့က လုပ်မှာပဲဟု ၎င်းက ဆိုသည်။

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားသည့် ပန်းခြံသို့ လူဦးရေ ထောင်ချီ ရောက်လာခဲ့ပြီး ကြေးရုပ်ထားရှိသည့်အပေါ် သဘောမတူကြောင်းနှင့် ကြေးရုပ်ကို ပန်းခြံ၌ ထားရန် စီမံခဲ့သည့် ဝန်ကြီးချုပ်နှင့် စီမံရေးဝန်ကြီးကို နုတ်ထွက်ရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဆန္ဒပြပွဲကို နံနက်ပိုင်းတွင် ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့ပြီး ဆန္ဒပြသူ ၂၀ ခန့် ဒဏ်ရာရခဲ့သည်။

ဆန္ဒပြသမားများနှင့် လုံခြုံရေးများ တင်းမာမှုဖြစ်ခဲ့သော်လည်း ညနေပိုင်းတွင် ဆန္ဒပြခေါင်းဆောင်များနှင့် အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူနှင့်ထောက်ခံသူများအကြား ကြေးရုပ်အရေး တစ်လအတွင်း ညှိနှိုင်းဆွေးနွေးကြရန် သဘောတူခဲ့ကြသည်။

Show More

Related Articles

Back to top button