အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လွိုင်ကော် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ သုံးပွင့်ဆိုင်ဆွေးနွေးရန် အတိုင်ပင်ခံပြော

ကန့်ကွက်ခံနေရသည့် ကယားပြည်နယ် လွိုင်ကော်မြို့လယ်မှ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အရေး ပြည်ထောင်စုအဆင့် အစိုးရအရာရှိများနှင့် ဆွေးနွေးအဖြေရှာရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကရင်နီလူငယ်များ ဇန်နဝါရီလ ၁၅ ရက် ယနေ့တွင် သဘောတူခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ကရင်နီပြည်နယ် လူငယ်အင်အားစုများက ၎င်းတို့နှင့်တွေ့ဆုံရန် စာပို့တောင်းဆိုခဲ့သည့်နောက် မိနစ် ၂၀ ကြာ တွေ့ဆုံခဲ့ကြသည်။

ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ပြောင်းပေးရန် တောင်းဆိုခဲ့ကြသည့် ကရင်နီလူငယ်များနှင့် သုံးပွင့်ဆိုင်ဆွေးနွေးရန် ပြည်နယ်အစိုးရ အရာရှိများ၊ ပြည်ထောင်စု အစိုးရဘက်မှ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့အား တာဝန်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောကြားခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ကယားလီဖုလူငယ် ဗဟိုကော်မတီ ခူးရီးရယ်က Myanmar Now ကိုပြောသည်။

“ငြိမ်းချမ်းစွာတွေ့ဆုံဖို့ နည်းလမ်းတစ်ခုကို ဖန်တီးဖို့ အမြန်ဆုံးအကောင်အထည်ဖော်ပေးဖို့ ပြောသွားတာဗျ” ဟု ၎င်းကဆိုသည်။

သို့သော် တွေ့ဆုံညှိနှိုင်းမည့် ရက်အတိအကျကိုမူ သတ်မှတ်နိုင်ခဲ့ခြင်းမရှိဟု ၎င်းကဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ကို ကယားပြည်နယ်ခန်းမအနီး ကန္ဒာဟေဝန်ပန်းခြံတွင်ထားရန် ပြည်နယ်အစိုးရက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ဆုံးဖြတ်ခဲ့ပြီးချိန်မှစ၍ ဒေသခံအချို့နှင့် ပြည်နယ်အစိုးရတို့အကြား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် တစ်နှစ်ခန့်အကြာ ၂၀၁၉ ဖေဖော်ဝါရီလဆန်းတွင် ရာနှင့်ချီသည့် ကြေးရုပ်ဆန့်ကျင်ရေး ဆန္ဒပြသူများ လွိုင်ကော်မြို့လမ်းမများပေါ်ထွက် ကန့်ကွက်ခဲ့ကြပြီး ရဲက ရာဘာကျည်ဖြင့် ပစ်ခတ်ခဲ့သည်အထိ တင်းမာမှုများ မြင့်တက်ခဲ့သည်။

ကြေးရုပ်စိုက်ထူရန် ထောက်ခံသူများက ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်ထောင်စု၏ အမှတ်သင်္ကေတဖြစ်သောကြောင့် စိုက်ထူသင့်ကြောင်း သဘောထားရှိကြပြီး ကန့်ကွက်သူများကမူ ၎င်းတို့သည် ဗိုလ်ချုပ်အောင်ဆန်းကို ဆန့်ကျင်နေခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း၏ ပေးခဲ့သည့် ကတိကဝတ်ကို လျစ်လျူပြုခြင်းကြောင့်သာ ကန့်ကွက်ရခြင်းဖြစ်သည်ဟု အကြောင်းပြကြသည်။

ဆွေးနွေးပွဲတွင် အဓိကကျသည့် နောက်ထပ်အကြောင်းအရာတစ်ခုမှာ တပ်မတော်ဘက်နှင့် မြေယာအငြင်းပွားမှုတွင် တရားစွဲဆိုခံထားရသည့် တောင်သူ ၄၀ ကျော်အရေး ဖြစ်ခဲ့ပြီး တပ်မတော်က တရားစွဲခံထားရသည့် တောင်သူများကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် ကရင်နီလူငယ်များက ဒေါ်အောင်ဆန်းစုကြည်ထံ တောင်းဆိုခဲ့ကြသည်ဟု ခူးရီးရယ်က ပြောသည်။

အဆိုပါအခြေအနေကို ဖြေရှင်းရန် နေပြည်တော်ပြန်ရောက်သည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဒေါက်တာအောင်သူကို တာဝန်ပေးမည်ဖြစ်ပြီး အထူးသဖြင့် တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ကြောင်းလည်း ၎င်းကပြောသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button