သတင်း

ဗိုလ်ချုပ်ရုပ်တု ဆန့်ကျင်သူ ကရင်နီခြောက်ဦး၏ ထောင်ဒဏ်ထပ်တိုးရေးကိစ္စ ကယားအစိုးရ စိတ်ပြောင်း

ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူခြင်းကို ကန့်ကွက်မှုနှင့်ဆက်စပ်ပြီး ထောင်ဒဏ်ခြောက်လ အပြစ်ပေးခံထားရသည့် ကရင်နီလူငယ်ခြောက်ဦး၏ ပြစ်ဒဏ်မှာ “နည်းပါးလွန်း” သဖြင့် တိုးမြှင့်ပေးရန် ကယားပြည်နယ်အစိုးရ၏ ပြင်ဆင်ချက်ကို ပြန်လည်ရုပ်သိမ်းကြောင်း ယနေ့တွင် တရားလိုက ခရိုင်ရုံးသို့ လျှောက်ထားလိုက်ရာ လာမည့်ရုံးချိန်းတွင် ကြားနာမည်ဟု အဆိုပါလူငယ်များထဲမှ တစ်ဦးက ပြောသည်။

ပြည်နယ်အစိုးရ၏ အယူခံကို လွိုင်ကော်ခရိုင်တရားရုံးက ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က လက်ခံခဲ့ပြီး ဒီဇင်ဘာ ၆ ရက်နေ့တွင် ကြားနာရန် သတ်မှတ်ခဲ့သဖြင့် ယနေ့တွင် ရုံးချိန်းသို့ သွားခဲ့ရာမှ ပြည်နယ်အစိုးရအဖွဲ့က အယူခံကို ပြန်လည် ရုပ်သိမ်းကြောင်း သိရှိခဲ့ရသည်ဟု ပြီးခဲ့သည့် ၁၀ ရက်ခန့်က ပြစ်ဒဏ်စေ့၍ ပြန်လွတ်လာခဲ့သည့် ခူးကြူးဖဲကေး (ခ) ဂူးဂူး က Myanmar Now ကိုပြောသည်။

“အာဏာရှိတိုင်း ဖိနှိပ်လို့ရမယ်၊ အမှုကို တည်ဆောက်ပြီး စွဲချင်သလို စွဲလို့ရမယ်၊ နောက် … သိက္ခာကျလာတော့မှ ဒီကိစ္စကို ပြန်ရုပ်သိမ်းမယ်ဆိုတာက ကလေးဆန်တယ်။ ဒါကို ရှုတ်ချပါတယ်” ဟု ၎င်းကပြောသည်။

Facebook မှတစ်ဆင့် Myanmar Now က ဖတ်ရှုခဲ့ရသည့် ခရိုင်ဥပဒေအရာရှိ လက်မှတ်ရေးထိုးထားသော ပြင်ဆင်ချက်လျှောက်လွှာတွင် မြို့နယ်တရားရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်သည် “ကျူးလွန်သည့်ပြစ်ဒဏ်နှင့် နှိုင်းစာလျှင် ပြစ်ဒဏ်နည်းပါးလွန်းသည်ဟု ယူဆပါသဖြင့် ပြစ်ဒဏ်တိုးမြှင့် ချမှတ်သင့်သည်ဟု သဘောရိုးဖြင့် ယုံကြည်ပါသည်” ရေးသားထားသည်။

ပြင်ဆင်ချက် ပြန်လည်ရုပ်သိမ်းရခြင်းနှင့်ပတ်သက်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်နောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းပြန်ချသွားခဲ့သည်။

ယခုကဲ့သို့ တရားလိုဘက်က ပြင်ဆင်ချက် လျှောက်ထားခြင်း၊ ရုပ်သိမ်းခြင်း ကိစ္စရပ်များသည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးပိုင်းက လုပ်ဆောင်ခြင်းသာဖြစ်ပြီး ပါတီအနေဖြင့် မသိရှိရကြောင်း NLD ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“ဖြစ်နိုင်တာကတော့ ဒေသခံပြည်သူတွေရဲ့ တုံ့ပြန်မှုပေါ်မူတည်ပြီး သင့်လျော်အောင် ပြင်ဆင်ပြောင်းလဲတယ်လို့ ကျွန်တော်တို့ သဘောပေါက်ပါတယ်” ဟု ၎င်းကပြောသည်။

လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့အား “နိုင်ငံရေးရာဇဝတ်ကောင်များ”၊ “ကရင်နီ အမျိုးသားသစ္စာဖောက်များ” ဟု ကြေညာချက်ထုတ်ကာ သုံးနှုန်းခဲ့သည့် လူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်ခွင့်နှင့်လုံခြုံမှုကို ကာကွယ်ပေးသည့်ဥပဒေ ပုဒ်မ ၁၀ အရ နိုဝင်ဘာ ၇ ရက်က အလုပ်နှင့်ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့သည်။

မူလ ထောင်ခြောက်လပြစ်ဒဏ် ကျခံနေရသည့် ကျန်ကရင်နီလူငယ်များဖြစ်ကြသည့် ဂျွန်ပေါ(ခ)ပျားလေး၊ မျိုးလှိုင်ဝင်း (ခ) ပါစကွားလယ်၊ ခွန်းသောမတ်စ်၊ ဒီးဒီ(ခ)စစ်မုန်း၊ ခူးရီဒူး(ခ)ခူးရီးရယ် တို့သည် လာမည့်သီတင်းပတ်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဖြစ်သည်။

လာမည့် ဒီဇင်ဘာ ၂၀ ရက်နေ့ ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်ကို ကြားနာမည်ဖြစ်ပြီး ယင်းအမှုကို ရုပ်သိမ်းသင့် မရုပ်သိမ်းသင့် နောက်တစ်ကြိမ်ရုံးချိန်းတွင် တရားသူကြီးက အမိန့်ချမှတ်မည်ဖြစ်သည်။

 

Show More

Related Articles

Back to top button