ဆောင်းပါး

စစ်အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြင်းပြနေသော ကရင်နီလူငယ်များ 

“စစ်တိုက်နေရရင် ကျွန်တော်တို့ပျော်တယ်။ ပျော်တယ်ဆိုတာက လူသတ်ရလို့ပျော်တာ မဟုတ်ဘူးဗျ” ဟု ဆိုလာသူမှာ အာဏာသိမ်းစစ်ကောင်စီဖြုတ်ချရေး လက်နက်ကိုင်တော်လှန်နေသူ ဗိုလ်ဆော်ရယ် ဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ ဩဇာခံစစ်တပ်ကို ခုခံတော်လှန်ရေးတွင် ပျော်မွေ့လာသည့်အကြောင်း ဗိုလ်ဆော်ရယ်တစ်ဖြစ်လဲ ကရင်နီလူငယ်လေးက ပြောပြနေခြင်းဖြစ်သည်။ ကိုယ်တိုင်လက်နက်ကိုင် တိုက်ခိုက်နေရသည်ဆိုသောစိတ်ဖြင့် မည်မျှပင်ပန်းဆင်းရဲသည်ဖြစ်စေ သည်းခံနိုင်သည်ဟုလည်း ဆိုသည်။ 

ဗိုလ်ဆော်ရယ်သည် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေသည့် ကရင်နီဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော Karenni Generation Z Army (KGZA) အဖွဲ့ဝင်တစ်ဦးဖြစ်ကာ KGZA မှ တပ်ခွဲတစ်ခုသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တွင် ပါဝင်ထားသည်။

ဗိုလ်ဆော်ရယ်ဟု အမည်ခံယူထားသူ အသက် ၂၂ နှစ်အရွယ် ကရင်နီလူငယ်လေး၏ မူလအိပ်မက်မှာ ကျောင်းဆရာဖြစ်သည်။ ပညာရေးကောလိပ်တက်ရောက်နေစဉ် စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ဆန္ဒပြပွဲများမှတဆင့် လက်နက်ကိုင်တော်လှန်ရေးအတွင်း ရောက်ရှိလာခဲ့သူဖြစ်သည်။ 

ကောလိပ်ကျောင်းသားဘဝတွင် တစ်ဖက်တစ်လမ်းမှ ကလေးများကို အချိန်ပိုင်းစာသင်ရင်း ပျော်မွေ့နေခဲ့သူဖြစ်ကာ သေနတ်ကိုင်စစ်သားတစ်ဦးဖြစ်လာဖို့ စိတ်ကူးပင် မယဉ်ခဲ့ဖူးကြောင်း ဗိုလ်ဆော်ရယ်က ဆိုသည်။ 

“ဂုဏ်ယူမိတယ်။ တော်လှန်ရေးစိတ်ဓာတ်ရှိတဲ့ ညီအစ်ကိုတွေနဲ့ ပေါင်းသင်းဆက်ဆံရတယ်။ အတူတူတိုက်ပွဲဝင်လာတယ်ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပေါ့ဗျ။ အနာဂတ်မျိုးဆက်သစ်ကလေးတွေကို ကျွန်တော်တို့လို မကြုံရအောင်၊ ကျွန်တော်တို့လို မတိုက်ခိုက်ရအောင်ဆိုတဲ့ စိတ်ထည့်ထားတယ်” ဟုလည်း ဗိုလ်ဆော်ရယ်က ဆိုသည်။ 

ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ မတ်လ ၁၉ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွဲခံရစဉ် သူငယ်ချင်း၏ ဖခင်ဖြစ်သူ သေနတ်မှန်သေဆုံးခဲ့ခြင်းက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာရန် အကြောင်းရင်းဖြစ်ခဲ့သည်ဟု ဗိုလ်ဆော်ရယ်က ပြောသည်။ 

“ရင်နာစရာအကောင်းဆုံးနေ့ပေါ့။ ရက်ရက်စက်စက်ဖြိုခွင်းခံရတယ်။ ကျည်ဆန်တွေက ဘေးနားမှာ လာမှန်တယ်။ အဲဒီနေ့ကနေစပြီးတော့ ကျွန်တော်တို့ သပိတ်တွေ ပိုပြီးတော့လုပ်တယ်။ ပြီးတော့မှ လက်နက်ကိုင်ဖို့ ကိစ္စတွေ လူကြီးပိုင်းတွေ စီစဉ်ကြတယ်။ လုံးဝမခံမရပ်နိုင်တော့ဘူး၊ လက်နက်ကိုင်မှ ဖြစ်မယ်ဆိုမှ ကိုယ်တိုင် လက်နက်ဝင်ကိုင်တယ်။ အင်အားဖြည့်တယ်။ ကိုယ်တိုင်ထွက်တိုက်တယ်ပေါ့နော်” ဟု ဗိုလ်ဆော်ရယ်က ပြောသည်။

ဖခင်ဖြစ်သူမှာ ရှမ်းပြည်နယ်ရှိ တပ်ရင်းတစ်ခုတွင် ဒုတပ်ကြပ်အဖြစ် တာဝန်ထမ်းနေသူဖြစ်သဖြင့် လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ရန် မိသားစုနှင့် အတိုက်အခံပြုခဲ့ရသည်ဟု ဗိုလ်ဆော်ရယ်က ဆိုသည်။ 

“အဖေက CDM  (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ချင်ပေမဲ့ စစ်တပ်ထဲမှာ သူ့သားသမီးတွေ (ညီနှင့်ညီမ) တွေရှိတယ်။ သူတို့စစ်တပ်ထဲက ထွက်လို့မရဘူး” ဟု ဗိုလ်ဆော်ရယ်က ပြောသည်။

စစ်ကောင်စီဖြုတ်ချရေး လက်နက်ကိုင်တော်လှန်ရေးသမားတစ်ဦးဖြစ်လာသူ အသက် ၂၂ နှစ်အရွယ် ဗိုလ်ဆော်ရယ်။ (ဓာတ်ပုံ − Supplied) 

ဗိုလ်ဆော်ရယ်နည်းတူ လက်နက်ကိုင်တော်လှန်ရေးထဲ ခြေစုံပစ်ခဲ့သူ ကရင်နီအမျိုးသားတစ်ဦးမှာ ဒီးမော့ဆိုနယ်သား ကိုစောခူး (အမည်လွှဲ) ဖြစ်သည်။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ပွဲစဖြစ်ချိန်တွင် ပါဝင်တိုက်ခိုက်ရာမှ လက်နက်ကိုင်တော်လှန်ရေးအတွင်း ကိုစောခူး ရောက်ရှိခဲ့သည်။

အသက် ၃၈ နှစ်အရွယ် ကိုစောခူးမှာ ထိုင်းနိုင်ငံတွင် ဆယ်နှစ်ကြာ အလုပ်လုပ်ပြီးနောက် ဇာတိရပ်ရွာပြန်လာကာ ကိုယ်ပိုင်ပရိဘောဂလုပ်ငန်းဖြင့် မိသားစုအခြေတကျဖြစ်နေသည်မှာ ငါးနှစ်ခန့်သာရှိသေးသည်။ စစ်အာဏာသိမ်းမှုကြောင့် ကိုစောခူး၏ သာယာအေးချမ်းသော မိသားစုအသိုက်အမြုံလေး ပြိုပျက်ခဲ့ရသည်။ 

ဇနီးနှင့်အတူ အသက်ကိုးနှစ်နှင့် ငါးနှစ်အရွယ် သားနှစ်ယောက်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးပြီးနောက် ကိုစောခူးသည် အချိန်ပြည့် လက်နက်ကိုင်တော်လှန်ရေးတပ်သားတစ်ယောက် ဖြစ်လာခဲ့သည်။ ၎င်းပိုင်နေအိမ်မှာလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ထိမှန်ကာ ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်သည်။

“ကျွန်တော်တို့မှာ အနာဂတ်ရှိတယ်လေ။ ကျွန်တော်တို့အနာဂတ်အတွက် တိုက်ပွဲဝင်တဲ့ ပုံစံမျိုးပေါ့” ဟု လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်ခဲ့ရသည့်အကြောင်း ကိုစောခူးက ပြောပြသည်။ 

လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းပေါ် ရောက်လာသည့် ကရင်နီလူငယ်များတွင် အသက် ၁၉ နှစ်အရွယ် မေရီ (အမည်လွှဲ) လည်း ပါဝင်သည်။ အရပ်ငါးပေကျော်ကျော် ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၀၀ နီးပါးသာရှိသော ပိန်ပိန်သွယ်သွယ်အမျိုးသမီးငယ်လေးမှာ စစ်အာဏာရှင်ဖြုတ်ချရေးအတွက် လက်နက်ကိုင်နေပြီဖြစ်သည်။

လွိုင်ကော်တက္ကသိုလ် ပထမနှစ်အဝေးသင်ကျောင်းသူ မေရီမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ပါဝင်ရန် ဖေဖော်ဝါရီ ၄ ရက်နေ့ကတည်းက အိမ်ပေါ်မှ ဆင်းလာခဲ့သူဖြစ်သည်။ အကြမ်းဖက်ဖြိုခွင်းခံရသော ထိုဆန္ဒပြပွဲ များမှတဆင့် လက်နက်ကိုင်တော်လှန်ရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်မှာရှိတဲ့ ငွေလေးတွေနဲ့ လုပ်တတ်တဲ့သူတွေနဲ့ ချိတ်ဆက်ပြီး တစ်တောင့်ထိုးလေးဖြစ်ဖြစ် လုပ်ပြီးတော့ ရရာလက်နက် စွဲကိုင်တော်လှန်ကြတယ်။ စိတ်ဓာတ်ကျတာမျိုး မရှိဘူး” ဟု မေရီက ပြောသည်။ 

မေရီရောက်ရှိနေသည့် KNDF ၏ တပ်ရင်းအမှတ် (၁၉) တွင် အမျိုးသမီးငါးဦးအထိရှိပြီး အသက် ၁၉ နှစ်မှ ၂၅ နှစ်အရွယ်များဖြစ်သည်ဟု သိရသည်။ 

“တစ်ခါမှလည်း တိုက်ခိုက်ရေးပိုင်းမှာ ဝင်ပြီးမဆင်းရသေးတော့ ကိုယ်ကိုယ်ကိုယ် သိပ်အားမရဘူး။ ဒါပေမဲ့ အခုတိုက်နေတဲ့သူတွေအပေါ်မှာတော့ အများကြီးအားရပါတယ်” ဟု မေရီက ပြောသည်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ တိုက်ပွဲများ  

မေလ ၂၁ ရက်က ဒီးမော့ဆိုမြို့နယ်တွင် ဒေသခံများစုဖွဲ့၍ ရရာလက်နက်ဖြင့် စစ်ကောင်စီကို ခုခံတော်လှန်ရာမှ လွိုင်ကော်အပါအဝင် ကယားပြည်နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲ၊ ဖယ်ခုံတို့တွင်ပါ တိုက်ပွဲများ စတင်ခဲ့သည်။

ပြည်နယ်အတွင်းရှိ ပြန့်ကျဲနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များကို ပေါင်းစည်းကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖြစ် မေလ ၃၁ ရက်တွင် ဖွဲ့စည်းခဲ့သည်။ 

“ပိုပြီးတော့ စည်းစည်းလုံးလုံးရှိတာပေါ့။ မရှုပ်ထွေးတော့ဘူးလေ။ အကုန်လုံးပေါင်းလိုက်တော့ လုပ်စရာရှိတာ မြန်မြန်လုပ်လို့ရတယ်။ ပြဿနာတစ်ခုဖြစ်လာရင် အားလုံးဝိုင်းပြီးဖြေရှင်းတော့ ပြီးမြန်တယ်” ဟု KNDF မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် ကရင်နီအမျိုးသားများ၏ စစ်ကောင်စီဖြုတ်ချရေး လက်နက်ကိုင်တပ်ဖွဲ့မှာ တပ်ရင်းပေါင်း ၁၉ ခုအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ကရင်နီဒေသရှိ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အချို့သည်လည်း KNDF တွင် ပါဝင်ခြင်း မရှိသော်လည်း မဟာမိတ်ပြုကာ ချိတ်ဆက်ဆောင်ရွက်မှုများ ရှိသည်။ 

ကယားပြည်နယ်တစ်နေရာတွင် တွေ့ရသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်များ။ (ဓာတ်ပုံ − Supplied) 

ကရင်နီဒေသဆိုရာတွင် ကယားပြည်နယ်သာမက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံနှင့် ပင်လောင်း၊ ကရင်ပြည်နယ်မြောက်ပိုင်း သံတောင်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေရှိ အစိတ်အပိုင်းတချို့ ပါဝင်ကြောင်း သမိုင်းအချက်အလက်များကို ကိုးကား၍ ကရင်နီလူထုက ပြောဆိုလေ့ရှိသည်။

လက်နက်ကိုင်တိုက်ပွဲများအစတွင် လက်လုပ်သေနတ်များကိုသာ တစ်လှည့်စီ မျှသုံးရသည်ဟု ဒီးမော့ဆိုမြို့နယ်အတွင်း တိုက်ပွဲများတွင် ပါဝင်ခဲ့သူ ဗိုလ်ဆော်ရယ်က ပြောသည်။

“ဟိုလူပင်ပန်းရင် ဟိုလူ့ဆီကယူ၊ ဒီလူပင်ပန်းရင် ဒီလူ့ဆီကယူ အဲလိုပုံစံနဲ့ ကျွန်တော်တို့ တိုက်ကြတာ။ နှစ်ရက်သုံးရက်ကြာလာတော့ ကျွန်တော်တို့ ကိုယ်ပိုင်လက်နက်လေးတွေ ရလာတာပေါ့။ လက်လုပ်လေးတွေပဲ” ဟု ၎င်းက ဆိုသည်။ ထိုအချိန်က KNDF အဖြစ် ပေါင်းစည်းခြင်း မရှိသေးပေ။

လက်နက်အင်အား မမျှသော်လည်း ကရင်နီလူထု၏ စုဖွဲ့နိုင်မှု၊ လူအင်အားနှင့် နယ်မြေကျွမ်းကျင်မှုတို့ကြောင့် မေလကုန်ပိုင်းက တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရာဂဏန်းအထိ သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။ 

“၂၀၀ မကဘူး၊ ၃၀၀ နီးပါးလောက်အထိရှိနိုင်တယ်။ ရက်တိုင်းရက်တိုင်းဖြစ်နေတာ။ သူတို့ဘက်က အနည်းဆုံး နှစ်ယောက်သုံးယောက်ကျတယ်။ ကျောက်ဆည်ကန်တို့ မိုးဗြဲတို့ ခြောက်မိုင်တို့ဆို စစ်သားတော်တော်များများကို ငရဲပြည်ပို့နိုင်လိုက်တဲ့ တိုက်ပွဲတွေပဲ” ဟု ဗိုလ်ဆော်ရယ်က ပြောသည်။

မေ ၂၁ ရက်က ဒီးမော့ဆိုမြို့နယ် ညောင်ကိုင်းရွာ အနီးတိုက်ပွဲ၊ မေ ၂၃ ရက်က မိုးဗြဲရဲစခန်းသိမ်းတိုက်ပွဲနှင့် ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်တိုက်ပွဲနှင့် ကျောက်ဆည်ကန်တိုက်ပွဲများ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့သည်။ စစ်ကောင်စီဘက်က ၈၀ ခန့်အထိ သေဆုံးခဲ့ရာ အမြောက်ကြီးများသာမက လေယာဉ်များဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

ကယားပြည်နယ်အတွင်း တိုက်ပွဲများ၌ အထိနာခဲ့သော စစ်ကောင်စီတပ်သည် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်များ ခိုလှုံနေရာ ဘာသာရေးအဆောက်အအုံများဖြစ်သော ဘုရားရှိခိုးကျောင်းတချို့လည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခံခဲ့ရသည်။ 

မေလကုန်ပိုင်းက တိုက်ပွဲဖြစ်ပွားသည့် ရက်ပေါင်း ၂၀ ကျော်အတွင်း လက်နက်ကြီးထိမှန်ခြင်းနှင့် စစ်တပ်က မီးရှို့ခြင်းများကြောင့် လွိုင်ကော်၊ ဒီးမော့ဆိုနှင့် မိုးဗြဲမြို့နယ်တို့တွင် နေအိမ်များအပါအဝင် အဆောက်အအုံ ၂၂၀ ကျော် ပျက်စီးခဲ့ရသည်။ တိုက်ပွဲများကြောင့် တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရသဖြင့် အတိဒုက္ခရောက်ခဲ့ရသည်။ 

ပြည်နယ်တွင်းရှိ ဘာသာရေးခေါင်းဆောင်များ၏ ကြားဝင်မေတ္တာရပ်ခံမှုကြောင့် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး ၂၅ ရက်အကြာ ဇွန်လ ၁၅ ရက်တွင် KNDF နှင့် စစ်ကောင်စီတို့ ယာယီအပစ်ရပ်ခဲ့သည်။

ထိုသို့အပစ်ရပ်ပြီးနောက် ဒေသခံများနေရပ်ပြန်လာစဉ် ဒီးမော့ဆိုနှင့် မိုးဗြဲမြို့နယ်တို့တွင် သတ်ဖြတ်ခံထားရပြီး ပုပ်ပွနေသည့် အရပ်သားရုပ်အလောင်း ၂၀ ကျော် တွေ့ရှိခဲ့ရသည်။ နေအိမ်နှင့် ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရသည်များလည်းရှိသည်။

မေလ ၂၁ ရက်မှ ဇွန်လ ၁၅ ရက်အပစ်မရပ်ခင်အထိ တိုက်ပွဲများတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးခဲ့သည်။ ဩဂုတ်လလယ်ပိုင်းအထိ ကရင်နီဒေသတွင် စစ်ကောင်စီ၏ သတ်ဖြတ်ခြင်းခံရသူ ၈၂ ဦးရှိကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်က ထုတ်ပြန်ကြေညာထားသည်။ 

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လူဦးရေးသုံးသိန်းမပြည့်သော ကယားပြည်နယ်၌ ဒေသခံတစ်သိန်းနီးပါးသည် လယ်ယာစိုက်ခင်းများ၊ နေအိမ်တိုက်တာများနှင့် လူမှုဘဝများကို စွန့်လွှတ်ကာ စစ်ဘေးရှောင်ရင်း တောတောင်ထဲ ပြေးလွှားပုန်းအောင်းနေကြရသည်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အဖွဲ့ဝင်များ မွမ်းမံသင်တန်းတက်ရောက်နေစဉ်။ (ဓာတ်ပုံ − Supplied) 

စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်ရေး KNPP နှင့် ပူးပေါင်း 

ကယားပြည်နယ်တွင် ယာယီအပစ်ရပ်ပြီးနောက် KNDF က စစ်ရေးအတွက် ပြင်ဆင်မှုတချို့ ပြုလုပ်ခဲ့သည့်နည်းတူ စစ်ကောင်စီဘက်ကလည်း တပ်အင်အားထပ်မံဖြည့်တင်းခြင်း၊ စစ်ရေးအခြေအနေလေ့လာခြင်းများ ပြုလုပ်ခဲ့သည်။

ဇူလိုင် ၂ ရက်က လွိုင်ကော် – ရှားတောလမ်းပေါ်ရှိ ပွန်ချောင်းအနီးတွင် ဖြစ်ပွားသော တိုက်ပွဲမှစ၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်အောက်ခံ ကရင်နီတပ်မတော် (KA) နှင့် စစ်ကောင်စီတပ်တို့ ယနေ့အထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ဇူလိုင် ၁၆ ရက်က ဘောလခဲမြို့နယ် နန်းဖဲကျေးရွာအနီး တိုက်ပွဲမှစ၍ KNDFနှင့် KA ပူးပေါင်းတိုက်ခိုက်ကြသည်။ 

အပစ်ရပ်ခြင်းသည် စစ်ကောင်စီအတွက် အားသာချက်ဖြစ်သွားခဲ့သည်ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

“စစ်ကောင်စီက အပစ်ရပ်တဲ့ဟာကို ကောင်းကောင်းအသုံးချပြီးတော့ ကျွန်တော်တို့ ကရင်နီပြည်မှာ တပ်တွေ အနှံ့အပြားဖြန့်ထားတော့ ကျွန်တော်တို့သွားရမယ့် နေရာတွေ တော်တော်ကျဉ်းကျပ်နေပြီ။ အဲဒါကြောင့်ပဲ တိုက်ပွဲပြန်ဖြစ်တာပေါ့” ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က ရှင်းပြသည်။ 

အပစ်ရပ်ပြီးနောက်ပိုင်း မြို့ပေါ်၌ လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တောထဲရောက်လာကာ KNPP နှင့် အတူပူးပေါင်းလာခြင်းဖြစ်သည်ဟု KNPP အတွင်းရေးမှူး (၁) ဖြစ်သူ ခူးဒယ်နီရယ်က ဆိုသည်။ 

“အပြန်အလှန် ကူညီကြတာပဲ ရှိပါတယ်။ သူတို့လည်း သူတို့ဟာသူတို့ အကူအညီတွေရှာနေတယ်။ နောက် တချို့အဖွဲ့အစည်းတွေကလည်း သူတို့ကိုကူတယ်။ အတူတူတိုက်မှတော့ အပြန်အလှန်ကူညီကြတာပဲပေါ့” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်နေသော်လည်း KNDF မှာ သီးခြားလွတ်လပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ကာ KNPP လက်အောက်ခံ လက်နက်ကိုင်တပ်မဟုတ်ကြောင်းလည်း ခူးဒယ်နီရယ်က ဆိုသည်။ 

“ကျွန်တော်တို့က နဂိုကတည်းက လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ ကတည်းက အာဏာရှင်ပြုတ်ကျရေးအတွက် တော်လှန်ရေးလုပ်ခဲ့တယ်။ အခုတော့ ခပ်များများလည်း စစ်အာဏာရှင်ပြုတ်ကျရေး တော်လှန်ရေးလုပ်နေကြတယ်ဆိုတော့ တစ်ထပ်တည်းတော့ဖြစ်တယ်ပေါ့လေ။ ကျွန်တော်တို့ လူထုတစ်ရပ်လုံး ရည်ရွယ်ချက်တူတယ်” ဟု ၎င်းက ပြောသည်။

KNDF သည် စစ်အာဏာရှင် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ဦးဆောင်မှုအောက်တွင် တိုက်ပွဲဝင်နေသည့် ပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း KSCC က ကြေညာထားသည်။ 

၂၀၂၀ ရွေးကောက်ခံအမတ်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့အစည်းများနှင့် တတ်သိပညာရှင်များ စုစည်း၍ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီကို  ဧပြီ ၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။ 

ဆယ်စုနှစ်နှင့်ချီကာ စစ်ဘေးစစ်ဒဏ်ခံလာခဲ့ရသော ကရင်နီလူထုမှာ စစ်အာဏာသိမ်းမှုကြောင့် စစ်ပွဲများ ပြန်လည်ရင်ဆိုင် ကြုံတွေ့လာရပြီး အနာဂတ် ဝေဝါးလျက်ရှိသည်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် လက်ရှိရင်ဆိုင်နေရသော ဒုက္ခများကို ခေတ္တသည်းခံကာ အားတင်းထားကြရန် KNDF ပြောခွင့်ရပုဂ္ဂိုလ်က ကရင်နီလူထုကို တိုက်တွန်းသည်။ 

“ခဏတာ ဒုက္ခခံလိုက်ပြီးတော့ ကျွန်တော်တို့တစ်ဘဝစာ ကောင်းသွားမယ့် အခွင့်အလမ်းကို ရွေးရမယ်။ ခဏလေး ဒုက္ခမခံနိုင်ဘူးဆိုရင် အဘက်ဘက်က ချွတ်ခြုံကျတဲ့ ယန္တရားအောက်မှာ၊ စနစ်တွေအောက်မှာ ကျွန်တော်တို့ နေသွားရလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

Show More

Related Articles

Back to top button