အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်များဆွေးနွေးပွဲ ဗိုလ်ချုပ်ကြေးရုပ်အရေးပါဝင်မည်

ဒေသခံအချို့က ကာလရှည်ကြာ ကန့်ကွက်နေခဲ့သည့် ကယားပြည်နယ် လွိုင်ကော်မြို့လယ်မှ ဗိုလ်ချုပ်ကြေးရုပ် အရေးအပါအဝင် ဒေသတွင်းမှ အခြေအနေများကို ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်နီလူငယ်များ လွိုင်ကော်မြို့တွင် ယနေ့နေ့လယ်ပိုင်း၌ ဆွေးနွေးကြမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ရန် ပြည်နယ်အစိုးရရုံးစိုက်ရာ လွိုင်ကော်မြို့သို့ ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါခရီးစဉ်အတွင်း ကရင်နီပြည်လူငယ်အင်အားစုများက ၎င်းတို့နှင့်တွေ့ဆုံရန် စာပို့တောင်းဆိုခဲ့မှုအပြီး နှစ်ဖက်တွေ့ဆုံပွဲဖြစ်ပေါ်လာခြင်းဖြစ်သည်။

လွိုင်ကော်မြို့လယ်တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူရန် ပြည်နယ်အစိုးရဘက်က ကြိုးပမ်းခဲ့ပြီးနောက် ၂၀၁၉ ဖေဖော်ဝါရီတွင် ရာနှင့်ချီသော ဆန္ဒပြသူများလွိုင်ကော်မြို့တွင် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ဗိုလ်ချုပ်ကြေးရုပ်အရေးသည် ဆွေးနွေးပွဲတွင် အဓိက ပြောဆိုကြမည့် အကြောင်းဖြစ်လာနိုင်ပြီး၊ နောက်ထပ် ဆွေးနွေးကြမည့် အကြောင်းအရာများမှာ တပ်မတော်ဘက်နှင့် မြေယာအငြင်းပွားမှုဖြစ်ခဲ့ပြီး တရားစွဲဆိုခံထားရသည့် တောင်သူ ၄၀ ကျော်အရေး နှင့် ကရင်နီလူငယ်အရေးတို့ ဖြစ်ကြောင်း တွေ့ဆုံပွဲတက်မည့် ကရင်နီပြည်လူငယ် ခုနစ်ဦးထဲတွင် ပါဝင်သည့် ကရင်နီပြည်လူငယ်အင်အားစုအဖွဲ့မှ ခူးရီးရယ်က Myanmar Now ကို ယနေ့တွင်ပြောသည်။

“တစ်ဖက်နှင့်တစ်ဖက် တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းနဲ့ ဆွေးနွေးပြီးတော့မှ လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို အဖြေရှာကြဖို့ ကျွန်တော်တို့ စိတ်အားထက်သန်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေလည်း ပူးပေါင်းပါဝင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းကပြောသည်။

တွေ့ဆုံပွဲ တက်ရောက်မည့် ကရင်နီပြည်လူငယ်အင်အားစု ၇ ဦးမှာ ကရင်နီပြည်တောင်သူများသမဂ္ဂ၊ ကရင်နီပြည်လူငယ်သမဂ္ဂအဖွဲ့၊ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ၊ ကယန်းမျိုးဆက်သစ်လူငယ်၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံးနှင့် ကယားလီဖူးလူငယ် စသည့် လူငယ်အဖွဲ့အစည်းများ၏ ကိုယ်စားပြုများဖြစ်သည်ဟု ခူးရီးရယ်ကဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button