အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာတွင် စစ်မှုထမ်းဟောင်းအချို့က နေအိမ်များကို မီးရှို့မည်ဟု ခြိမ်းခြောက် 

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် စစ်တပ်ရန်ကြောက်သဖြင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေသူများ ပြန်မလာပါက နေအိမ်များကို မီးရှို့မည်ဟု စစ်မှုထမ်းဟောင်းအချို့က ခြိမ်းခြောက်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးထံမှ သိရသည်။

မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဒုအရာခံဗိုလ်ဟောင်း ဦးအောင်ချီနှင့် တပ်ကြပ်ဟောင်း ဦးစောလွင်ဆိုသူသည် နိုဝင်ဘာ ၂၄ ရက်တွင် တောင်သာမြို့နယ် စံဦးကျေးရွာသို့ စစ်သားများနှင့်အတူ ရောက်လာစဉ် ထိုသို့ ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု သိရသည်။

“ပြန်မလာရင် ချိပ်ပိတ်မယ်လို့ ပတ်ဝန်းကျင်ကလူတွေ ကြားနိုင်တဲ့သူတွေကို ပြောခဲ့တာ ရှိတယ်။ ပြန်မလာရင် အိမ်ကို ချိပ်ပိတ်မယ်။ ဒါမှ ပြန်မလာဘူးဆိုရင် ငါတို့က မီးနဲ့ ရှို့မယ်။ ရှေ့မှာ မီးနဲ့ ရှို့ထားတဲ့ သာဓကတွေ မြင်တယ်မဟုတ်ဘူးလားဆိုပြီးတော့ ပြောခဲ့တာ” ဟု တောင်သာမြို့နယ် NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဇော်ထွေးက Myanmar Now ကို ပြောသည်။

တောင်သာမြို့နယ် NLD ပါတီ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံလည်းဖြစ်သူ ဦးဇော်ထွေးမှာ လက်ရှိတွင် စစ်ကောင်စီရန်ကြောင့် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေရပြီး စံဦးရွာရှိ ၎င်းပိုင်နေအိမ်မှာ စက်တင်ဘာလအတွင်း မီးရှို့ဖျက်ဆီးခံရသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​
အောက်တိုဘာ ၁၂ ရက်က စံဦးကျေးရွာရှိ ဦးဇော်ထွေး၏ နေအိမ်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့စဉ်။ (ဓာတ်ပုံ – ပေးပို့) 

အသက် ၄၄ နှစ်အရွယ် ဦးဇော်ထွေးမှာ စစ်တပ်က ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက ပုဒ်မ ၅၀၅-က၊ ခ တို့ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသူလည်းဖြစ်သည်။ 

စစ်မှုထမ်းဟောင်းအချို့က စစ်တပ်နှင့်အတူ စံဦးရွာရောက်လာစဉ် ထွက်ပြေးတိမ်းရှောင်နေသူများ၏ နေအိမ်ရှစ်လုံးတွင် “PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်သည့် နေအိမ်များကို တရားဥပဒေအရ နိုင်ငံတော်ပိုင်အဖြစ် သိမ်းမည်၊ PDF အကြမ်းဖက်သမားများကို လက်ခံနေထိုင်ခွင့်ပြုသည့် ကျေးရွာများကို စုစည်းရွာများအဖြစ် ရွှေ့ပြောင်းခြင်းများပြုလုပ်မည်” ဟု ဖော်ပြထားသည့် စာများ ကပ်သွားသည်ဟု သိရသည်။ 

ထိုသို့ စာကပ်ခံရသည့် နေအိမ်ရှစ်လုံးမှာ ထွက်ပြေးတိမ်းရှောင်နေရသူများပိုင်အိမ်များဖြစ်ပြီး ဦးမျိုးသူနှင့် ကိုသန်းနိုင်ဦးဆိုသူတို့၏ နေအိမ်နှစ်လုံးမှာ ချိပ်ပိတ်ခံထားရပြီးဖြစ်ကာ အခြားနေအိမ်များမှာမူ မည်သူမည်ဝါပိုင်ဆိုင်ကြောင်း မသိရပေ။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ခိုအောင်းနေထိုင်ရာ အိမ်များကို ချိပ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည့်နည်းတူ ဒေသအသီးသီးတွင် နေအိမ်ချိပ်ပိတ်သိမ်းဆည်းခံရမှုများလည်း အဆက်မပြတ်ပေါ်ပေါက်နေသည်။

စစ်ကောင်စီရန်ကြောင့် တောင်သာမြို့နယ် စံဦးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူတစ်ဦးကလည်း စစ်မှုထမ်းဟောင်းအဖွဲ့ဝင်အချို့၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ “အရင်ကတည်းကလည်း ခြိမ်းခြောက်နေတာပါပဲ။ အခုလည်း ခြိမ်းခြောက်နေတာပါပဲ” ဟု ဆိုသည်။ 

ထိုကျေးရွာတွင် စက်တင်ဘာလအတွင်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် အုပ်ချုပ်ရေးမှူးအသစ်ဖြစ်လာသည့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးစောလွင်က ခရီးသွားထောက်ခံစာလာလုပ်သူများကို ‘ရွာကို မီးရှို့မည်’ ဟု ခြိမ်းခြောက်လေ့ရှိကြောင်း လုံခြုံရေးအရ အမည်ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသူ အထက်ပါအမျိုးသားက ဆက်ပြောသည်။ 

တောင်သာမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ ဦးအောင်ချီနှင့် ဦးစောလွင်မှာ စံဦးကျေးရွာဇာတိဖြစ်ကြပြီး ဦးအောင်ချီမှာ ဦးသိန်းစိန်အစိုးရလက်ထက် စံဦးရွာအုပ်ချုပ်ရေးမှူးဖြစ်ခဲ့ကာ ဦးစောလွင်မှာ ယခင် စစ်အစိုးရလက်ထက်တွင် ရွာဥက္ကဋ္ဌအဖြစ် လုပ်ကိုင်ခဲ့သူဟု NLD ပါတီဝင် ဦးဇော်ထွေးက ပြောသည်။

“လက်ရှိမြို့နယ်မှာဆိုရင်လည်း နယ်မြေရှင်းလင်းရေးတာဝန်ခံမှာ ဦးအောင်ချီတို့က မြို့နယ် စကစ (စစ်ကောင်စီ) နဲ့ တစ်သွေးတည်း တစ်သားတည်း သွားလာလှုပ်ရှားနေတာကို အသေးစိတ်သိနေတဲ့အတွက်ကြောင့် သူတို့က စံဦးရွာသားတွေဖြစ်တဲ့အတွက်ကြောင့် တိတိကျကျပြောနိုင်ခြင်း ဖြစ်တယ်။ ရွာသားစစ်စစ်တွေ” ဟု ၎င်းက ပြောသည်။

တောင်သာမြို့နယ်တွင် နိုဝင်ဘာ ၂၃ ရက်ကလည်း လှည်းကူးမအုပ်စု၊ ရတနာပုံကျေးရွာ၌ အင်္ဂတေနှင့် သံထည်လုပ်ငန်းလုပ်ကိုင်သူ ဦးဇော်မင်းဆိုသူ၏ အိမ်အပါအဝင် နေအိမ်သုံးလုံးကို စစ်တပ်က မီးရှို့ခဲ့သည်။ 

PDF နှင့် ဆက်နွှယ်သည်ဆိုကာ ၎င်းကို လာရောက်ရှာဖွေစဉ် မတွေ့သဖြင့် နေအိမ်များကို မီးရှို့ကာ တန်ဖိုးရှိပစ္စည်းများကိုပါ ယူဆောင်သွားခဲ့သည်ဟု ဦးဇော်မင်းက Myanmar Now ကို ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button