အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်သာ NLD အလုပ်အမှုဆောင် နေအိမ်ကို စစ်တပ်က မီးရှို့

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ အလုပ်အမှုဆောင်နှင့် ပြန်ကြားရေးတာဝန်ခံ ဦးဇော်ထွေး၏ နေအိမ်ကို အောက်တိုဘာ ၁၂ ရက်ညပိုင်းတွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သဖြင့် ကျပ်သိန်း ၂၈၀ ဖိုးခန့် ဆုံးရှုံးခဲ့သည်ဟု သိရသည်။

တောင်သာမြို့နယ် စံဦးရွာမှ နေအိမ်ဝိုင်းအတွင်းရှိ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဦးဇော်ထွေးက Myanmar Now ကို ပြောသည်။ 

အသက် ၄၄ နှစ်အရွယ် ဦးဇော်ထွေးမှာ အာဏာသိမ်းပြီး များမကြာမီ ဖေဖော်ဝါရီ ၂၇ ကတည်းက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅- က၊ ခ တို့ဖြင့် ဝရမ်းထုတ်ခံထားရသူဖြစ်သည်။

စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်ကို မကြာခဏ လာရောက်ရန်ရှာလေ့ရှိကြောင်း၊ မည်သူမျှမရှိစဉ် မီးရှို့ရခြင်းဖြစ်၍ လူထိခိုက်မှု မရှိခဲ့ဟု ဦးဇော်ထွေးက ဆိုသည်။ “အိမ်အခွံပဲ ကျန်တာကို မီးရှို့လိုက်တာ” ဟု ၎င်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

စစ်သား ၁၀ ဦးခန့်က လာရောက်မီးရှို့ခဲ့သဖြင့် နှစ်ထပ်ပျဉ်ထောင်အိမ်၊ ကြက်သွန်ပိဿာချိန် တစ်သောင်းရှစ်ထောင် သိုလှောင်ထားသည့် နှစ်ထပ်ဂိုဒေါင်၊ နွားတင်းကုပ်၊ မီးဖိုဆောင်နှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ ဆုံးရှုံးခဲ့ရသည်ကို ဒေသခံတို့ထံမှတစ်ဆင့် ပြန်လည်ကြားသိရကြောင်း ဦးဇော်ထွေးက ဆိုသည်။

နေအိမ်နှင့် စည်းစိမ်များ မီးရှို့ဖျက်ဆီးမခံရမီ နှစ်လကျော်ခန့်ဖြစ်သည့် ဇူလိုင် ၂၄ ရက် ညဉ့်သန်းခေါင်ယံအချိန်တွင် စစ်သား ၁၅၀ ခန့် နေအိမ်သို့ ရောက်လာကာ အသက် ၈၅ နှစ်အရွယ် ဖခင် ဦးကြီးဘိုကို နားထင်ကို သေနတ်ဖြင့် တေ့၍ ခြိမ်းခြောက်ခြင်း၊ အိမ်ဝိုင်းအတွင်း သေနတ်ပစ်ဖောက်ခြင်း၊ အသံဗုံးခွဲခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု ဦးဇော်ထွေးက ဆိုသည်။

ထို့ကြောင့် သွေးတိုးရောဂါရှိသည့် ဖခင်ဖြစ်သူမှာ ထိုညက ကြောက်လန့်၍ သတိလစ်သည်အထိ ဖြစ်ခဲ့ရပြီးနောက် နှစ်ရက်အကြာ (ဇူလိုင် ၂၇) တွင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အလားတူပင် ဩဂုတ် ၂၀ ရက်ကလည်း စစ်တပ်ရောက်လာပြီး အသက် ၃၅ နှစ်အရွယ် ညီဖြစ်သူ ကိုရဲဝင်းဇော် ပိုင်ဆိုင်သည့် စိန်လက်စွပ်နှစ်ကွင်း၊ ပလက်တီနမ်ဆွဲကြိုးတစ်ကုံး၊ ကျပ် သိန်း ၃၅၀ ခန့် တန်ကြေးရှိ မြေသယ်ယာဉ်တစ်စီးကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

“သူတို့ အဲဒီလိုလုပ်တာတွေက ကျွန်တော် တစ်ဦးတစ်ယောက်ရဲ့ ခံယူချက်တင် မဟုတ်ဘူး။ ကျွန်တော်တို့ မိသားစုတစ်စုလုံးရဲ့ ခံယူချက်၊ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ်ဆိုတဲ့ ခံယူချက်ကို လုံးဝ ပြောင်းလဲဖို့ မဖြစ်နိုင်တဲ့အပြင် ပိုပြီးတော့ တော်လှန်ဖို့ မြန်မြန် ဒီတော်လှန်ရေးပြီးအောင် တော်လှန်ဖို့ လိုအပ်နေတယ်ဆိုတဲ့ တွန်းအားပေးတာမျိုးတောင် ရရှိပါတယ်” ဟု ဦးဇော်ထွေးက ပြောသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ဦးဇော်ထွေး။ ဓာတ်ပုံ-ပေးပို့

ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စံဦးရွာခံအချို့ထံမှ သီးခြားအတည်ပြုချက်ရယူရန် ကြိုးစားခဲ့သော်လည်း လုံခြုံရေးအခြေအနေအရ သတင်းဌာနကို အင်တာဗျူးမဖြေလိုဟု ဆိုကြသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အပြတ်အသတ်အနိုင်ရခဲ့သည့် NLD ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များအပြင် အားပေးထောက်ခံသူများကိုပါ စစ်တပ်က တောက်လျှောက်ဖမ်းဆီးနေပြီး ရုံးများ၊ ၎င်းတို့နှင့် သက်ဆိုင်သည့် နေအိမ်များကိုလည်း ဖျက်ဆီးနေသည်။

တောင်သာမြို့နယ်တွင် အလားတူဖြစ်စဉ်များအပြင် စစ်တပ်က ဖမ်းဆီး၊ ငွေတောင်း၍ ပြန်လွှတ်၊ ပြန်လွှတ်ပြီး ပြန်ဖမ်းသည်ကိုပင် ပြည်သူအချို့ ကြုံနေရသည်။


လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button