စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ မော်တော်ယာဉ်တစ်စီးနှင့် ဆိုင်ကယ်နှစ်စီးကို ယနေ့ (နိုဝင်ဘာ ၂၆) နံနက် ၈ နာရီခန့်တွင် ဗုံးဖြင့်တိုက်ခိုက်ရာ စစ်သား သုံးဦးသေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရသွားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့ (PDF) တာဝန်ရှိသူက ပြောသည်။
ကင်းလှည့်ယာဉ်တန်းကို တန့်ဆည်တရားရုံးအနီးတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုအတွင်း ဆိုင်ကယ်နှစ်စီး ထိမှန်ခဲ့ကြောင်း ထိုသူက ဆိုသည်။
“စစ်သားသုံးယောက်သေတာ သေချာတယ်ဗျ။ နှစ်ယောက်ကတော့ ခန္ဓာကိုယ်တစ်စစီ ဖြစ်သွားတာ။ စောင့်ကြည့်တဲ့ ကင်းထောက်သမားဆို ဆက်မကြည့်ရဲတော့လို့ ထွက်ပြေးလာရတာ”ဟု ၎င်းက ပြောသည်။
တိုက်ခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသော်လည်း PDF အဖွဲ့ဝင်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် စစ်သားများက ရမ်းသန်းပစ်ခတ်သဖြင့် တန့်ဆည်မြို့ပေါ်သို့ ဈေးလာဝယ်သည့် အင်တောလေးကျေးရွာမှ အမျိုးသားတစ်ဦး၏ ပေါင်တွင် ကျည်ဆန်ထိမှန်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ကိစ္စနှင့် ပေါက်ကွဲမှုဖြစ်စဉ်တို့ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။
“ဗုံးပေါက်ပြီးတော့ ရမ်းပစ်တာဗျ။ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စျေးဆိုင်တွေလည်း အကုန်ပိတ်ခိုင်းထားတယ်။ ၄၅ မိနစ်အတွင်း အကုန်ပိတ်ပြီး ပြန်ရမယ်ပြောတာ”ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
ယနေ့တွင် တန့်ဆည်မြို့၌ စစ်ကောင်စီတပ်ဖွဲ့များက လမ်းများကို ပိတ်ဆို့ကာ လုံခြုံရေးတင်းကျပ်ထားကြောင်း၊ စစ်သားနှင့် ရဲများအပြင် အရပ်ဝတ်များက ဆိုင်ကယ်နှင့် မော်တော်ယာဉ်တို့ဖြင့် လှည့်လည်သွားလာနေကြောင်း ထိုသူက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် နိုင်ငံအနှံ့ မြို့ရွာများတွင် တန့်ဆည်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သည်။ သို့သော် ဧပြီ ၇ရက်တွင် လူထောင်ချီပါဝင်သည့် ဆန္ဒပြပွဲတစ်ခုကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းပြီးနောက်တွင် လက်နက်ကိုင်ခုခံမှုများ တန့်ဆည်မြို့နယ်အတွင်း အားကောင်းလာသည်။
ခုခံမှုများကို စစ်ကောင်စီက ကျေးရွာများကို မီးရှို့၊ စစ်အင်အား အလုံးအရင်းပို့လွှတ်သည့် နည်းဖြင့် အကြမ်းပတမ်းဖြေရှင်းနေပြီး PDF အဖွဲ့များ၏ ခန့်မှန်းချက်အရ လက်ရှိတွင် တန့်ဆည်မြို့နယ်အတွင်း၌ စစ်သား ၅၀၀ ကျော် ဖြန့်ကြက်ထားကြောင်း သိရသည်။
လက်နက်ကိုင်ခုခံသူများကို စစ်ကောင်စီက အကြမ်းဖက်သမားများဟု သတ်မှတ်ထားသည်။ ရှို့မီးများမှာ ခုခံသူတို့၏ လက်ချက်ဖြစ်ကြောင်း စစ်ကောင်စီက တုံ့ပြန်လေ့ရှိသည်။
စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အကူအညီပေးနေသူနှင့် ဒေသခံအချို့က အတည်ပြုထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)