
ဘာသာမတူသူ၊ အသွေးအရောင်မတူသူများကြား ယုံကြည်၊ ချစ်ခင်မှုကို တိုးပွားစေရေး လုပ်ဆောင်နေသည့် ငြိမ်းချမ်းမေတ္တာအဖွဲ့ကို စတင်တည်ထောင်သူများထဲတွင် ဟာဂျီဦးအေးလွင်လည်း ပါဝင်သည်။
ရခိုင်ဒေသပဋိပက္ခဆိုင်ရာ ကိုဖီအာနန်ကော်မရှင်တွင်လည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်သည့် ဟာဂျီဦးအေးလွင်နှင့် မကြာသေးခင်က တွေ့ဆုံစဉ် သူက ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှု၊ မတူကွဲပြားမှုများအကြောင်း ပြောပြထားသည်။
မေး – အစိုးရသစ်လက်ထက်မှာ ဘာသာရေးမုန်းတီးမှုတွေ လျော့ကျသွားတာကို တွေ့ရပါတယ်။ ဒါဟာ လူထုထဲမှာ မုန်းတီးမှုတွေ မရှိတော့တာလား၊ အသုံးချမဲ့သူတွေက သူတို့ရဲ့ နိုင်ငံရေးကစားကွက်က အချိန်မကျသေးတာကြောင့် စောင့်ဆိုင်းနေကြတာလား။
ဖြေ – နိုင်ငံရေးကစားကွက်အရ ဒါကို အသုံးချရာမှာ ထိရောက်သင့်သလောက်၊ မျှော်လင့်သလောက် မထိရောက်ဘဲ သူတို့အပေါ်မှာတောင် ပြန်ပတ်လာတဲ့ သဘောရှိတာကြောင့် ဒီနိုင်ငံရေးဗျူဟာလေးကို ခဏလေးခေါက်ထားတဲ့ သဘောမျိုးဖြစ်ပါတယ်။ အရင်တုန်းက ဗြောင်ကျကျ ထုတ်သုံးခဲ့တာဟာ ရွေးကောက်ပွဲတောင် ရှုံးသွားခဲ့တဲ့ အဆင့်ထိ ရောက်သွားတယ်။
ပြည်သူတွေကြားထဲမှာလည်း နားလည်သဘောပေါက်ကြတဲ့သူတွေရှိတယ်။ ဘာသာရေးခေါင်းဆောင်တွေကလည်း အသုံးချမခံတော့တဲ့ ပုဂ္ဂိုလ်တွေရှိတယ်။ ဒီတော့ဒါက ခေတ္တယာယီ ဒီဗျူဟာကို သူတို့ မသုံးသေးတာလို့ ကျွန်တော်ထင်ပါတယ်။
မေး။ ။ အစိုးရဟောင်းလက်ထက်ကာလနဲ့ အခု အစိုးရကာလ နှစ်ခုကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘာသာပေါင်းစုံညီညွတ်ရေးကို ဆောင်ရွက်ရတဲ့ အချိန်မှာ ဘယ်လိုကွာခြားချက်များ ရှိပါသလဲ။
ဖြေ။ ။ ဦးသိန်းစိန်လက်ထက်က အစိုးရကလည်း စစ်တပ်က လူဟောင်းတွေများတယ်၊ လက်တွေ့အကောင်အထည်ဖော်ရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများကရော တပ်ကလူတွေ များတယ်။
ဒါကြောင့် သူတို့ လုပ်တာတွေက ဟန်ချက်ညီတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့ တချို့ကိစ္စရပ်တွေမှာ ဒေသခံတွေကနေပြီးတော့ သူတို့ဒေသမှာ ရှိတဲ့ အာဏာပိုင်တွေ ဌာနဆိုင်ရာအဖွဲ့အစည်းတွေကို ကျေကျေလည်လည် ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် တချို့ ခွင့်ပြုချက်မရတာတွေကို နားလည်မှုနဲ့ လုပ်လို့ရတယ်။ ဝတ်ပြုမှုတို့၊ ဥပုသ်စောင့်တာတို့၊ ဘာသာရေးစာသင်တာတို့ ဆိုတာက တရားဝင်ပိတ်ပင်ထားသော်လည်း သူ့နားလည်မှုလေးနဲ့ ဖြစ်နေတယ်။
ခု ဒီအစိုးရ တက်လာတဲ့အခါမှာ တရားဥပဒေစိုးမိုးရေးဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိကအဆောက်အအုံဆိုတာ ဗုဒ္ဓဘာသာကလွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင်စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာမဟုတ်ဘူး။ ပိတ်ပင်ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ်ဆိုတာကြီးကြောင့်၊ ဌာနဆိုင်ရာနဲ့ ဝန်ထမ်းတွေကလည်း အစိုးရအဖွဲ့နဲ့ ထွေအုပ်နဲ့ကလည်း သိပ်ပြီး တူတာမဟုတ်ဘူးလေ။ အဲတော့ လုပ်ရတဲ့အခါမှာ အကောင်အထည်ဖော်ရတဲ့အခါမှာ နားလည်မှုတွေ မရကြတဲ့အပေါ်မှာ ဝတ်ပြုကိုးကွယ်မှုတွေရော၊ ဘာသာရေးအခမ်းအနားတွေရော၊ သာသနာရေးစာသင်ကျောင်းတွေရော ပြီးခဲ့တဲ့ အစိုးရထက်စာရင် အများကြီး ကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့လာခဲ့ရတယ်။ လူတွေလည်း တော်တော်လေးစိတ်ပျက်ကြတယ်။ အထင်လွဲကြတယ်၊ အားငယ်မှုတွေ ရှိနေကြပါတယ်။
မေး – ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးခရီးစဉ်တွေမှာ အမျိုးသားရေးဝါဒီ ဆရာတော်တချို့နဲ့အတူ တွေ့ရပါတယ်။ ဒီဆရာတော်တွေရဲ့ ဘာသာပေါင်းစုံအပေါ်ထားတဲ့ အမြင်တွေကို ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ – ကျွန်တော်ကိုယ်တိုင် ရွာမဆရာတော်ကြီးကို သွားတွေ့ပါတယ်။ တော်တော်လေး နွေးနွေးထွေးထွေးပဲ ကြိုဆိုပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကို ကြမ်းပြင်ပေါ်မှာတောင် မထိုင်ခိုင်ပါဘူး။ တစ်ပြေးတည်း ထိုင်ခိုင်းတယ်။ စကားပြောတဲ့အခါမှာလည်း ပဋိပက္ခမဖြစ်အောင် လုပ်တဲ့သဘော။ ကိုယ့်သာသနာကိုယ် ကာကွယ်တယ်ဆိုတဲ့ သဘော။ ရန်စကား၊ အမုန်းစကားတွေလည်း သိပ်မပြောဘူး။ ကျွန်တော်တို့ကလည်း ကျွန်တော်ထုတ်ထားတဲ့ စာအုပ်တွေပေါ့။ အစ္စလာမ်နဲ့ ပတ်သက်ပြီး အထင်လွဲအမြင်မှားဖြစ်နေတာတွေကို ဖြေရှင်းတဲ့ စာအုပ်တွေ၊ စာတမ်းတွေကို ဆရာတော်တွေကို ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လုပ်မယ့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးပွဲမှာ မြန်မာနိုင်ငံက ဘာသာပေါင်းစုံကို ဖိတ်ဖို့ရှိတော့ ဆရာတော်ကြီးကိုပါ ဖိတ်ခဲ့တယ်။ ဆရာတော်က ကျန်းမာရေးကြောင့် မလိုက်နိုင်ခဲ့ဘူး။ ဒေါက်တာသောပါကနဲ့ ဒေါက်တာဓမ္မပီယတို့ နှစ်ပါး ပါလာခဲ့ပါတယ်။ ဂျပန်မှာ ပြောတဲ့ စကားတွေလည်း ငြိမ်းချမ်းရေးစကားတွေပဲ ပြောတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖိုရမ် (ဆွေးနွေးပွဲ) တွေမှာ ပြောတဲ့ စကားတွေနဲ့ ကိုယ့်ပရိသတ်အတွင်းကို ရောက်သွားတဲ့ စကားတွေက မတူညီကြဘူး။ ဘယ်သြဇာကြောင့်လဲတော့ မသိဘူး။ ဒီတော့ သူတို့ရဲ့ ပင်ရင်းစိတ်က ကိုယ့်ဘာသာ၊ သာသနာ ချစ်မြတ်နိုးတယ်။ ကာကွယ်ဖို့ လိုအပ်တယ်ဆိုတဲ့ အမြင်ကတော့ ရှိနေတယ်။ ဒါပေမယ့် ကျန်တဲ့ဟာတွေကို ရန်ပြုဖို့ဆိုတဲ့ အမြင်က သူတို့ဆီမှာ မရှိဘူးဗျ။ သို့သော်လည်း ဘယ်လိုလမ်းကြောင်းတွေက ပြောင်းလဲလာသလဲပေါ့။ ဥပမာ တမန်တော်နေ့အခမ်းအနားတွေမှာ လိုက်ပြီး ဖျက်ဆီးတာတွေမှာ မဘသရဲ့တတိယလိုင်းက ပုဂ္ဂိုလ်တွေက အထင်ကရပါနေတာကို တွေ့ရတယ်။ အဲဒီလို မတူညီချက်လေးတွေတော့ တွေ့ရပါတယ်။
မေး – ဒါဟာ ဘာကြောင့်ဖြစ်တယ်လို့ သုံးသပ်လို့ ရနိုင်ပါသလဲ။
ဖြေ – သေချာတယ်လေ၊ ဒါဟာ ဘာသာရေးနဲ့ နိုင်ငံရေးကို အသုံးချတဲ့ လူတွေပေါ့။ အဲဒီအခါမှာ အသုံးချမခံတဲ့ သူတွေလည်း ရှိတယ်။ သို့သော် အသုံးချမှန်းမသိဘဲနဲ့ ပါသွားတဲ့ ကိစ္စရပ်လေးတွေလည်း ရှိတယ်။ အစ္စလာမ်ကို ဘုံရန်သူအဖြစ်နဲ့ မြင်နေတာ ရှိတယ်။ အစ္စလာမ်ကို ရွံမုန်းတဲ့ စိတ်ကို ရိုက်သွင်းထားတာ ဦးနေဝင်းလက်ထက်ကတည်းက ဖြစ်နေတော့ ဒီဥစ္စာက ဗြောင်သာ ဖွင့်မပြောတာ၊ မသိစိတ်ထဲမှာ ရှိနေတော့တာ။ အခု ဒီမိုကရက်ဆိုတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများမှာလည်း ဒီအတွေးအခေါ်က ရှိနေတယ်။ စာနယ်ဇင်းက ပုဂ္ဂိုလ်တွေမှာလည်း ဒီအတွေး အခေါ်တွေ ရှိနေတယ်။ တော်တော် ဝမ်းနည်းဖို့ကောင်းတယ်။
ကျွန်တော်တို့ ဘာလုပ်နေသလဲ ဆိုရင် အဲဒီလို အထင်အမြင် လွဲမှားမှုများကို ဖြေရှင်းဖို့ ကြိုးစားနေတယ်။ အစ္စလာမ်တစ်ခုတည်း မဟုတ်ဘူး။ ခရစ်ယာန်နဲ့ပတ်သက်ရင် သူတို့ အမြင်တွေ မှားနေတယ်၊ ဟိန္ဒူနဲ့ပတ်သက်လို့လဲ အမြင်တွေ မှားနေတယ်။
ဘာသာတရား အသီးသီးမှာရှိတဲ့ လှပတဲ့ အလှတရားတွေကို ဖော်ထုတ်ပြီးတော့ လွဲမှားသော အမြင်တွေကို ပြေပျောက်အောင် ကျွန်တော်တို့ လုပ်နေပါတယ်။
မေး – ကြားဖြတ်ရွေးကောက်ပွဲ နီးလာတဲ့ အချိန်မှာ ပြီးခဲ့တဲ့ သြဂုတ်လထဲ မန္တလေးမြို့မှာ လှုံ့ဆော်မှု တချို့ ဆက်ရှိနေပါသေးတယ်။
ဖြေ – ဒီကိစ္စကတော့ တည်ငြိမ်မှုကို ပျက်ပြားအောင်လုပ်တယ်။ အုပ်ချုပ်တဲ့ လူတန်းစားကို အကျပ်အတည်း ဖြစ်အောင်လုပ်တယ်ဆိုတာကတော့ နိုင်ငံရေး နည်းဗျူဟာပဲလေ။ ဒါ ဖော်မြူလာ အတိုင်းလုပ်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခုနက ကျွန်တော်ပြောသလိုပေါ့ ဘာသာရေးကို အသုံးချခြင်းက လုံးဝ ရပ်ဆိုင်းသွား မလားဆိုတော့ မရပ်ဆိုင်းသေးဘူး။ အခါအခွင့် သင့်ရင် သင့်သလို ဆက်ပြီး သူတို့ ဆက်ပြီး သုံးနေဦးမှာပါပဲ။
မေး – ပြည်သူတွေက ဒီလို အန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။
ဖြေ – မှိုင်းတိုက်ထားတဲ့ မှိုင်းထု ကြီးက တော်တော်လေးထူနေတယ်ဗျ။ နောက်တစ်ခုက တချို့ဟာတွေက အထောက်အထားလို့ ဆိုတဲ့အခါမှာ မှန်သယောင်ယောင်ပေါ့ဗျာ၊ ဥပမာအားဖြင့် ဆိုရင် ပတ်ဝန်းကျင် နိုင်ငံတွေဟာ တစ်ချိန်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့ နိုင်ငံတွေ ခုတော့ အစ္စလာမ် ဘာသာက ဝါးမျိုသွားပြီပေါ့။ ရုတ်တရက် ကြည့်လိုက်ရင်၊ အပေါ်ယံလေး ကြည့်လိုက်ရင် ဟုတ်သယောင်ယောင်ပေါ့။ တော်ရုံ တန်ရုံ ဆင်ခြင်တုံတရား ရှိတဲ့လူသည်ပင်လျှင် အဲလို နားယောင်သွားတာရှိတယ်။
အဲဒီတော့ ကျွန်တော်က Peace Education ဆိုတာ လုပ်နေတယ်။ Peace Education ဆိုတာ ပဋိပက္ခ မဖြစ်ဖို့၊ ရန်မဖြစ်ဖို့တင် မကဘဲနဲ့ ကိုယ်နဲ့မတူကွဲပြားမှုများ အပေါ်မှာ နားလည်ဖို့။
မတူတာကိုက ကျွန်တော်တို့ လက်ခံနိုင်ရမယ့် ကိစ္စတစ်ခုဖြစ်တယ်။ သူ့မှာ မတူပိုင်ခွင့် ရှိတယ်၊ မတူတာကို အသိအမှတ်ပြုဖို့ လိုတယ်။ ဒါကြောင့် ကိုယ်ဘာသာ အကြောင်းတွေ ကိုယ်အရင်သိဖို့ လိုတယ်။ ဒါမှ ကိုယ့်ဘာသာကို အကြောင်းပြုပြီးတော့ လာပြီးတော့ သွေးထိုး လှုံ့ဆော်ရင် အဲလို အလှုံ့ဆော်မခံဘဲ ဒါဟာ တို့ဘာသာနဲ့ ဆန့်ကျင်နေတဲ့ ကိစ္စပါလား၊ တို့ မြတ်နိုးတဲ့ ဘာသာကို ဒီလို ယုတ်ညံ့တဲ့ နေရမှာ အသုံးမခံဘူး ဆိုပြီး အတွင်း ခုခံအားနဲ့ ရပ်တန့်သွားအောင် လုပ်ဖို့အတွက်က ကိုယ့်ဘာသာ အကြောင်းကို ကိုယ်သိအောင်လုပ်ဖို့ လိုတယ်။ ကျွန်တော်တို့က မိရိုးဖလာတွေဖြစ်နေတယ်။ အဖေ အစ္စလာမ် ဖြစ်လို့ ကျွန်တော်က အစ္စလာမ်ဖြစ်နေတာ။ ယုံကြည်မှု သဒ္ဓါတရားကို အမွေလို ရထားတာ။ ကျင့်သုံးမှု မရှိသလို။ နားလည်သလားဆိုတော့လည်း နားလည်မှုလည်း မရှိဘူး။ အဲဒီတော့ ကိုယ်ဘာသာအကြောင်းကို ကိုယ်အရင်သိအောင်လုပ်။ ပြီးရင် ကိုယ်နဲ့ မတူတဲ့ လူတွေရဲ့ စစ်မှန်သော ခံယူချက်ကို သိအောင်လုပ်။
တစ်ဆင့်ခံ အသိ အင်မတန်ကြောက်ဖို့ ကောင်းတယ်။ ဆရာကြီး ဦးရွှေအောင် ထေရဝါဒ ဗုဒ္ဓဘာသာမှာ၊ လူဝတ်ကြောင်တွေထဲမှာဆိုရင် အင်မတန်ထင်ရှားတဲ့ ဆရာကြီးပါ။ သူက အငှားအသိတွေက ဒုက္ခပေးတယ်၊ ကိုယ်ပိုင်အသိရှိဖို့လိုတယ်။ ဗုဒ္ဓတရား ဘာလဲ ဆိုတာ ခရစ်ယာန်ရေးလို့၊ မွတ်စလင်ရေးလို့ မသိဘူးလေ၊ အဲဒါ အငှားအသိ ခေါ်တာ။ ဗုဒ္ဓရဲ့ နုတ်က ပါတ်တော်မှာ ဘာတွေပါသလဲ၊ ပိဋကတ်မှာ ဘာတွေပါသလဲ၊ ဝိနည်းမှာ ဘယ်လို ပါသလဲ၊ ဒါသိမှရမှာ။ အစ္စလာမ်အကြောင်း သိချင်ရင် ကုရ်အမ်မှာ ဘယ်လိုပါသလဲ။ တမန်တော်မြတ်ရဲ့ ဘဝသက်တမ်းမှာ ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ။ ကြိုက်ရင် ကြိုက်မယ်၊ မကြိုက်ရင် မကြိုက်ဘူး။ ဒါပေမယ့် ဒါဟာ အရှိတရားပဲလေ။ အဲ့ဒီလိုနည်းနဲ့ ကျွန်တော်တို့ ဘာသာများကို လေ့လာဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အချိန်ယူမယ်။ ဒါ အင်မတန်ကို မှိုင်းက ပြင်းနေတဲ့ အချိန်ဖြစ်တယ်။
မေး – တချို့က မွတ်စလင်နိုင်ငံကြီးတွေကလာတဲ့ ဝတ်စားဆင်ယင်မှုတွေ၊ ဓလေ့ထုံးတမ်းတွေကို ဘာသာရေးယုံကြည်ချက်တစ်ခုအနေနဲ့ လက်ခံကျင့်သုံးနေတာ တွေ့ရပါတယ်။ ဒါဟာ ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက် ဖြစ်စေနိုင်ပါသလား။
ဖြေ – အချက် ၂ ချက် ကျွန်တော်ပြောချင်ပါတယ်။ ဘာသာတရားရယ်။ လူမျိုးဒေသနဲ့ဓလေ့ ထုံစမ်းတွေ ရောထွေးနေတာတွေ ရှိပါတယ်။ ဝတ်စားဆင်ယင်မှုမှာ ဘာသာတရားတစ်ခုသည် လူမျိုးတစ်မျိုး၊ နိုင်ငံတစ်နိုင်ငံတစ်ခုအတွက်၊ ခေတ်တစ်ခုအတွက်မှ မဟုတ်ဘဲ။ အားလုံးအတွက် လမ်းညွှန်ထားတာ ဖြစ်တယ်။ ဘယ်နိုင်ငံမှာနေနေ ဘယ်ယဉ်ကျေးမှုနဲ့ပဲဖြစ်ဖြစ် ဒီတရားကို ကျင့်သုံးနိုင်ရမယ်။ အဲ့ဒီတော့ အဲဒီနိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတစ်ခုရဲ့ သွန်သင်မှုကို ခွဲမြင်ဖို့ လိုအပ်တယ်။
ကျွန်တော့်အမေ၊ ကျွန်တော့်မိန်းမ၊ ကျွန်တော့်သမီး အားလုံးက မြန်မာလိုပဲ ဝတ်တာပဲ။ ဝတ်ပြုတဲ့ အခါကျတော့ လုံလုံခြုံခြုံ ခေါင်းမှာ ဆောင်းပြီးတော့ ဝတ်ပြုတယ်။ အရေးကြီးဆုံးက အနှစ်သာရက ကာယိန္ဒြေထိန်းသိမ်းဖို့ပဲ။ ဆန့်ကျင်ဘက် လိင်ကနေပြီးတော့ သူ့ကို မြှူဆွယ်သလို သွေးဆောင်သလို မဖြစ်စေရဘူး။ အဲဒါက သာသနာရဲ့တားမြစ်ချက်ပဲ။ ဒါပေမယ့် ကာလ၊ ဒေသရာသီဥတု၊ သဘာဝအနေအထားတွေအရ ဒါတွေဟာ ပြောင်းလဲလာတဲ့ အခါကျတော့ ပုံသေယူနီဖောင်းတစ်ခု လုပ်ပစ်လိုက်တာ။ တကယ်တော့ ယူနီဖောင်း မရှိပါဘူး အစ္စလာမ်မှာ။
မေး။ ။ ဒီလို ဝတ်စားဆင်ယင်မှုတွေကြောင့် အထင်မှားစရာ ဖြစ်လာနိုင်သလား။
ဖြေ။ ။ အထင်အမြင်လွဲစရာတွေ ဖြစ်လာနိုင်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာထက် သူ့ရဲ့လွတ်လပ်စွာ ယုံကြည်ခွင့်။ ဟိုတုန်းက ကျွန်တော်တို့ မကြာခဏပြောတယ်။ မြန်မာ့လူ့ဘောင်မှာ နေရင် မြန်မာ့ယဉ်ကျေးမှုအတိုင်းနေ။ သူတို့ အနေနဲ့ကတော့ ဒါကို ရိုးရိုးသားသားကို ဒီလို ဝတ်စားဆင်ယင်မှု။ မုတ်ဆိတ်မွှေးထားခြင်း၊ အင်္ကျီရှည်ဝတ်ခြင်း၊ ဦးထုပ်ဆောင်းခြင်း၊ အမျိုးသမီးတွေ မျက်နှားဖုံးခြင်းသည် ဘာသာရေးရဲ့ကျင့်စဉ်လို့ ယုံတယ်။ ကျွန်တော်တို့ကတော့ ဒါဟာ ဓလေ့ ထုံးစံလို့ပြောတယ်။ အငြင်းပွားမှုရှိတယ်။ သို့သော် သူ့ရဲ့ယုံကြည်ချက်ကို မင်းတို့ မယုံရဘူး၊ မင်းတို့ စွန့်လွှတ်ရမယ်လို့ ပြောခြင်းသည် မတရားဘူးထင်လို့ ကျွန်တော်သိပ် မပြောတော့ဘူး။ သူတို့ မှားသည့်တိုင်အောင်၊ မှားခွင့်ရှိသည်။ သူ့ရဲ့ ယုံကြည်မှု။ မတူကွဲပြားမှုလေ။ သူမှန်နေတယ်လို့ ကျွန်တော် ထောက်ခံနေတာမဟုတ်ဘူး။ သို့သော် ဒီလို ပဋိပက္ခဖြစ်နေတဲ့အချိန်။ မသမာသူများ သွေးခွဲနေတဲ့ အချိန်မှာ အထင်အမြင်လွဲစရာ ကိစ္စရပ်လေးတွေကို ရှောင်ကြဉ်နိုင်ရင် ကောင်းမယ်။ မသမာသူတွေက ဒါဟာ တိုင်းတစ်ပါးယဉ်ကျေးမှု၊ တို့ယဉ်ကျေးမှုကို လွှမ်းမိုးဖို့ လုပ်နေပြီ။ ဒီကောင်တွေ ကြီးစိုးသွားရင် ဒုက္ခရောက်မယ်ဆိုပြီး သွေးထိုးတော့မယ်။ ပရိပက္ခဖြစ်နေတဲ့ အချိန်တွေမှာ ဆင်ခြင်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဥပမာပေါ့ဗျာ … တစ်နေ့ ငါးကြိမ် ဝတ်ပြုရမယ်၊ အရက်မသောက်ရဘူး၊ သူများကို ဒုက္ခမပေးရဘူး၊ သူများကိုသတ်တာ၊ ပစ္စည်းခိုးခြင်းဟာ ဘယ်လို အနေအထား ဘယ်လို အခြေအနေရောက်ရောက် အပေးအယူလုပ်လို့ မရတဲ့ ကိစ္စတွေ။
ဒါပေမယ့် အပေးအယူ လုပ်လို့ရတဲ့ ကိစ္စတွေ ရှိတယ်လေ၊ ဦးထုပ်မဆောင်းဘဲ နေလို့ရတယ်လေ၊ မုတ်ဆိတ်မထားဘဲ နေလို့ရတယ်လေ။ အဲလို ခွဲခြားပြီး မြင်နိုင်လောက်အောင် ကိုယ့်လူတွေမှာလည်း အသိက မရှိဘူး၊ ဟိုဘက်မှာလည်း မရှိဘူး။ အဲဒီတော့ တဖြည်းဖြည်း အချိန်ယူပြီး လုပ်ရမှာပေါ့ဗျာ။
မေး။ ။ ဘာသာရေး မှိုင်းမတိုက်ခံရအောင် ဘယ်လိုများ အချိန်ယူပြီး လုပ်သွားမလဲ။
ဖြေ။ ။ အယူမတူဘူး။ မတူရတဲ့ အကြောင်းက ဘာ့ကြောင့်လဲဆိုတာကို တံတားထိုးပြီး နားလည်ပေးတာ။ တံတိုင်းတွေ မဆောက်ဘူး။ အဲဒီစိတ်ဓာတ်လေးကို ငယ်ငယ်လေးကတည်းက ရိုက်သွင်းပေးဖို့အတွက် ကျွန်တော်တို့ (ကိုဖီအာနန် အစီရင်ခံစာမှာ) အကြံပြုခဲ့တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ကို၊ ခရစ်ယာန်ကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ ကျွန်တော်တို့မွတ်စလင်တွေကလည်း ဗုဒ္ဓဘာသာကို အထင်လွဲနေတာတွေ အများကြီး ပပျောက်သွားမယ်။ အဲဒီ ပြည်သူ့နီတိမှာ ခွင့်လွှတ်၊ သည်းခံတဲ့ နည်းလည်မှုပေးတဲ့ ဟာလေးတွေကို ထည့်သင်ဖို့။ ကျောင်းသားတွေတင်မဟုတ်ဘူး၊ အရပ်သားတွေ၊ အစိုးရဝန်ထမ်းတွေ၊ ကာကွယ်ရေးဝန်ထမ်းတွေကိုပါ အဲဒီ ကိုယ့်ဘာသာအကြောင်း ကိုယ်သိအောင် လုပ်။ ကိုယ်ကြည်ညိုလေးစားရတဲ့ သူက ကိုယ့်ကြည်ညိုလေးစားမှုကို အမြတ်ထုတ်ပြီးတော့ အသုံးချသွားတာ ရှိတယ်။ အဲဒါကြောင့် ကာလာမသုတ်က ငါ့ဆရာပြောလည်း မယုံနဲ့၊ ငါ့ကျမ်းပါလည်း မယုံနဲ့၊ ငါပြောရင်လည်း မယုံနဲ့ ၊ ရှေးစကားလည်း မယုံနဲ့၊ ငါဘုရားပြောရင်တောင် မယုံနဲ့။ ဟုတ်မဟုတ် ဆန်းစစ်။ ဝိဘဇ္ဇဝါဒ။ အဲဒါက အရေးအကြီးဆုံးပဲ။ ကုရ်အမ်ကလည်း အဲဒါပဲ ပြောတာ။ ။