ရွေးကောက်ပွဲ

လှုံ့ဆော်မှုများကြောင့် မွတ်စလင်များကို ရွေးကောက်ပွဲမဝင်ခိုင်းသည့်မူ NLD စွန့်ပယ်

လွန်ခဲ့သည့် ၂၀၁၅ အထွေအထွေရွေးကောက်ပွဲတွင် လူမျိုးရေးဘာသာရေးလှုံ့ဆော်မှုများ မြင့်မားနေသည့်အကြောင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၎င်း၏ ပါတီဝင်များထဲမှ အစ္စလာမ်ဘာသာဝင်များကို ရွေးကောက်ပွဲတွင် ဝင်ရောက်ခွင့်မပြုခဲ့သော်လည်း ယခုနှစ်ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းတွင် အစ္စလာမ်ဘာသာကိုးကွယ်သူနှစ်ဦးကို ထည့်သွင်းထားသည်။ 

၎င်းကိုယ်စားလှယ်လောင်းနှစ်ဦးမှာ လူသိများထင်ရှားသည့် မန္တလေးတိုင်းဒေသကြီး NLD ပါတီဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါ်ဝင်းမြမြနှင့် ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှ NLD ပါတီဝင် ကိုစည်သူမောင်ဖြစ်သည်။

ဒေါ်ဝင်းမြမြမှာ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည်ဖြစ်ပြီး ၎င်းသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီချုပ်ပါတီခေါင်းဆောင်များကို လုပ်ကြံရန် ကြိုးပမ်းခဲ့ကြသည့် ၂၀၀၃ ဒီပဲယင်းအရေးအခင်းတွင် ရိုက်နှက်ဖမ်းဆီးခံခဲ့ရသူများထဲက တစ်ဦးအပါအဝင်ဖြစ်သည်။

၎င်းသည် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် သံဃာတော်များကို စစ်တပ်က အကြမ်းဖက်ရိုက်နှက်ဖြိုခွင်းခဲ့သည့် ၂၀၀၇ ရွှေဝါရောင်ဆန္ဒပြမှုတွင် ထပ်မံပါဝင်ခဲ့ပြီး စစ်အစိုးရက သူ့အား ပုဒ်မ ၅၀၅ (ခ)၊၁၅၃(က) စသည့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် အေးချမ်းရေးကို နှောင့်ယှက်မှုပုဒ်မဖြင့် ထောင်ဒဏ် ၁၂ ချမှတ်ခဲ့ပြီး ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုအကျဉ်းထောင်ကို ပို့ဆောင်ခဲ့သည်။ 

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးတွင်ပင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ဖူးသော်လည်း ထိုစဉ်က နိုင်ငံရေးအခြေအနေအရ လျှောက်ထားလွှာကို ပြန်လည်ရုပ်သိမ်းခဲ့ရကြောင်း ယခု၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်များ၏ တာဝန်ပေးချက်အရ ပြန်လည်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဝင်းမြမြက ပြောသည်။

“ကျွန်မတို့သည် ဗမာလူမျိုးတစ်ယောက် အစ္စလာမ်သာသနာကို ကိုးကွယ်တယ်။ ကျွန်မတို့ နိုင်ငံ့အတွက်လုပ်မှာပဲ။ ဒီလွှတ်တော်ထဲမှာ လုပ်သင့်လုပ်ထိုက်တာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက်၊ အကုန်လုံး သဟဇာတဖြစ်ရေးအတွက် ဒါတွေအကုန်လုံး လုပ်တဲ့အခါမှာ၊ ဥပဒေပြုတဲ့အခါမှာ ကျွန်မတို့က ဒီအထဲမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပါဝင်သွားရမှာပါပဲ” ဟု ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရပြီး နာရီပိုင်းအကြာတွင် ၎င်းက Myanmar Now ကို ဖုန်းဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ၎င်းတို့ အစ္စလာမ်ဘာသာဝင်များ မရွေးချယ်ခံရဘဲ လွှတ်တော်အတွင်း ကိုယ်စားပြုနိုင်ခွင့် မရရှိခဲ့ခြင်းမှာ ပါတီမူဝါဒနှင့် သက်ဆိုင်ခြင်းမရှိဘဲ ထိုစဉ်အချိန်က နိုင်ငံရေးအခြေအနေကြောင့်သာဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ပါတီခေါင်းဆောင်တွေက သင့်တော်သလို၊ ရရင်ရသလို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဒီမိုကရက်တစ်ပါတီတစ်ရပ်အနေနဲ့ ပေါ်ထွန်းအောင် ကျွန်မတို့ခေါင်းဆောင်တွေ ကြိုးစားနေတယ်လို့ ကျွန်မတို့ အစ္စာလာမ်သာသနာဝင်တွေ အားလုံးက ယုံကြည်ထားပါတယ်” ဟုလည်း ၎င်းက ဆိုသည်။ 

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းလျှောက်လွှာကို ပြန်လည်ရုပ်သိမ်းခဲ့ခြင်းမှာ ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတစ်ဝန်းးရှိ အစ္စလာမ်သာသနာဝင်များကို စည်းရုံးရန် ညွှန်ကြားခဲ့၍ ဖြစ်သည်ဟု ၂၀၁၅ ရွေးကောက်ပွဲအပြီး တစ်ပတ်ခန့်အကြာက ပြုလုပ်ခဲ့သည့် ဒီမိုကရက်တစ်မြန်မာ့အသံနှင့် တွေ့ဆုံခန်းတွင် ၎င်းက ဖြေကြားခဲ့ဖူးသည်။

ဒေါ်ဝင်းမြမြကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခဲ့ရာတွင် အစ္စလာမ်ဘာသာဝင်ဖြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်ခြင်း စသည့် အချက်များပေါ်တွင် မစဉ်းစားဘဲ ၎င်း၏ ပါတီအပေါ် အနစ်နာခံခဲ့မှုနှင့် နိုင်ငံရေးအရည်အချင်းရှိမှုတို့ အပေါ်တွင်သာ ရည်ရွယ်စဉ်းစားခဲ့ခြင်းဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ပြောသည်။

“အခုသူ(ကိုယ်စားလှယ်လောင်း) လျှောက်တယ်။ လျှောက်တဲ့အပေါ်မှာ ကျွန်တော်တို့ စဉ်းစားပြီးတော့ အခြေအနေကို သုံးသပ်ပြီးတော့ ကျွန်တော်တို့ ပေးပါတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရသူ ကိုစည်သူမောင်မှာလည်း ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ဦးဆောင်ပါဝင်ခဲ့ပြီး စစ်အစိုးရခေတ်က ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံခဲ့ရသည့်အပေါ် ဦးစည်သူမောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပါတီပြောရေးဆိုခွင့်ရှိသူကိုသာ မေးရန် ၎င်းက ပြောသည်။

၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆,၀၀၀ ကျော်တွင် အစ္စလာမ်ဘာသာဝင် ၂၈ ဦးသာ ယှဉ်ပြိုင်ခဲ့သော်လည်း တစ်ဦးမှ ရွေးချယ်ခံရခြင်း မရှိပေ။

ထိုအချိန်က အမျိုးသားရေးအစွန်းရောက်များနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါက မြန်မာနိုင်ငံမှာ အစ္စလာမ်နိုင်ငံအဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု အင်တာနက်စာမျက်နှာများနှင့် ယခင် ဦးသိန်းစိန်အစိုးရခေတ်က ပြဋ္ဌာန်းခဲ့သည့် မျိုးစောင့်ဥပဒေများအောင်ပွဲအခမ်းအနားများတွင် လှုံ့ဆော်ဟောပြောခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ထိုအဖြစ်အပျက်မျိုး ကြုံတွေ့နိုင်ရဖွယ်ရှိပြီး ၎င်းတို့ကို ဝေဖန်နေသူများမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်လိုသူ အမျိုးသားရေးအစွန်းရောက်များသာဖြစ်ပြီး ၎င်းတို့ မပြင်စေလိုသည့် အခြေခံဥပဒေ၏ ပေးထားချက်ကို မေ့လျော့နေကြသူများဖြစ်သည်ဟု ပြောသည်။

“ခုလိုဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်ရှိအတိုင်းထားဖို့ လိုလားတဲ့သူတွေပါ။ လက်ရှိအခြေခံဥပဒေဟာ ဘာသာ၊ လူမျိုး၊ အသားအရောင် ဒါတွေအတွက် ခွဲခြားမှုကို လုံးဝခွင့်မပြုပါဘူး” ဟု ၎င်းက ပြောသည်။

“သူတို့ ထောက်ခံကာကွယ်နေတဲ့ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ အချက်ကို သူတို့က ပြန်ပြီးကန့်ကွက်နေတာက ရှေ့နဲ့နောက် ပြောစကားမညီတာပဲဖြစ်ပါတယ် ” ဟု ဒေါက်တာမျိုးညွန့်က ဆက်ပြောသည်။

မဲဆန္ဒရှင်များတွင် အသားအရောင်ခွဲခြားမှု၊ ဘာသာတရားခွဲခြားမှုများ ရှိနေမည်မဟုတ်ဘဲ လူသားဖြစ်တည်မှုအပေါ်တွင်သာ မဲပေးရွေးချယ်သွားမည်ဖြစ်သည်ဟု ယုံကြည်ကြောင်း ဒေါ်ဝင်းမြမြက ပြောသည်။ ထို့ပြင် အမျိုးသားရေးအစွန်းရောက်များ၏ ဘာသာရေး လှုံ့ဆော်မှုများကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေအတိုင်း ရွေးချယ်သွားမည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ကျွန်မတို့ ကော်မရှင်ကိုလည်း ယုံကြည်ပါတယ်။ နိုင်ငံရေးကို မမှန်မကန်အသုံးချသွားတဲ့ လုပ်ဆောင်ချက်ကို မဲကော်မရှင်ကလည်း ခံမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

Show More

Related Articles

Back to top button