သတင်း

လက်နက်ကြီးဒဏ်ကြောင့် သဖန်းဆိပ်ဆည်အနီး ဒေသခံတို့ ထွက်ပြေး 

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ဘက်ခြမ်းကို ယနေ့ (နိုဝင်ဘာ ၆) နံနက် ၉ နာရီဝန်းကျင်မှစ၍ စစ်တပ်က လက်နက်ကြီးနှင့် ပစ်ခတ်နေသဖြင့် ဒေသတွင်း ကျေးရွာအသီးသီးမှ ပြည်သူများ ထွက်ပြေးနေရကြောင်း သိရသည်။

ယနေ့နံနက်အစောပိုင်းက အေးချမ်းသာရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့(PDF) နှင့် တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ်က မွန်းလွဲပိုင်းအထိ ပစ်နေကြောင်း၊ ဒေသခံတို့ ထွက်ပြေးရသည့် ရွာများတွင် လိပ်စင်းတောင်၊ အင်လှ၊ သရက်ပင်၊ ပေကုန်း၊ တပုတော စသည့် ကျေးရွာများ ပါဝင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

လက်နက်အင်အား မမျှသဖြင့် တူမီးသေနတ်ကိုင် PDF လူငယ်များ ဆုတ်ခွာကြရသည်ဟု နေရပ်နှင့် အမည်ကို ထုတ်မပြောလိုသည့် အဆိုပါ ဒေသခံက ပြောသည်။

“(စစ်တပ်) ခြေလျင်အဖွဲ့က ထွက်ပြေးတဲ့ပုံစံမျိုးလုပ်ပြီးတော့မှ ညှပ်ပြီးတော့မှ တိုက်တာ။ တစ်ဖွဲ့က လက်နက်ကြီးနဲ့ တိုက်တာ။ အခုချိန်ထိ လက်နက်ကြီးတွေနဲ့ ထုနေတုန်း။ အချက် ၅၀ ကျော်သွားပြီ” ဟု ၎င်းက နေ့လယ် ၁၂ နာရီတွင် ပြောသည်။

“ကလေးတွေက နောက်ဆုတ်ခဲ့ရတယ်။ တူမီးတွေကလည်း တော်တော်များများပြေးနေရတယ်” 

ပေကုန်း၊ လိပ်စင်းတောင်၊ သရက်ပင် ကျေးရွာများပေါ်တွင် လှည့်လည်ထောက်လှမ်းနေသည့် လေယာဉ်တစ်စီးကို တွေ့ရကြောင်း ဒေသခံတချို့က ပြောသော်လည်း အသေးစိတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပါ။

ပစ်ခတ်မှုကြောင့် နေရပ်ကို မဖြစ်မနေစွန့်ခွာကြရသည်ဟု တိမ်းရှောင်နေရသည့် ပေကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“အကုန်ရမ်းပြီး ထုနေတာ၊ ပစ်နေတာဆိုတော့။ ပုန်းနေတဲ့ တဲ၊ တိုက်တွေလည်း မလုံခြုံတော့ဘူး။ လက်နက်ကြီးတွေက ကျနေတာ။ စစ်တပ်က တပ်ဖျောက်ထားပြီး လက်နက်ကြီးနဲ့ ရမ်းထုနေတာဆိုတော့” ဟု ပြောသည်။

တောတောင်ထူထပ်ပြီး PDF အဖွဲ့များ အားကောင်းသည်ဟု စစ်တပ်က ယူဆထားဟန်ရှိသည့် ကျွန်းလှမြို့၊ သဖန်းဆိပ်ဆည်အနောက်ဘက် ကျေးရွာများကို အောက်တိုဘာလကုန်ပိုင်းမှစ၍ အင်အား ၃၀၀ နီးပါးဖြင့် စစ်ကြောင်းများခွဲ၍ စစ်ဆင်ရေးလုပ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ထို့အတူ အောက်တိုဘာ ၁၈ တွင် သဖန်းဆိပ်ဆည် အနောက်ဘက်ရှိ ကျွဲတဲရွာအနီးရှိ တောထဲသို့ စစ်ကောင်စီက လေကြောင်းပါ သုံး၍ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ပြီး နောက်တစ်ရက်တွင် ထိုရွာသို့ ဝင်ရောက်စီးနင်းစဉ် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန် သေဆုံးခဲ့ရဖူးသည်။

သဖန်းဆိပ်ဆည်အနောက်ခြမ်းကို စစ်တပ်က ယနေ့ပစ်ခတ်မှုများအတွင်း ဒဏ်ရာရမှု၊ ပျက်စီးမှု အခြေအနေများကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီနှင့် PDF တို့ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

အာဏာသိမ်းပြီးနောက် ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများထဲတွင် လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများမှာ ထိပ်ဆုံးမှ ပါဝင်နေသည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေးနှင့် စစ်ရေး ယန္တရားကို အကြီးအကျယ်ဒုက္ခပေးနေနိုင်သည့် စစ်ကိုင်းတိုင်းအတွင်း စစ်တပ်က လက်နက်ကြီးများဖြင့်သာာမက လေတပ်ကိုပါ သုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နင်းလျက်ရှိသည်။ 

စစ်တပ်က တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့အစည်းများကို တိုက်ခိုက်သည့်ပုံစံအတိုင်း နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြင့် အန်တုသူတို့ကို ထောက်ခံခြင်း မပြုဝံ့ကြစေရန် ဆောင်ရွက်လျက်ရှိသည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီကမူ ၎င်းတို့တပ်သားများက ထိုသို့ ဆောင်ရွက်လေ့မရှိဟု ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button