သတင်း

သံတွဲမှ အမျိုးသမီး ၃ ဦးကို PDF သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးအမှုဖွင့်  

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ဆယ်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ငွေကြေးထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဖမ်းခံရပြီး ယနေ့ (နိုဝင်ဘာ ၄) တွင် အကြမ်းဖက်ဖြင့် အမှုဖွင့်ခံလိုက်ရသည်။

အမှတ် (၇) ရပ်ကွက်နေ ၁၇ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မသိမ့်အေးထွန်း၊ အမှတ် (၁) ရပ်ကွက်မှ ၂၈ နှစ်အရွယ် မတင်စန္ဒာဝင်း၊ ဇီးဖြူကုန်းရပ်ကွက်မှ ၃၅ နှစ်အရွယ် မငြိမ်းအိဖြိုးကျော်တို့ ယမန်နေ့က ဖမ်းဆီးခံရခြင်း ဖြစ်သည်။ 

ည ၈ နာရီခန့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများ ရောက်ရှိလာပြီး မသိမ့်အေးထွန်းကို စစ်ဆေးမေးမြန်းရန် ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သူ၏ အဒေါ်ဖြစ်သူက Myanmar Now ကို ယနေ့ ပြောသည်။

“(သူ့ကို) မေးစရာရှိတယ်ဆိုပြီး ဖမ်းတာ။ PDF ဆက်သွယ်လို့ ဖမ်းတယ်ဆိုတာက စခန်းရောက်မှ သိတာ။ PDF နဲ့ ဆက်သွယ်တယ်လို့ ဘယ်လိုယုံကြည်မလဲ။ ကလေးဟာ အိမ်မှာ ကစားနေတဲ့အရွယ်ဟာကို။ ဘာမှ လုပ်ထားတာမဟုတ်တဲ့အတွက် ပြန်လွှတ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ”ဟု ၎င်းက ဆက်ပြောသည်။

မသိမ့်အေးထွန်း၏ အဒေါ်ဖြစ်သူကို Myanmar Now က ဆက်သွယ်မေးမြန်းရာ သံတွဲမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည့် အဆိုပါ အမျိုးသမီး ၃ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့အမှုဖွင့်ကာ ရမန်ယူခဲ့ကြောင်း၊ တခြားနေရာသို့ ပြောင်းရွှေ့လိုက်မည်ကို စိုးရိမ်နေကြောင်း ၎င်းက ပြောပြသည်။

၄ ဦး ထိန်းသိမ်းခံရခြင်းဖြစ်သော်လည်း တစ်ဦးကို သက်သေမခိုင်လုံဟုဆိုကာ ယနေ့ ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ 

အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဒေသခံတို့သည် စစ်အာဏာရှင်ဆန့်ကျင်မှုနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်မှု ကျယ်ကျယ်ပြန့်ပြန့်မရှိသော်လည်း ယခုလပိုင်းများအတွင်း PDF နှင့် ဆက်စပ်၍ ဖမ်းဆီးခံရမှုများ ပေါ်ပေါက်လာသည်။

​​​​ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ‌ဒေသခံများက စစ်အာဏာရှင်ဆန့်ကျင်ရေး ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီ ၁၆ ၌ တွေ့ရစဉ်။ (ဓာတ်ပုံ-CJ) 

အောက်တိုဘာတွင်လည်း သံတွဲမြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ အမတ်လောင်း ဦးစိန်ချစ်၊ ​၎င်းနှင့်အတူ ပရဟိတလုပ်ငန်းလုပ်ကိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရဲနိုင်ဦး၊ မြောက်ဦးမြို့နယ်မှ လူငယ်စာရေးဆရာ မင်းဒီပါတို့ကို PDF နှင့် ဆက်နွှယ်သည်ဟူသော သံသယဖြင့် ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် ပြည်နယ်စစ်ကောင်စီက အမှုဖွင့်ထားသည်။

ထိုသို့ ဖမ်းဆီးအရေးယူမှုမှာ မဖြစ်သင့်ကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“(ရခိုင်မှာ) PDF မရှိဘဲနဲ့ PDF နဲ့ဆက်စပ်လို့ ဖမ်းတယ်ဆိုတာက အခြားကိစ္စကြောင့် PDF ကို ခေါင်းစဉ်တပ်တာလားလဲမသိ။ ပွင့်လင်းမြင်သာမှုလဲ မရှိဘူး” ဟု ဦးဖေသန်းက ပြောသည်။

“အမှန်တကယ် သူတို့ တစ်နေရာရာမှာ သွားပြီး ကူညီခဲ့လား။ တစ်နေရာရာမှာ ဆက်သွယ်မိလားဆိုတာက တရားရုံးရောက်မှ ပေါ်ပေါ်ထင်ထင်သိလာမယ် ထင်တယ်” 

ရခိုင်ပြည်နယ်တွင်း တိုက်ပွဲများပြင်းထန်စဉ်ကလည်း ဒေသခံအများအပြားကို ရက္ခိုင့်တပ်တော် (AA) သံသယဖြင့် စစ်တပ်က ဖမ်းဆီး၊ စစ်ဆေးနှိပ်စက်ကာ သတ်ဖြတ်ခဲ့သည်။ 

ဒေသခံ ၂၀၀ ကျော်ကို အကြမ်းဖက်ပုဒ်မဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးသူများရှိသော်လည်း ထောင်များအတွင်း ထိန်းသိမ်းခံနေရဆဲ စုစုပေါင်း ၁၆၀ ကျော် ကျန်ရှိနေသေးသည်ဟု ရခိုင်အရပ်ဘက်အဖွဲ့များ၏ စာရင်းများအရ သိသည်။ 

ရခိုင်တောင်ပိုင်း သံတွဲဒေသသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အားကောင်းသည့် ဒေသဖြစ်သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ မရှိသလောက်ဖြစ်နေသည်။ 

ရခိုင်ပြည်နယ်တွင် လူထုထောက်ခံအားကိုးကြသော ရက္ခိုင့်တပ်တော် (AA)  ရှိပြီးဖြစ်သောကြောင့် အခြားဒေသများကဲ့သို့ PDF အဖွဲ့လှုပ်ရှားမှုမရှိခြင်း ဖြစ်နိုင်သည်ဟု လေ့လာသူတို့က ယူဆကြသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button