သတင်း

မလေးရှားမူးယစ်မှုတွင် ဖမ်းဆီးထားသည့် ဆက်စပ်တရားခံ နောက်တစ်ဦးမှာ တပ်မတော်ထောက်ပို့တပ်မှ ဝန်ထမ်းဟောင်းတစ်ဦးဟုဆို

(မလေးမူးယစ်အမှု နောက်ဆုံးရသတင်း)

ရန်ကုန် – မလေးရှားတွင် စံချိန်တင်ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးအမှုတွင် “အဓိကတရားခံ”ကို မမိခင် ကနဦးဖမ်းဆီးရမိသူမှာ ရန်ကုန်မြို့၊ ၃၅လမ်း အောက်ဘလောက်ရှိ Nice Guy Clearance Service Agency ပိုင်ရှင် ဦးမင်းနိုင်ဆိုသူဖြစ်ပြီး ၎င်းသည် တပ်မတော်ထောက်ပံ့ပို့ဆောင်ရေးတပ်မှ တပ်ကြပ်ဟောင်းတစ်ဦးဖြစ်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မြန်မာနိုင်ငံမှ တင်ပို့လိုက်သော ကုန်သေတ္တာတစ်လုံးအတွင်းမှ လက်ဖက်ခြောက်ထုပ်များထဲတွင် ဝှက်ကာ တင်ပို့လိုက်သည့် ၁ ဒသမ ၂ တန်နီးပါးရှိ မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးများ (တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၁၈ သန်း) ကို မလေးရှားအာဏာပိုင်များက မေလ ၂၂ ရက်နေ့ တွင် မလေးရှားနိုင်ငံ၌ သိမ်းဆည်းရမိခဲ့ကာ မလေးရှားနိုင်ငံသား သုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ထိုအမှုနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ Nice Guy Clearance Service Agency သည် ကုန်သေတ္တာတစ်ခုထဲတွင် စားသောက်ကုန်များနှင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ပြီး ဦးကောင်းထရေးဒင်းကုမ္ပဏီလီမိတက်က တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း ဇွန်လ ၆ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုထုတ်ပြန်ချက်တွင် Nice Guy Clearance Service Agency ကုမ္ပဏီအမည်ကိုသာ ဖော်ပြထားပြီး ၎င်း၏ ပိုင်ရှင် မည်သူမည်ဝါဆိုသည်ကိုလည်းကောင်း၊ ထိုကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဦးကို ဖမ်းဆီးထားသည်ဟုလည်းကောင်း ဖော်ပြထားခြင်းမရှိပေ။

Myanmar Now က ယနေ့ (ဇွန်လ ၉ ရက်) တွင် ၃၅ လမ်း အောက်ဘလောက်ရှိ ထိုကုမ္ပဏီရုံးခန်းသို့ သွားရောက်စုံစမ်းရာတွင် ရုံးရှိ ဝန်ထမ်းအချို့က အမှုအခြေအနေနှင့် ဆက်စပ်၍ တရားဝင်ဖြေဆိုပေးရန် ငြင်းဆန်ခဲ့သော်လည်း၊ ပိုင်ရှင်ဖြစ်သူအမည်မှာ ဦးမင်းနိုင်ဖြစ်ကြောင်း၊ ၎င်းသည် မလေးရှားတွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်းကို အတည်ပြုသည်။

ထိုကုမ္ပဏီရုံးခန်းကို အာဏာပိုင်များက ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက လာရောက်စစ်ဆေးခဲ့ပြီး၊ ကုမ္ပဏီပိုင်ရှင် ဦးမင်းနိုင်ကို တစ်ခါတည်း ခေါ်ဆောင်သွားသည်ဟု ကျောက်တံတားမြို့နယ် (၃) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်ဌေးကလည်း ပြောသည်။

အမှုတွင် အဓိကတရားခံအဖြစ်စွပ်စွဲပြီး ဖမ်းဆီးခံထားရသော အသက် ၄၄ နှစ်ရှိ မောင်မောင် ခေါ် ဟာဂျီယက်ဆင်း (Hj Yassin) သည် မူးယစ်ဆေးဝါးများကို လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံမှတစ်ဆင့် အောက်ပုဇွန်တောင်လမ်းရှိ ဂိုဒေါင်သို့ သယ်ဆောင်ခဲ့ပြီး ၎င်းမှတစ်ဆင့် သင်္ဘောတင်ပို့မှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တွေ့ရသည်။

Myanmar Now သတင်းဌာန၏ သီးခြားစုံစမ်းမှုအရ လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံသည် ဦးမင်းနိုင်၏ ဇနီးဖြစ်သူ ဒေါ်သီတာမိုးနာမည်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး၊ ဦးမင်းနိုင်ဦးဆောင်နေသည့် Nice Guy Clearance Service Agency သည် သွင်းကုန်ပို့ကုန်လုပ်ငန်းလုပ်သည့် ကုမ္ပဏီများကို ဆိပ်ကမ်းတွင် သင်္ဘောကွန်တိန်နာများဖြင့် ပစ္စည်းတင်ပို့ခြင်း၊ ထုတ်ယူခြင်းဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြစ်သည်။

အမှုတွင် အဓိကတရားခံအဖြစ် ဖမ်းဆီးခံထားရသော ဟာဂျီယက်ဆင်းနှင့် ဦးမင်းနိုင်သည် လွန်စွာရင်းနှီးပြီး၊ ဟာဂျီယက်ဆင်း၏ မလေးရှားနိုင်ငံသို့ ပစ္စည်းအတင်အပို့အားလုံးကို မြန်မာပြည်ဘက်တွင် ဦးမင်းနိုင်၏ဝန်ဆောင်မှုနှင့် လက်တွဲလုပ်ဆောင်လာသည်မှာ ၁၀ နှစ်နီးပါးခန့်ရှိပြီဟု အမည်မဖော်လိုသူ သတင်းရစ်မြစ်တစ်ခုက ဆိုသည်။

ထို့ပြင် ဦးမင်းနိုင်မှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိပြီး တပ်မတော်ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်တွင် တပ်ကြပ်အဆင့်ဖြင့် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု ဟာဂျီယက်ဆင်းနှင့် အလွန်နီးစပ်သည့် ထိုသတင်းရင်းမြစ်က ဇွန်လ ၈ ရက်နေ့က Myanmar Now ကိုပြောသည်။

ဦးမင်းနိုင်နှင့် လှည်းကူးမြို့ရှိ Nice Guy သောက်ရေသန့်စက်ရုံပိုင်ရှင် ဒေါ်သီတာမိုးတို့ မှာ ဇနီးမောင်နှံဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းပိုင်ရှင်များနှင့် အဆက်အသွယ်မရသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း Myanmar Now က တွေ့ဆုံခဲ့သည့် အဆိုပါလုပ်ငန်းနှစ်ခုလုံးရှိ ဝန်ထမ်းများက ပြောသည်။

အင်တာနက်တွင် ဖော်ပြထားသော Nice Guy ရေသန့်စက်ရုံ၏ ဖုန်းနံပါတ်ကို ဆက်သွယ်ရာမှတစ်ဆင့် စက်ရုံတာဝန်ခံမန်နေဂျာ ကိုမျိုးဇာနည်နှင့် စကားပြောခွင့်ရခဲ့ရာ ၎င်းကမူ ယခုမူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး စက်ရုံနှင့် လုံးဝမသက်ဆိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက်ရယူပြီး ရေသန့်လုပ်ငန်းသာ လုပ်ကိုင်နေကြောင်း ဇွန်လ ၇ ရက်နေ့က ပြောဆိုသည်။

“Nice Guy Clearance Service Agency” နာမည်ဖြင့် ဖွင့်ထားသည့် Facebook စာမျက်နှာပေါ်တွင် “Nice Guy Purified Drinking Water” တံဆိပ်ပါ ဒေါ်သီတာမိုး၏ လိပ်စာကတ်ကို ဓာတ်ပုံရိုက်ကာ တင်ထားပြီး ၎င်းတွင် ဖော်ပြထားသော ဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင် ဖုန်းများပိတ်ထားပြီး ဆက်သွယ်၍မရခဲ့ပေ။

ဟာဂျီယက်ဆင်းသည် ၁၉၈၉ ခုနှစ်နောက်ပိုင်းကတည်းက မလေးရှားနိုင်ငံသို့ ထွက်ခွာသွားပြီး၊ မလေးရှာနိုင်ငံ ကွာလာလမ်ပူနှင့် ပီနန်မြို့များတွင် “အောင်ရတနာ” အမည်ဖြင့် ကုန်စုံဆိုင်ခွဲပေါင်း ငါးဆိုင်ဖွင့်လှစ်ကာ စားသောက်ကုန်မှအစ ကုန်ပစ္စည်းပေါင်းစုံကို မြန်မာနိုင်ငံမှ မှာယူကာ မလေးရှားတွင် ပြန်လည်ရောင်းချသူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် လွန်စွာနီးစပ်သည့် သတင်းရင်းမြစ်ထံမှ သိရသည်။

ထိုသို့ ပစ္စည်းတင်ပို့ရာတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှစ၍ မြန်မာပြည်အေးဂျင့်အဖြစ် ဦးမင်းနိုင်က လုပ်ဆောင်ပေးခဲ့ပြီး ကုန်သေတ္တာဖြင့် တစ်ခါပို့ဆောင်သည့်အခါတိုင်း ဟာဂျီယက်ဆင်းက ၎င်းအား ဝန်ဆောင်ခအဖြစ် ကျပ် သိန်း ၄၀ မှ ၅၀ အထိ ပေးရသည်ဟု သိရသည်။

ဟာဂျီယက်ဆင်းသုံးစွဲသော Hj Yasin ဖေ့စ်ဘွတ်အကောင့်တွင် ၎င်းသည် အောင်ရတနာစတိုးဆိုင်ကို စီမံခန့်ခွဲသူဟု ဖော်ပြထားသည့်အပြင် မြန်မာနိုင်ငံတွင် သွင်းကုန်ထုတ်ကုန်ပြုလုပ်သူဆိုကြောင်းလည်း ရေးသားထားသည်။ ထို့ပြင် ၎င်း၏ ဖေ့စ်ဘွတ်မိတ်ဆွေများထဲတွင် Nice Guy Clearance Agency ပိုင်ရှင် ဦးမင်းနိုင်အားလည်း တွေ့ရှိရသည်။

ဟာဂျီယက်ဆင်းကို ဇွန်လ ၅ ရက်နေ့တွင် မန္တလေးမြို့အရှေ့ဘက် ပြင်ဦးလွင်အတက် ပုသိမ်ကြီးမြို့နယ် အုန်းချော ၁၆ မိုင် ဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၎င်းကို ရန်ကုန်မြို့ဆိပ်ကမ်းမြို့နယ် ရဲစခန်းတွင် ဇွန်လ ၆ ရက်နေ့က ရုံးထုတ်ရမန်ယူရာတွင် ၎င်းတစ်ဦးတည်းကိုသာ တွေ့ရပြီး၊ ဦးမင်းနိုင်ကိုမူ မတွေ့ရှိရခဲ့ပေ။

ဦးမင်းနိုင်နှင့် ပတ်သက်ပြီး အတည်ပြုနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိများကို ဖုန်းဖြင့် Myanmar Now က ယနေ့( ဇွန် ၉ရက်) မနက်မှ ညနေ ၄ နာရီ အချိန်ခန့်ထိ ဆက်သွယ်သော်လည်း အတည်ပြုဖြေကြားပေးခဲ့ခြင်းမရှိပါ။

Show More

Related Articles

Back to top button