
(ရန်ကုန်) – ဘင်္ဂါလီ/ရိုဟင်ဂျာတို့ကို မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်း ထွက်ပြေးကြရန် လုပ်ဆောင်ခဲ့သည်ဟူသော စွပ်စွဲချက် ပေါ်ထွက်နေရာ ထိုအချက်သည် လူအများအပြားအပေါ် ကျူးလွန်သော ရာဇဝတ်မှုမြောက်မမြောက် စစ်ဆေးနိုင်ရေးအတွက် တရားစီရင်ပိုင်ခွင့်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က စက်တင်ဘာ ၆ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။
တရားသူကြီး ၃ ဦးထိုင် ခုံရုံးက ချမှတ်လိုက်သော ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအပေါ် စွဲချက်တင်နိုင်ရေးတွင် ခိုင်လုံသည့် အထောက်အထား ရှာဖွေရန်အတွက် ခုံရုံးရှေ့နေကို လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ဥပဒေအရာရှိအမျိုးသမီးက အထောက်အထား ရှာဖွေရေးလုပ်ငန်း စတင်ခြင်း မရှိသေးကြောင်း Reuters သတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
မြန်မာအစိုးရကမူ ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာနိုင်ငံအား အရေးယူမှုများ ပြုလုပ်လာပါက လက်ခံမည်မဟုတ်ကြောင်း သြဂုတ်လဆန်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဖိအားများ
သြဂုတ်လကုန်ပိုင်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာပြည်အရေး စုံစမ်းရန် ဖွဲ့စည်းထားသည့် နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ အစီရင်ခံစာထွက်လာပြီး ထိုအစီရင်ခံစာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင် ၆ ဦးကို ICC ခုံရုံးတွင် စစ်ဆေးရန် တိုက်တွန်းထားသည်။
အခြား ထိပ်တန်းခေါင်းဆောင်များမှာ ဒုတိယတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးနှင့် ဗိုလ်မှူးချုပ်သန်းဦး၊ ဗိုလ်မှူးချုပ်အောင်အောင်တို့ ဖြစ်သည်။
အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း တပ်မတော်၏ လုပ်ရပ်များကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ကမ္ဘာလုံးဆိုင်ရာ ကရင်အဖွဲ့အစည်း ၃၆ ဖွဲ့၊ ကချင်လူမှုအဖွဲ့အစည်း ၂၅ဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တချို့က ICC တင်ရေး ထောက်ခံ တောင်းဆိုခဲ့ကြသေးသည်။
သြဂုတ်၂၇ တွင် ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားနေသော TNLA တအာင်းလက်နက်ကိုင်အဖွဲ့က တပ်မတော်ခေါင်းဆောင်များ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲပြီး စုံစမ်းစစ်ဆေး အရေးယူရန် ကုလ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဖိတ်ခေါ်ကြောင်း ကြေညာသည်။
တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေသည့် တပ်မတော် တပ်ဖွဲ့များသည် ဒေသခံ လူထုအား အစုအပြုံလိုက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ အစဖျောက်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်း စသည့် ရာဇဝတ်မှုများကို ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာဖော်ပြသည့် အတိုင်း ကျူးလွန်ခဲ့ကြောင်း ထိုကြေညာချက်တွင် စွပ်စွဲထားသည်။
တပ်မတော်ခေါင်းဆောင်တို့ကို ICC ခုံရုံးတင်ရေး ဖိအားပေးမှုများ ပေါ်ပေါက်နေသော်လည်း ထိုသို့ တင်ပို့တရားစွဲရန်မှာ ဖြစ်နိုင်ခြေနည်းပါးကြောင်း လေ့လာသုံးသပ်သူများက Myanmar Now ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြသည်။
ရန်ကုန်တွင် နေထိုင်သော မြန်မာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဖြစ်စဉ် လေ့လာသူ ဦးမောင်မောင်စိုးက ICC အဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ထိုသို့ အရေးယူရန် တိုင်ကြားထားခြင်းမရှိ ဟု ထောက်ပြသည်။
တပ်မတော်၏ လုပ်ရပ်ကိုမနှစ်သက်သူတို့က စစ်ဗိုလ်ချုပ်များ ICC ရောက်ရေး ပြောဆိုနေကြခြင်းများကို နားလည်နိုင်သော်လည်း မြန်မာ့ နိုင်ငံရေး ပြဿနာကို ထိုနည်းလမ်းဖြင့် အဖြေရှာ၍ မရနိုင်ကြောင်း ၎င်းကပြောသည်။
“တပ်ကို ကိုယ်မနိုင်တာနဲ့ နိုင်ငံခြားသားတစ်ယောက်ယောက်က လာဖမ်းပါ ဆိုတာမျိုးက နိုင်ငံရေးသမားတွေ ဖြေရှင်းတဲ့ နည်းမျိုးမဟုတ်ပါဘူး။ ကျွန်တော့် အမြင်ကတော့ တချို့က ကယ်တင်ရှင် မျှော်နေကြတာပါ။ ဗမာပြည်ရဲ့ နိုင်ငံရေး ပြဿနာကို ကယ်တင်ရှင်မျှော်ပြီး ဖြေရှင်းလို့မရပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ဖြေရှင်းရမှာပါ ” ဟု ၎င်းက ပြောသည်။
ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်များသည် မြန်မာပြည်၏ ပြဿနာကို ရှင်းရန် အဖြေရှာနေခြင်းထက် အပြစ်တင်ပိတ်ဆို့ရေး လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဦးမောင်မောင်စိုးက ဆိုသည်။
နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ပြည်ပထွက်ခွာရန် ခက်ခဲနိုင်သော်လည်း အကျိုးသက်ရောက်မှု ထူးခြားမည်မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ ခေတ်ဆက်ဆက်က ဒီလိုပဲနေခဲ့ကြတာပဲလေ။ ထွက်လို့ရတဲ့ နိုင်ငံထွက်မယ်၊ ထွက်လို့ မရတဲ့ နိုင်ငံကို မထွက်ဘူးပေါ့”
နေပြည်တော်၏ မဟာမိတ်တချို့
နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ခုံရုံးတင်ရန် ကိစ္စမှာ လုံခြုံရေး ကောင်စီ၏ ထောက်ခံချက်ရရှိရန် အလားအလာ အလွန်နည်းပါးနေသည်ဟု ပြောသည်။
၎င်းက တပ်မတော်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးထက် ရုရှနိုင်ငံဆက်ဆံရေးတွင် ပိုမိုကောင်းမွန်နေပြီး လုံခြုံရေးကောင်စီတွင် တရုတ်က ဗီတိုအာဏာမသုံးလျှင်ပင် ရုရှက ဗီတိုအာဏာကို အသုံးပြုနိုင်သည်ဟု သုံးသပ်သည်။
အစိုးရ အနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပိုမိုကျယ်ပြန့်သည့် ထိတွေ့ဆက်ဆံမှုများ လိုအပ်နေသည်ဟု ဆိုသည်။
“လက်ရှိ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကို ရင်ဆိုင်နေရတာမျိုးရှိတယ်။ စီးပွားရေး အရလည်း ဒဏ်ခတ် ပိတ်ဆို့မှုတွေ၊ကန့်သတ်မှုတွေလည်း ဖြစ်ကောင်းဖြစ်လာနိုင်တယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျုမှ ဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက ကုလလုံခြုံရေးကောင်စီရှိ တရုတ်နှင့်ရုရှားတို့၏ ရပ်တည်ချက်ကို မှန်းဆရန် ခက်ခဲသည်ဟု ဆိုသည်။
“အရင်တစ်ချိန်တုန်းကတော့ စစ်အစိုးရ ကာလတုန်းကတော့ ရုရှတို့ တရုတ်တို့က မြန်မာ အစိုးရဘက် ရပ်တည်ပေးခဲ့တယ်။ အခုအချိန်မှာတော့ တရုတ်ကိုပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်တာတို့ ရင်းနှီးမြှုပ်နှံတာတို့က ခပ်သေးသေးရယ်ဗျ။ ဒီဘက်မှာတော့ မွတ်စလင် နိုင်ငံတွေဖြစ်တဲ့ OIC တို့ စသဖြင့် ပြောကြေးဆိုရင် ကျွန်တော်တို့ထက် အများကြီးများတယ်။ အဲလိုအနေအထားမှာ တစ်ချိန်တလေမှာ ကျွန်တော်တို့ဘက်က အမြဲတမ်းရပ်မယ်ဆိုတာ မသေချာတော့ဘူး” ဟု ၎င်းက ပြောသည်။
ICCအဖွဲ့ဝင် ဘင်္ဂလားဒေ့ရှ်တွင် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် လူထု သဘောထား တိုက်ဆိုင်ခြင်းမရှိကြောင်း ဘီဘီစီ ဘင်္ဂါလီ ဌာနမှူး ဆာဘီယာ မွတ်ဆတာဖာက ဘီဘီစီမြန်မာဌာနကို ပြောသည်။
ဘင်္ဂလားဒေ့ရှ် လူထုအများစုက မြန်မာတပ်မတော်ခေါင်းဆောင်တို့ကို ICC ရောက်ရန် ဆန္ဒရှိကြောင်း၊ သို့သော်လည်း ၎င်းတို့ အစိုးရက ဤအရေးတွင် ပါဝင်ပတ်သက်လိုဟန် မရှိကြောင်း ၎င်းက ပြောသည်။
“ဘင်္ဂလားဒေ့ရှ်ဟာ အိန္ဒိယ၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ထားရှိတယ်။ ဒီနိုင်ငံ သုံးခုစလုံးဟာ မြန်မာနိုင်ငံကို ICC မတင်ချင်ဘူး၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အကြား ဆက်ဆံရေး ကောင်းစေချင်တယ်။ ဒါ့ကြောင့် တရုတ်၊ အိန္ဒိယ တို့ရဲ့ အကြံပြုချက်အတိုင်း ဘင်္ဂလားဒေ့ရှ်က မြန်မာနဲ့ သံတမန်နည်းအတိုင်း သွားနေတာ ဖြစ်တယ်” ဟု ၎င်းက သုံးသပ်သည်။
နိုင်ငံတကာက ပေးလာမည့် ဖိအားတို့ကို ဘင်္ဂလားဒေ့ရှ်က မည်သို့ တုံ့ပြန်မည် ဆိုသည့်အချက်မှာလည်း စိတ်ဝင်တစား စောင့်ကြည့်ရမည့်အချက်ဖြစ်သည်ဟု သူက ဆိုသည်။