သတင်း

စစ်ကောင်စီကို ICC ခုံရုံးတင်ရန် OHCHR ပြော

သတ်ဖြတ်မှုများ ကျူးလွန်သည့် စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ လွှဲပြောင်းပေးနိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ အကြံပြုထားသည်ဟု မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR Myanmar Team) အကြီးအကဲ James Rodehaver က ထိုင်းနိုင်ငံတွင် သတင်းထောက်များနှင့် ယနေ့ (အောက်တိုဘာ ၂) နေ့လယ်ပိုင်းက တွေ့ဆုံစဉ် ပြောဆိုသည်။

OHCHR Myanmar က ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇူလိုင်လအထိ လူပေါင်း ၃၈၅၇ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု James Rodehaver က ဆိုသည်။

ထို့ပြင် လူပေါင်း ၂၄၁၂၃ ဦး ဖမ်းဆီးခံခဲ့ရသည်၊ အဆောက်အအုံပေါင်း ၇၄၈၇၄ လုံး ဖျက်ဆီးခံရသည်၊ လူပေါင်း ၁.၆ သန်း အိုးအိမ်စွန့်ခွာ ရှောင်တိမ်းနေကြရပြီး လူဦးရေ၏ ၃၀ ရာခိုင်နှုန်း ရိက္ခာလိုအပ်နေသည်ဟုလည်း ဆိုသည်။

အထက်ပါ ကာလအတွင်း ပစ်ခတ်သတ်ဖြတ်မှုပေါင်း ၁၄၆၅ ကြိမ်၊ အချုပ်ခန်းသို့မဟုတ် ထောင်တွင်းသေဆုံးသူ ၁၁၇၄ ဦး၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄၀၃ ဦး ရှိခဲ့သည်။

စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃၀၀ ကျော် ပြုလုပ်ခဲ့ပြီး ထိုတိုက်ခိုက်မှုများသည် နိုင်ငံအလယ်ပိုင်း စစ်ကိုင်းနှင့် မကွေးတို့တွင် အများဆုံးဖြစ်ခဲ့သည်၊ တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသူများမှာလည်း ဆေးကုသခွင့် ကန့်သတ်ခံထားရသည်ဟု OHCHR Myanmar Team ၏ သတင်းထောက်များထံ ဖြန့်ဝေသည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့သော ပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ မထောက်ပံ့ကြရန်လည်း James Rodehaver က ပြောသည်။

OHCHR သည် မြန်မာနိုင်ငံသို့ ဝင်ရောက်လေ့လာခွင့်မရသည့်တိုင် ယခု ကောက်ယူထားသည့် အချက်အလက်များသည် ဂြိုဟ်တုဓာတ်ပုံများ၊ ရုပ်သံဖိုင်များနှင့် ထိခိုက်ခံစားခဲ့ရသူပေါင်း ၁၆၁ ယောက်တို့ကို မေးမြန်းကာ စာရင်းပြုစုထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုအချက်အလက်များအရ စစ်ကောင်စီ၏ စစ်ဆင်ရေးများသည် အရပ်သားလူထုကို အကာအကွယ်မပေးနိုင်ဘဲ ဆက်လက်ခြိမ်းခြောက်နေသည်၊ စစ်ကောင်စီတပ်က အရပ်သားများကို အရှင်လတ်လတ်မီးရှို့ခြင်း၊ လက်သည့်ခွံခွာခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းစသည့် ကြောက်ရွံ့ထိတ်လန့်ဖွယ် နည်းလမ်းများကို အသုံးပြုနေသည်ဟုလည်း သတင်းထောက်များထံ ဖြန့်ဝေသည့် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့သော သတ်ဖြတ်မှုများသည် အာဏာသိမ်းစစ်တပ် အဓိကအသုံးပြုသည့် နည်းလမ်းဖြစ်လာနေပြီး ထိုကဲ့သို့ သတ်ဖြတ်မှု ၂၂ ကြိမ်တွင် လူပေါင်း ၅၆၅ ယောက်နီးပါး သေဆုံးခဲ့ရသည်ဟု James Rodehaver က ပြောသည်။

အဆိုပါ အခြေအနေများကြောင့် နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဝင်ခွင့်ပြုရန်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းရန်၊ OHCHR ကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုရန်လည်း စစ်ကောင်စီထံ တောင်းဆိုထားသည်။

စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု တွေ့ရှိချက်များကို စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၆ ရက်နေ့အထိ ပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ကုလလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ တင်သွင်းထားသည်။

မြန်မာပြည်သူများ တရားမျှတမှုရရှိရေး တစိုက်မတ်မတ် လုပ်ဆောင်နေပြီး ကျူးလွန်သူများကို တစ်နေ့နေ့တွင် သေချာပေါက် အရေးယူနိုင်ရန် ကြိုးပမ်းအားထုတ်နေကြောင်း Mr. Nicholas Koumjian က ကုလသို့ အစီရင်ခံရာတွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံအရေး အပြန်အလှန်ဆွေးနွေးခြင်းနှင့် အစီရင်ခံစာတင်သွင်းမှုများသည် “မျှတမှုမရှိသော လိမ်လည် ပြောဆို တင်ပြချက်များ” ဖြစ်ခြင်းကြောင့် ပြင်းထန်စွာကန့်ကွက်သည်ဟု ဇူလိုင်လအတွင်း ပြုလုပ်သည့် ကုလလူ့အခွင့်အရေးကောင်စီ၏ (၅၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးပါ အစီရင်ခံစာကို တုံ့ပြန်ထားသည်။

နိုင်ငံအနှံ့အပြားတွင် အကြမ်းဖက်မှုတိုက်ခိုက်ရေးခေါင်းစဉ်ဖြင့် အရပ်သားများအပေါ် ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီသည် တရုတ်၊ အိန္ဒိယ၊ ရုရှား စသည့် နိုင်ငံကြီးများနှင့် ဆက်ဆံရေး ကောင်းမွန်လျက်ရှိသည်၊ အရှေ့တောင်အာရှနိုင်ငံများအသင်းက အရေးယူ ကန့်သတ်ထားလင့်ကစား အသင်းဝင် နိုင်ငံတချို့၏ အသိအမှတ်ပြုဆက်ဆံမှု ရရှိထားသည်ကိုလည်း တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်

Show More

Related Articles

Back to top button