အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကောင်စီကို ICC တွင် အမှုဖွင့်ရန် NUG အာရုံစိုက်လုပ်ဆောင်နေ

ပြည်သူများကို ရက်ရက်စက်စက်သတ်ဖြတ်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး(ICC) ၌ အမှုဖွင့်အရေးယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အပြင်းအထန် ကြိုးစားနေသည်။

“သူတို့ပြေးလို့ လုံးဝမလွတ်တာက Crimes Against Humanity ပါ။ လူသားဖြစ်မှုကို ဆန့်ကျင်ကျူးလွန်တာဖြစ်တယ်။ ဒါကို အဓိကထားပြီး ကျွန်တော်တို့ တင်ပြမှာဖြစ်တယ်”ဟု NUG တရားရေးဝန်ကြီး ဦးသိန်းဦးက ဇွန် ၂၅ တွင် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Myanmar Now ကို ပြောသည်။

ထို့အတူ စစ်ရာဇဝတ်မှုဖြင့်လည်း တိုင်တန်းနိုင်သလို အသက်ဘေးကြောင့် ထွက်ပြေးနေရသည့် တိုင်းရင်းသားလူမျိုးစုများအခြေစိုက်ရာ ချင်းနှင့် ကယားတွင် စစ်ကောင်စီ၏ ပြုမူမှုများသည်လည်း လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် အမှုဖွင့်နိုင်မည့် အလားအလာရှိကြောင်း ၎င်းက ဆက်ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းချိန်မှစ၍ ငါးလနီးပါးအတွင်း နိုင်ငံအနှံ့ ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူတို့ကို စစ်ကောင်စီက လူမဆန်စွာ ပစ်ခတ်နှိမ်နင်းခဲ့မှုများနှင့် ပတ်သက်သော သက်သေအထောက်အထား လေးသိန်းကျော် ရရှိထားပြီးပြီဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကလည်း ပြောသည်။

“အာဏာသိမ်းစစ်ကောင်စီက ဘယ်သောအခါမှ သူတို့ ရက်စက်တဲ့ သတ်ဖြတ်ခြင်းတွေကို ငြင်းလို့မရအောင် ကျွန်တော်တို့ သေချာလုပ်ထားပါတယ်”ဟု ၎င်းက ပြောသည်။

ကနေဒါအခြေစိုက်ကုမ္ပဏီတစ်ခုကို တာဝန်ပေး၍ ရရှိထားသည့် အချက်အလက်များကို ခိုင်ခိုင်မာမာ စိစစ်စုစည်းနေသလို နိုင်ငံတကာဥပဒေအကြံပေးအဖွဲ့၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့(IIMM) နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်ဟု ဒေါက်တာဆာဆာက အသိပေးသည်။

NUG က ပြုစုထားသည့် အထောက်အထားနမူနာ

သို့သော် ICC တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ အမှုဖွင့်တရားစွဲဆိုနိုင်ရန်ကိစ္စမှာ အခက်အခဲများစွာ ရှိနေသေးကြောင်း NUG တာဝန်ရှိသူတို့က ဝန်ခံသည်။

“အကောင်းဆုံးကတော့ Rome Statute (ရောမသဘောတူစာချုပ်) လက်မှတ်ထိုးထားမှသာလျှင် ICC ကို နိုင်ငံအနေနဲ့ တရားဝင်တင်လို့ရမှာ ဖြစ်တဲ့အတွက် လက်မှတ်ထိုးနိုင်ဖို့ အခြေအနေတွေကို ရှာဖွေနေပါတယ်”ဟု NUG နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောသည်။

ICC ၏ လုပ်ထုံးလုပ်နည်းများအရ စာချုပ်အဖွဲ့ဝင်မဟုတ်ဘဲ အမှုဖွင့်ခံရသည့်နိုင်ငံမှာ ၎င်း၏ နယ်နိမိတ်အတွင်း စုံစမ်းစစ်ဆေးရန်၊ သက်သေစုဆောင်းရန် ကိစ္စများကို သဘောမတူဘဲ နေ၍ရသည်။ မြန်မာသည် စာချုပ်ကို လက်မှတ်ထိုးထားခြင်း မရှိသေးပေ။

ထို့ကြောင့် လာမည့် စက်တင်ဘာ ၁၄ တွင် စတင်ကျင်းပမည့် (၇၆) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံ၌ ၎င်းတို့ကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာ၏ အသိအမှတ်ပြုဖိတ်ကြားမှုကို NUG က မျှော်လင့်သည်။

“ကျွန်တော်တို့ဟာ အထွေထွေညီလာခံမှာ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ အဆုံးအဖြတ်ရပြီးပြီ ဆိုလို့ရှိရင် အဆင်ပြေသွားပြီ။ အဲဒီကျရင် နိုင်ငံကို ကိုယ်စားပြုပြီးတော့ ကုလသမဂ္ဂနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေမှာရော၊ ICC လိုအဖွဲ့အစည်းတွေမှာပါ လက်မှတ်တွေ ရေးထိုးသွားနိုင်မှာဖြစ်ပါတယ်” ဟု ဦးမိုးဇော်ဦးက ပြောသည်။

သို့သော် စစ်ကောင်စီကို ICC တွင် အမှုဖွင့်အရေးယူရန်ကိစ္စ မည်သည့်အချိန်၌ စတင်နိုင်မည်ကိုမူ NUG တာဝန်ရှိသူတို့ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

“တကယ်လို့များ အခွင့်အရေးရပြီဆိုတာနဲ့ ဒီအခွင့်အရေးကို အသုံးချပြီး အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ပြင်ဆင်နေပါတယ်”ဟု ဦးမိုးဇော်ဦးက ပြောသည်။

စစ်ကောင်စီကို ICC ၌ ရုံးတင်စစ်ဆေးအရေးယူနိုင်ရန် ကြိုးပမ်းမှုမှာ NUG မတိုင်မီ ရှိနှင့်ခဲ့ပြီးဖြစ်သည်။ မတ်လကုန်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာတရားစီရင်ရေးနည်းလမ်းဖြင့် အရေးယူရန် ဆုံးဖြတ်ထားသည်။

ယင်းကို အကောင်အထည်ဖော်ရန် ICC အပါအဝင် နိုင်ငံတကာတရားရုံးများနှင့် အနီးကပ်ဆက်သွယ်ဆောင်ရွက်မည်ဟု ယင်းဆုံးဖြတ်ချက်တွင် ပါဝင်သော်လည်း ယနေ့အထိ ဖြစ်ပေါ်တိုးတက်မှုအခြေအနေ အသေးစိတ်ကို မသိရပေ။

ထိုစဉ်က “မြန်မာနိုင်ငံဟာ Rome Statute ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ICC မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးဆိုတာ လုံးဝရှင်းပါတယ်” ဟု အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်မျိုးထွဋ်က တုံ့ပြန်ခဲ့ကြောင်း RFA က သတင်းဖော်ပြဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button