
အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်ခဲ့သည့် ဆန္ဒပြသူတို့ကို သတ်ဖြတ်ခြင်းကဲ့သို့သော ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး (ICC) တွင် အရေးယူနိုင်ရန် အချက်အလက်စုဆောင်းနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။
“စစ်အုပ်စုအနေနဲ့ကတော့ ICC လမ်းကြောင်းကို ရောက်သွားတဲ့အခါမှာ ရာဇဝတ်ကောင်အဖြစ် ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတင်မကဘဲ ရာဇဝတ်မှုကို ကျူးလွန်တဲ့သူတွေအဖြစ် ရောက်ရှိသွားပါလိမ့်မယ်” ဟု ဦးအောင်မျိုးမင်းက ပြောသည်။
“ဘယ်အချိန်မှာဖြစ်မလဲဆိုတဲ့ ICC ကိစ္စတင်မကဘဲ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ ဥပဒေအရ လုပ်ဆောင်နိုင်မယ့် အကြောင်းအရာကိစ္စတွေကို စုဆောင်းမှတ်တမ်းတင်ပြီးတော့ တရားစွဲဆိုမှုတွေ၊ တရားဥပဒေစီရင်မှုတွေအတွက် လုပ်ဆောင်တဲ့အခါမှာ သက်သေအထောက်အထားဖြစ်ဖို့ အခုကတည်းက စတင်လုပ်ဆောင်နေပါတယ်”
ICC တွင် တင်သွင်းနိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံဖြစ်ရန် လိုအပ်နေသဖြင့် စစ်အုပ်စုကျူးလွန်ခဲ့သည့် နိုင်ငံတကာရာဇဝတ်မှုအချက်အလက်များကို စနစ်တကျ စုဆောင်းထားရှိရန် နိုင်ငံတကာမှ သက်ဆိုင်သည့် အင်အားစုနှင့် လက်တွဲဆောင်ရွက်နေသည်ဟု ဦးအောင်မျိုးမင်းက ပြောသည်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၈ စက်တင်ဘာတွင် လုပ်ပိုင်ခွင့်ပေးအပ်ခဲ့သော မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းရေးယန္တရား (IIMM) နှင့် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်တပ်က ၂၀၁၁ ခုနှစ်မှစ၍ ကျူးလွန်ခဲ့သည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုများနှင့် သက်ဆိုင်သည့် အထောက်အထားများကို IIMM က ထိန်းသိမ်း၊ စိစစ်မည်ဖြစ်သည်။
ဖေဖော်ဝါရီ ၁ မှ မေ ၃ အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်ချက်ကြောင့် သေဆုံးသူ ၇၆၆ ဦး အနည်းဆုံးသေဆုံးခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၃၆၁၄ ဦးအထိ ရှိနေသည်ဟု AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မှတ်တမ်းတင်ထားသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသည့် နိုင်ငံတကာကုမ္ပဏီကြီးများကို စစ်အုပ်စုနှင့် မပူးပေါင်းရန် သံတမန်နည်းလမ်းအရ တောင်းဆိုထားပြီး နိုင်ငံတကာပြည်သူများနှင့်လည်း လက်တွဲဆောင်ရွက်နေသည်ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။
“ဒီလောက်ထိ ဖိနှိပ်မှုတွေရှိနေတဲ့ တိုင်းပြည်မှာ စီးပွားရေးတစ်ခုတည်းကို ကြည့်ပြီးတော့ စီးပွားရေးအခြေပြုတာမျိုးကို ဘယ်လိုမှ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” ဟု ၎င်းကပြောသည်။
နိုင်ငံတကာက ရင်းနှီးမြှုပ်နှံထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများမှ တစ်နှစ်လျှင် ကျပ်ဘီလျံ ၂,၄၀၀ ကျော် စစ်ကောင်စီထံသို့ စီးဆင်းနေပြီး ထိုအချက်အပေါ်တွင် ၎င်းက ထောက်ပြပြောဆိုခြင်းဖြစ်သည်။
ထိုဝင်ငွေကို ပိတ်ဆို့နိုင်ရန် အပြင်းအထန်ကြိုးစားနေသည်ဟု NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံရေးဝန်ကြီးက ဧပြီ ၂၆ တွင် Myanmar Now ကို ပြောသည်။
NUG တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ပါဝင်ပြီး ၂၀၂၁ ဧပြီ ၁၆ တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
NUG အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၁ ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနတို့ကို မေ ၃ တွင် တိုးချဲ့ထားသည်။
ဦးအောင်မျိုးမင်းမှာ လူ့အခွင့်အရေး ပညာပေးအဖွဲ့အစည်းဖြစ်သည့် Equality Myanmar ၏ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်ပြီး LGBT အရေးတက်ကြွလှုပ်ရှားသူအဖြစ် ထင်ရှားသူဖြစ်သည်။