ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ရေမဆေးကျောက်ရှာဖွေသူများ အရေးတို့အတွက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု အရေးတကြီး လိုအပ်ကြောင်း လွန်ခဲ့သည့်လက အသစ်ခန့်အပ်ခံရသည့် ကချင်ပြည်နယ် သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအသစ် ဦးဒါရှီလဆိုင်းက ယနေ့တွင် Myanmar Now ကို ပြောသည်။
ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု စပေါ့ကျေးရွာအနီးတွင် အမြင့်ပေ ၁၀၀ ကျော်ရှိသော ကျောက်တောင်ကမ်းပါး ယမန်နေ့က ပြိုကျသဖြင့် တစ်ပိုင်တစ်နိုင် ကျောက်စိမ်းတူးနေသူ အမျိုးသား ခြောက်ဦးသေဆုံးခဲ့ခြင်းနှင့် ဆက်စပ်ပြီး ပြောခြင်းဖြစ်သည်။
သေဆုံးသူများတွင် ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်မှ ရှမ်းအမျိုးသားအများစု ပါဝင်သည်။
“သက်ဆိုင်သူအားလုံးကနေပါဝင်ပူးပေါင်းမယ်ဆိုရင်တော့ လုပ်နိုင်တာပေါ့ဗျာ။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကိုယ်ကတော့ ယုံကြည်မှုရှိတယ်” ဟု ဦးဒါရှီလဆိုင်းက ပြောသည်။
လာမည့်ရက်အနည်းငယ်အတွင်း ဖားကန့်ဒေသသို့ ကွင်းဆင်းစစ်ဆေးပြီး ဖားကန့်မြို့နယ်အတွင်းရှိ ကျောက်စိမ်းကုမ္ပဏီများ၊ ရေမဆေးကျောက်ရှာဖွေသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်တွေ့ဆုံကာ တွေ့ရှိချက်များကို ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဟု ဦးဒါရှီလဆိုင်းက ပြောသည်။
“ရေမဆေး(ကျောက်ရှာသမား)တွေရဲ့ကိစ္စကလည်းအရေးကြီးပါတယ်။ အဲဒီအတွက်ကိုလည်း သီးသန့်ဆောင်ရွက်သွားမယ့် အစီအစဉ်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ကျောက်မျက်လုပ်ကွက်များအတွင်း ရေမဆေးကျောက်ရှာဖွေရင်း မတော်တဆ မြေပြိုမှုများကြောင့် သေဆုံးခဲ့ရသည့် ရေမဆေးကျောက်သမားပေါင်း ပြီးခဲ့သည့်နှစ်အတွင်း ၁၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ်အတွက်မူ ဖေဖော်ဝါရီလလယ်အထိ သေဆုံးသူ ရှစ်ဦးအထိရှိသွားပြီဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကပြောသည်။
အသစ်ခန့်အပ်သည့် သယံဇာတဝန်ကြီး၏လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် စောသေးကြောင်းနှင့် ၎င်း၏ လုပ်ဆောင်မှုများကို စောင့်ကြည့်သွားရဦးမည်ဖြစ်ကြောင်း ဖားကန့်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံ ရေမဆေးသမားအချို့ကပြောသည်။
ဇန်နဝါရီလအတွင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး သုံးဦးကို ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်နေရာတွင် ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးဒါရှီလဆိုင်းကို ဇန်နဝါရီလ ၃၀ ရက် နေ့စွဲဖြင့် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။