ဖားကန့် – ဖားကန့်မြို့၊ ဆိုင်းတောင်ရွာ အထက်ဘက် တောင်ကုန်းလေးပေါ်က တာလပတ်မိုးတဲလေးတွေမှာ စတည်းချနေသူတွေက မူးယစ်ဆေးကို လွတ်လွတ်လပ်လပ် သုံးစွဲနေကြပါတယ်။ အဲဒီနားရောက်တဲ့အခါ မူးယစ်ဆေးတရားမဝင်သုံးမှုနဲ့ အဖမ်းခံရမှာကို စိုးရိမ်စရာ မလိုပါဘူး၊ ဒါပေမဲ့ ဒီတောင်ကုန်းလေးပတ်ဝန်းကျင်နဲ့ ဒီတောင်ကုန်းလေးကို တက်လာတဲ့လမ်းတလျှောက် ပြန့်ကျဲနေတဲ့ သုံးပြီးသား ဆေးထိုးအပ်တွေကို မနင်းမိအောင်တော့ အထူးဂရုစိုက်ရပါလိမ့်မယ်။
ဧပြီလကတော့ အဲဒီနေရာမှာ ၅ ပေပတ်လည်သာသာ တဲကလေးတွေ ၁ဝ လုံးလောက် ရှိနေပါတယ်။ တဲတစ်လုံးထဲမှာတော့ လူ ၅ ယောက်ခန့်က ဆေးထိုးအပ်ကိုင်ပြီး အချင်းချင်း အပြန်အလှန် ဘိန်းဖြူ ထိုးပေးနေကြတာ တွေ့ရပါတယ်။ တချို့ကလည်း စတုတ္ထနိဗ္ဗာန်ကို ယာယီရောက်ဖို့အရေး တဲအပြင်ဘက်မှာပဲ ဆေးထိုးအပ်ကိုင်နေကြတာပါ။
ဆေးထိုးအပ်သမားတွေထဲက ဆံပင်ရှည်ရှည်၊ ၂၃ နှစ်အရွယ် အမျိုးသားတစ်ယောက်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးနယ်က ဖြစ်ပါတယ်။ သူဌေးလောင်းအိပ်မက် အကောင်အထည်ဖော်ဖို့ မဟုတ်ဘဲ လက်သမားလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဖားကန့်ကို တက်လာတဲ့ ဒီလူငယ်က သူ့နာမည်ရင်းကို မပြောပါဘူး၊ သူ့မိတ်ဆွေတွေကတော့ သူ့ကို ကိုဆံရှည်လို့ ခေါ်ကြပါတယ်။
ကိုဆံရှည်တို့ ကျက်စားတဲ့ တဲလေးတွေ ရှိတဲ့နေရာကို ဒေါက်တာတန်းလို့ ခေါ်ကြပါတယ်။ ဘိန်းထိုးသူတွေ စုစည်းရာအရပ်၊ နေရာထိုင်ခင်းမရှိတဲ့သူတွေ ညအိပ်စတည်းချရာအရပ် တစ်ခုပါ။
ကိုဆံရှည် ဖားကန့်ရောက်နေတာ ၅ နှစ် ရှိပါပြီ။ ရွာမှာတော့ သူက လက်သမားလုပ်သလို ကားပြင်တဲ့အလုပ်ကိုလည်း လုပ်တတ်ပါတယ်။ ကိုယ့်ရွာထက် ငွေကြေးအခွင့်အလမ်း ပိုမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်အကိုင်ပေါတဲ့ဖားကန့်ကို တက်လာရာကနေ အခုတော့ ဘိန်းဖြူစွဲသူ ဖြစ်နေပါပြီ။
ကျောက်စိမ်းတွင်းဒေသမှာ တစ်ရက်ကို လုပ်အားခ ရှစ်ထောင် ဝန်းကျင်ရတဲ့ လက်သမားအလုပ်လုပ်တဲ့ ကိုဆံရှည်က မူးယစ်ဆေးသုံးရာမှာ ဘိန်းဖြူကို စပြီး ကိုင်တွယ်တာတော့ မဟုတ်ပါဘူး။ ဘိန်းမည်းကို ချောင်းဆိုး ပျောက်ဆေးရည်နဲ့ သောက်သုံးတဲ့အဆင့်ကနေ အစပြုပါတယ်။ အခုဆိုရင် ဘိန်းဖြူကို ဆေးထိုးအပ်နဲ့ ခန္ဓာကိုယ်ထဲကို ထည့်နေတဲ့အဆင့်ကို ရောက်လာတဲ့အထိ မူးယစ်ဆေးရဲ့ သားကောင် ဖြစ်လာပါပြီ။
သူငယ်ချင်းတွေက ကောင်းတယ်၊ စမ်းကြည့်ပါလို့ ထောက်ခံကြရာကနေ ဘိန်းဖြူကို သူ အစပြု သုံးစွဲတတ်လာပါတယ်။ စမ်းသပ်ကာလမှာတော့ ဘိန်းဖြူကပေးတဲ့ ခံစားမှုကို ရချင်လို့ သုံးစွဲခဲ့တယ်၊ သုံးပြီး ၄ လလောက် အကြာမှာတော့ ရည်ရွယ်ချက်က ပြောင်းသွားတယ်၊ ဘိန်းဖြူထိုးပြီး မှိန်းနေချင်တဲ့ခံစားချက်ကို ရဖို့ သုံးတာမျိုး မဟုတ်တော့ဘဲ ဘိန်းမထိုးရလို့ ဖြစ်ပေါ်လာတဲ့ သွေးသားတောင်းဆိုချက်ပျောက်ဖို့ သုံးနေရသလို ဖြစ်လာတယ်လို့ ကိုဆံရှည်က ရှင်းပြပါတယ်။
ဖားကန့်တခွင် ဘိန်းဖြူသမားတွေဟာ လက်ဖျံကအကြောတွေမှာ စတင်ထိုးကြတာပါ။ လက်ဖျံကအကြောတွေ တဖြည်းဖြည်းနဲ့ ပျောက်ပျောက်သွားလို့ လက်ဖမိုးမှာ ထိုးရတယ်၊ နောက်ဆုံးတော့ ပေါင်မှာထိုးကြပါတယ်။
ပေါင်မှာ ဆေးထိုးအပ်တန်းလန်းနဲ့ လမ်းလျှောက်သွားနေသူတချို့ကိုလည်း ဖားကန့်မှာ တွေ့ရပါလိမ့်မယ်။
ပေါင်မှာ ထိုးဖို့ ခက်ခဲသွားရင် အဲဒီလူအတွက် ထိုးစရာနေရာရှာဖို့ အင်မတန်ကိုခက်ခဲသွားပါပြီ။ ဒါပေမဲ့ ဘိန်းသုံးစွဲသူတွေရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ နားထင်က အကြောလေးရှိတဲ့ နေရာကို ဓားလေးနဲ့ခွဲပြီး ဘိန်းဖြူမှုန့်သိပ်တဲ့အဆင့်တော့ ကိုဆံရှည်တို့ဖားကန့်တခွင်မှာ မရှိသေးဘူးလို့ ဘိန်းတိုက်ဖျက်ရေး လုပ်ဆောင်နေကြသူတချို့က ပြောကြပါတယ်။
ကိုဆံရှည် ရွာကို ၃ ခေါက်တိတိ ပြန်ပြီး ဘိန်းဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဖားကန့်ပြန်ရောက်ပြီးတိုင်း ဘိန်းနဲ့ ကင်းကွာနိုင်တဲ့ အချိန်က ၂ လ လောက်ပဲ ရှိတတ်ပါတယ်။ ဘိန်းဖြူထိုးနေရတာနဲ့ လက်သမားအလုပ်လည်း မလုပ်နိုင်တော့ပါဘူး။ ဒါဆိုရင် ကိုဆံရှည် ဘယ်လို ရပ်တည်ပါသလဲ။
ဘိန်းဖြူ ရောင်းတယ်လို့ ဆိုပါတယ်။
“ကျွန်တော်လည်း လက္ကားရောင်းတဲ့ ဘိန်းသုံးသူပါပဲ။ လက်သန်းတစ်ဆစ်လောက်ရှိတဲ့ ဘိန်းဖြူ နှစ်ဘူးလောက်ကို ဝယ်လာ၊ ဒီက သုံးသူတွေကို ပြန်လည်ရောင်း၊ ကိုယ်လည်းသုံးပေါ့။ အဲဒီကနေ ထမင်းစရိတ်ပြန်ရှာရတာ” လို့ ဆံပင်ကို နောက်မှာ စုပြီး စည်းထားတဲ့ ကိုဆံရှည်က ရှင်းပြပါတယ်။
“ကိုယ်သုံးဖို့တောင် ပိုက်ဆံမရှိလို့ သူငယ်ချင်းတွေမျှပေးမယ့်အချိန်ကို ဘိန်းဖြူကို သွေးသားက တောင်းနေတဲ့ဒဏ် ကြိတ်မှိတ်ခံရင်း စောင့်ရတဲ့အဖြစ်မျိုးလည်း ရှိပါတယ်”
အခုတော့ ကိုဆံရှည်က နေစရာမရှိလို့ ဒီဒေါက်တာတန်းမှာ လာနေရတဲ့ ဘဝမျိုးကို ရောက်နေခဲ့ပါပြီ။
ကိုဆံရှည်တို့ ဖားကန့်မှာ ပေါပေါများများတွေ့ရတဲ့ဘိန်းဖြူက အနီရောင်သန်းနေတဲ့အတွက် ရေစိုလို့ ခေါ်ကြတယ်၊ လုံးဝ အဖြူဆွတ်ဆွတ်ဖြစ်နေတဲ့ စံပယ်ဆိုတဲ့ ဘိန်းဖြူက စျေးကြီးတာကြောင့် လူအများ မသုံးနိုင်ကြဘူးလို့ ဒေါက်တာတန်းမှာ ဘိန်းထိုးနေကြတဲ့သူတချို့က တညီတညွတ်တည်း ပြောကြပါတယ်။
ကိုဆံရှည်က ဒီဘိန်းဖြူစွဲမိတဲ့အတွက် တစ်ခါတလေမှာ ဝမ်းနည်းနေမိတယ်၊ မိသားစုရှိတဲ့ရွာကို ပြန်ချင်ပေမဲ့ မိမိလက်ထဲမှာ ပိုက်ဆံလည်းပါမသွား၊ မူးယစ်ဆေးကလည်း စွဲနေတော့ ရွာရောက်ရင် ဒီမူးယစ်ဆေးစွဲတာက ဒုက္ခပြန်ပေးမှာကို စိုးရွံ့နေတာကြောင့် ဖားကန့်ဒေသကို မစွန့်ခွာနိုင်ဖြစ်နေရတယ်လို့ ဆိုပါတယ်။
ကိုဆံရှည်က အချိန်တန်လို့ ခန္ဓာကိုယ် တောင်းဆိုလာတဲ့ဘိန်းကို အာသာပြေရုံလောက်လေးတောင် မဖြည့်ဆည်းပေးဘူးဆိုရင် ညောင်းလာ၊ ကိုက်လာပြီး နှာခေါင်းပိတ်၊ ချောင်းဆိုး၊ ပျို့အန်မယ်၊ ဒီအဆင့်ပြီးသွားရင် အရိုး၊ အကြော ကိုက်ခဲတာကို လူးလှိမ့်နေအောင် ခံစားရတယ်လို့ ပြောပါတယ်။ ဒါကို ယင်းထတယ်လို့ ဆိုကြပါတယ်။
“တစ်ခါတလေ ကိုယ့်လက်ထဲမှာလည်း ပိုက်ဆံကမရှိ၊ ဆေးယင်းကလည်း ထနေတော့ ကြိတ်မှတ်ခံရတယ်။ ဒီဆေးကို ဖြတ်ချင်တဲ့စိတ်က အမြဲပေါ်တယ်။ အခုတော့ ရွာပြန်ဖြတ်မယ်လို့ ဆုံးဖြတ်ပြီး ရွာကနေ လမ်းစရိတ်ပို့ပေးဖို့ တောင်းထားတယ်” လို့ သူက ဆိုတယ်။
ကချင်ပြည်နယ် တောင်တန်းဒေသရောက် ကိုဆံရှည်က ဘိန်းစွဲနေပေမဲ့ သူ့အနာဂတ်ကို အကောင်းမြင်သူပါ၊ မြေပြန့်ဒေသမှာရှိတဲ့ သူ့ရွာပြန်ပြီး ဆေးဖြတ်ဖို့ စိတ်ကူးနေသူပါ။
“ကိုယ်ကလည်း အသက်ငယ်သေးတယ်၊ ခံနိုင်ရည်ကလည်းရှိနေသေးတယ်ဆိုတော့ ဖြတ်မယ်ဆိုရင် ဒီလောက် မကြာလောက်ပါဘူး။ ဒီတစ်ကြိမ်တော့ ဆေးဖြတ်တာ အောင်မြင်မယ်ထင်တယ်”
မိသားစုက သူမူးယစ်ဆေးစွဲနေမှန်း အနည်းငယ် ရိပ်စားမိနေပေမဲ့ ဘိန်းဖြူထိုးတဲ့အဆင့်ထိ ရောက်နေပြီ ဆိုတာကိုတော့ မသိကြသေးဘူးလို့ ကိုဆံရှည်က ပြောပါတယ်။ သူ အခုလို ဒေါက်တာတန်းမှာ ခိုလှုံနေရမှန်း သိမယ်ဆိုရင် ယူကျုံးမရ ဖြစ်ကြမှာလို့ ကိုဆံရှည်က လေးလေးကန်ကန် ပြောပြတယ်။
ဒေါက်တာတန်းမှာ နေဖို့ မပြောနဲ့ အနား ဖြတ်သွားရမှာတောင် ရှက်ဖူးတယ်လို့ ကိုဆံရှည်က ဆိုပါတယ်။ အခုတော့ ဘိန်းဖြူစွဲနေတဲ့ ကိုဆံရှည်၊ အဝတ်တစ်စုံကို မလျှော်ဘဲ နေ့တိုင်းဝတ်လို့ ညစ်ပတ်ပေလူးနေတဲ့ ရုပ်ရည်နဲ့ ကိုဆံရှည်က ဒေါက်တာတန်းမှာ နေထိုင်သူ ဖြစ်နေပါတယ်။
“သင်္ကြန်တုန်းက ဘုန်းကြီးကျောင်းမှာ ထမင်းကျွေးလို့ သွားစားတယ်။ ကိုယ်ကတော့ စုတ်ပြတ်နေတာပဲ၊ သူများတွေက ရေပက်ပြီး ပျော်နေ၊ ကနေကြတာ” လို့ ကိုဆံရှည်က ဆိုတယ်။
အဲဒီမြင်ကွင်းကြောင့် ဘိန်းဖြူသုံးစွဲမှုကို ကြိုးစားပြီး ဖြတ်ဖို့ သူ စီစဉ်နေတယ်လို့ ပြောပါတယ်။
“ကျွန်တော်ထိုင်ကြည့်ရင်း တော်ပြီ၊ မလုပ်တော့ဘူး၊ ဖြတ်တော့မယ်လို့ တွေးမိတယ်။ ဝမ်းနည်းမိတယ် … ဒီလိုဘဝမျိုးက ဘယ်လိုမှ မနေအပ်တော့ဘူး” လို့ ကိုဆံရှည်က ပြောလိုက်ပါတယ်။ ။