သူဌေးဖြစ်ရေးအိပ်မက် တစ်ပွေ့တစ်ပိုက်ဖြင့် ကချင်ပြည်နယ် ကျောက်စိမ်းဒေသသို့ သွားရောက်သူများထဲတွင် နိုင်ငံအနှံ့အပြားမှ အလုပ်သမား သိန်းနှင့်ချီ ရှိနေသည်။
၎င်းတို့ကို ရေမဆေးသမားဟု ထိုဒေသတွင် ခေါ်ကြပြီး မကြာခဏပေါ်ပေါက်တတ်သော လုပ်ငန်းခွင်မြေပြိုကျမှု မတော်တဆဖြစ်စဉ်နှင့် ရင်ဆိုင်နေရသည်။ ထိုဖြစ်စဉ်များကြောင့် သေဆုံးနှုန်းသည် လစဉ် ၁၆ ဦး ဝန်းကျင် ရှိနေသည်။
ကမ္ဘာ့အကောင်းဆုံးကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသတွင် ဝမ်းနည်းစရာ အဖြစ်ဆိုးတို့ ဖြစ်နေရသည့် အကြောင်းရင်း၊ ပြဿနာကို ကိုင်တွယ်ပုံတို့နှင့် ပတ်သက်ပြီး ဇူလိုင်လကုန်ပိုင်းက ကျောက်စိမ်းတွင်းအထိ သွားရောက်လေ့လာထားသူ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင်က ပြောပြထားသည်။
Myanmar Now – ဖားကန့်က အထွေထွေပြဿနာတွေကို ကိုင်တွယ်ဖို့အတွက် ဘာတွေလုပ်ဖို့လိုပါသလဲ။
ရတနာနယ်မြေ သတ်မှတ်လိုက်ပြီ ဆိုတာနဲ့တော့ ပြတ်သားမှုတစ်ခုတော့ရှိရမှာ၊ သတ်မှတ်ထားတဲ့ နယ်မြေထဲကို ဝင်ထွက်လာတာကအစပေါ့။ ရတနာနယ်မြေမဟုတ်တဲ့ တနိုင်းဒေသတွေမှာ လမ်းဆိုရင်လည်း ဂိတ်ထားပြီးတော့မှ တပ်မတော်အနေနဲ့ ကြပ်ကြပ်မတ်မတ် လုပ်တာတွေလည်း တွေ့ရတယ်။ ဒါတွေကတော့ နိုင်ငံတော်ရဲ့ ရတနာတွေကို တစ်ဖက်တစ်လမ်းက မထွက်အောင် သူတို့အနေနဲ့ လုပ်ရတာ။ အတွင်းစည်းဖြစ်တဲ့ ဖားကန့်မှာကျတော့ အဲဒီလိုမျိုး ရှင်းလင်းတာလည်း မတွေ့ရဘူး။
Myanmar Now – ဖားကန့်မြို့နယ် လုံးခင်းကျေးရွာဘက်ကို သွားခဲ့တယ်လို့ သိရတယ်ခင်ဗျ။ ဘာတွေလုပ်ဆောင်သွားဖို့ ရှိပါသလဲ။
တစ်ချိန်တုန်းက ရေမဆေးဆိုတာတွေက ပစ်စာပုံတွေပဲ အလေးထားတယ်။ နောက်ပိုင်းကျတော့ ခြံစည်းရိုးဖျက်ပြီးမှ ဝင်လာတယ်။ လုပ်ငန်းခွင်မှာပါ ရောက်လာတယ်။ အခုဆိုရင် သက်တမ်းကုန်တဲ့လုပ်ကွက်တွေမှာရှိတဲ့ နေရာတွေကိုပါ ထိပါးလာတယ်။
နောက်တစ်ဆင့် ပတ္တမြားနဂါး(ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီ)ရဲ့ ဂိုဒေါင်ထဲကို ဝင်တယ်။ အခု ပတ္တမြားနဂါးကျောက်စိမ်းဂိုဒေါင်မှာ ကျွန်တော်ရှိတယ်။ သူတို့ရဲ့ကျောက်တွေကို ကျွန်တော် သွားကြည့်တယ်။ နိုင်ငံတော်နဲ့ အကျိုးတူဆိုရင်တော့ ကျောက်စိမ်းရုံးမှာ ထိန်းသိမ်းထားတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးဖို့ ကျောက်မျက် လုပ်ငန်းရှင်တွေ နဲ့ အခုပြန်တွေ့မယ်။ သူတို့ဆီကနေ သူတို့ရဲ့လိုလားချက်၊ ဘာတွေ လိုအပ်နေတယ်ဆိုတာတွေပေါ့။ ဒါက နိုင်ငံတော်အဆင့်ပဲ၊ ရေ ခဏခဏ ကြီးတဲ့ ဥရုချောင်းလည်း နိုင်ငံတော်အဆင့်၊ ရေမဆေးလည်း နိုင်ငံတော်အဆင့်ဖြစ်နေပြီ။ ကျွန်တော်တို့အဆင့်နဲ့က ဘယ်လိုမှ ထိန်းကျောင်းလို့မရဘူး။ ပြည်ထောင်စုနဲ့ ကချင်ပြည်နယ်အစိုးရအကြားမှာ ပေါင်းစပ်ညှိနှိုင်းပြီးမှ အဖြေရှာရမယ့်အပိုင်းတွေဖြစ်နေတယ်။ ညှိနှိုင်းတဲ့အခါမှာ သက်ဆိုင်ရာ ဒေသခံတွေရဲ့ လိုလားချက်၊ သဘောထားမပါရင်လည်း ဆုံးဖြတ်ရခက်တယ် ဆိုပြီးတော့ သူတို့ရဲ့ သဘောထားဆုံးဖြတ်ချက်ရယူဖို့အတွက် ကျွန်တော်တို့က ဒီဘက်ကို ပဏာမ ကွင်းဆင်းရတာပါ။
Myanmar Now – ရေမဆေးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်မယ့် အစီအစဉ် ဆွဲခဲ့ဖူးလား၊ ဆွဲနေပြီလား။
ကျောက်မျက်ဥပဒေဆိုတာ ပေါ်ပြီးသား၊ လုပ်ထုံးလုပ်နည်း ရှိပြီးသားပါ။ လက်တွေ့ အကောင်အထည် ဖော်တဲ့အပိုင်းမှာ အားနည်းတာ တွေ့ရတယ်။ ဒီလူစုလူဝေး ဆိုတာက (အယောက်) ၅ဝ ကျော်ရင် မဖြစ်သင့်ဘူး။ တားမြစ်ထားတဲ့နေရာမှာ အိမ်လာဆောက်၊ တဲလာထိုး အဲဒါမျိုးတွေကအစ၊ ဘယ်သူက ထိန်းမှာလဲလို့ ပြောရင်တော့ စည်းမျဉ်းစည်းကမ်းအရတော့ လက်နက်ကိုင်တွေနဲ့ ရဲတွေကို တာဝန်ပေးထားတာ၊ နောက် နယ်မြေခံတပ်တွေတော့ ရှိတယ် ဆိုတော့ တစ်ဦးနဲ့တစ်ဦး ပေါင်းစပ်ညှိနှိုင်းမှု အားနည်းတာလို့ပဲ ကျွန်တော် မြင်မိတယ်။
Myanmar Now – သဘာဝပတ်ဝန်းကျင်အရေးအတွက် ဘာတွေဆောင်ရွက်ထားလဲ။
(၂ဝ၁၄ မှာ လုပ်ခဲ့တဲ့) ၅၁ ကြိမ်မြောက်ကျောက်မျက်ရတနာပြပွဲ ပြီးတဲ့အခါမှာ ကျောက်မျက် လုပ်ငန်းရှင်များ အသင်းကနေပြီးတော့ ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည် ဆောင်ရွက် လုပ်ဆောင်ဖို့ ဆိုပြီးတော့မှ ရန်ပုံငွေတွေချပေးတာ ရှိပါတယ်။ ရန်ပုံငွေ စနစ်တကျ သုံးစွဲဖို့အတွက် ရပ်၊ ကျေး (ကော်မတီ) ကနေ တင်ပြပါမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ဟာတွေဆိုရင် မြို့နယ်ကို တင်ပြပြီးမှ ကော်မတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးပါမယ် ဆိုပြီးတော့မှ အကောင်အထည်ဖော်တဲ့အပိုင်းတွေ ရှိပါတယ်။ အခုဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်း ရှိတဲ့အထဲက ကျွန်တော်တို့ ကချင်ပြည်နယ်ကို ဒေါ်လာ ၂ သန်း၊ ကျန်တဲ့ စစ်ကိုင်းတိုင်းတို့ မန္တလေးတိုင်းက မိုးကုတ်တို့အတွက် ဒေါ်လာ ၁ သန်းစီ ချပေး တယ်။ အဲဒါတွေကို ဒီနှစ်ထဲမှာ ကျွန်တော်တို့ အကောင်အထည် စဖော်တာ ရှိပါတယ်။
Myanmar Now – ကုမ္ပဏီတွေဘက်ကရော သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာလား။
သူတို့က လိုက်နာတာရှိပါတယ်။ ဒါပေမဲ့ ရေမဆေးတွေ ဝင်လာတဲ့အခါမှာ ဆိုင်းဘုတ်တွေကအစ နင်းခြေပစ် စသဖြင့် လုပ်ချင်ရာ လုပ်ကြတော့ ဒီလူထုတွေ အုံကြွမှုဖြစ်မှာလည်း စိုးရိမ်ရတယ်။ ပိုဆိုးတာက ဒီဘက်မှာ (ဇူလိုင်) ၉ ရက်ကနေ ၁၃ ရက်ကြား ဖြစ်တဲ့ ဂိုဒေါင်အထိ ဝင်လာတဲ့ကိစ္စတွေက တော်တော်လေး ဆိုးဝါးတယ်။ အဲဒါကို ထိန်းမနိုင်သိမ်းမရဖြစ်လာ တဲ့အခါ ကုမ္ပဏီပိုင်ရှင်က တော်တော်လေးကိုဆုံးဖြတ်ရခက်တဲ့အခါ နှစ်ပေါင်းနှစ်ဆယ်ကျော်လောက် သူစုစည်းထားတဲ့ Reject ကျောက်တွေကို ကုမ္ပဏီမှာထားရင်လည်း အမှိုက်ဖြစ်နေ တယ်၊ ရေမဆေးတွေရဲ့ မက်လုံးဖြစ်နေတဲ့အခါကျတော့၊ သူ့ဆီမှာ လူ ၁ဝဝ လောက် ဝင်လာတယ်၊ နောက် ၃ဝဝ လောက် ဖြစ်လာတယ်။ သူတို့လည်း ဘယ်လိုမှ ရှင်းလို့မရတော့ ကုမ္ပဏီမှာ လူသတ်မှုတွေ ဖြစ်ကုန်တော့မယ်ဆိုတော့ သူက အပြင်ကို ထုတ်လိုက်ရတယ်။ အမှန်ကတော့ ကျောက်တွေ အဲဒီလောက် ကီလို များလာပြီဆိုရင် ကျောက်စိမ်းရုံးမှာ တင်ဒါခေါ်သင့်တယ်။
Myanmar Now – သက်တမ်းလွန်လုပ်ကွက်တွေမှာ တူးဖော်နေတာကို ဘယ်လိုကိုင်တွယ်နေပါသလဲ။
သွားလို့ရတဲ့နေရာရှိသလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ နေရာတွေလည်း ရှိတယ်။ အဲဒီလိုနေရာတွေမှာ သက်ဆိုင်ရာ ဌာနတွေက လုံခြုံရေးအား မကောင်းလို့ သွားပြီး ကြပ်မတ်ရတဲ့ အပိုင်း ခက်ခဲတာပေါ့၊ အဲဒီလိုမျိုးနေရာတွေလည်း ရှိပါတယ်။ သက်တမ်းမကုန်တဲ့အကွက်ကို တူးနေသလိုနဲ့ သက်တမ်းကုန်တဲ့ အကွက်မှာ ထပ်တူးတာတွေက မရှိဘူးလို့ မပြောနိုင်ဘူး၊ ရှိနိုင်တယ်။ သတင်းအရကတော့ ရှိနေတယ်၊ ကျွန်တော်တို့က သွားပြီးမကြည့်နိုင်ဘူး။
Myanmar Now – ဒီအခြေအနေတွေကို ဘယ်လိုဖြေရှင်းရင် အဆင်ပြေမလဲ။
ဒီမှာ မူဝါဒ အားဖြင့် ချမှတ်ပေးဖို့ လိုအပ်တာပေါ့လေ၊ ဒေသခံတွေကလွဲလို့ အခြားဒေသတွေက လာတာတွေကို ရာခိုင်နှုန်းဘယ်လောက်အထိ လက်ခံမယ် စသည်ဖြင့်ပေါ့။ အလုပ်လက်မဲ့တွေကို ဘယ်လိုမျိုးနည်းနဲ့ ဖြေရှင်းမယ်။ ရေမဆေးတွေကို စားရင်းဇယား သေချာကောက်ပြီးတော့မှ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ပြောရမယ်ဆိုရင်တော့ဗျာ အကြီးစားလည်း လုပ်လို့မရ အလတ်စားလည်း လုပ်လို့မရဆိုတဲ့အခါမျိုးပေါ့နော်။ တောင်ကမ်းပါးယံတွေမှာက ကျောက်ကြောတွေက ကောင်းတဲ့အခါကျတော့ သူတို့ ဝင်တူးတယ်။ တူးတဲ့အခါကျတော့ မြေပြိုမှုတွေ ဖြစ်တာပေါ့လေ။ အပေါ်က ဝိတ်ကို မထိန်းနိုင်ဘူး။ ဒါပေမဲ့ တူးဖော်မှုအပိုင်းကို ပြည်နယ်ရဲ့ ကွပ်ကဲမှုအစီအမံနဲ့လုပ်ခိုင်း၊ အဲဒီဒေသနဲ့ လိုက်လျောညီထွေ တဲ့ပုံစံမျိုးနဲ့ သွားပြီးမှ သေချာ လူထုထဲကို ထဲထဲဝင်ဝင်ပြန်ဝင်ပြီး တူးဖော်ရေးအပိုင်းကို နယ်ခံတွေပေး၊ အကြီးစား အလတ်စားတွေ လုပ်တာတို့၊ ကျောက်ထွက်လာတဲ့အခါ ရောင်းဝယ်တဲ့ အပိုင်း၊ ဈေးကွက်ပိုင်းကို နိုင်ငံတော်က ကိုင်တွယ်ပေးရင်တော့ အဆင်ပြေမလားပေါ့။ သာမန်အရောင်းအဝယ် ကျောက်ဝိုင်းလောက် အဆင့်ကိုတော့ ရတနာနယ်မြေမှာ လွတ်လပ်စွာ သွားလာခွင့်တွေပေးပြီးတော့ ထိန်းကျောင်းတဲ့အပိုင်းကို လုပ်ငန်းရှင်များအသင်းကတစ်ဆင့် သော်လည်းကောင်း၊ မြို့မိမြို့ဖတွေက သော်လည်းကောင်း ကော်မတီလေးတွေ ဖွဲ့စည်းပြီး တော့ သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုကို အဆင်ပြေသွားအောင် လုပ်ကိုင်ခွင့်ရမယ်ဆိုရင် ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ယူဆတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က ခွင့်မပြု လည်း သူတို့က တူးနေ၊ ရောင်းဝယ်နေတာပဲ။
Myanmar Now – ဥရုချောင်းထဲ မြေဖို့တာ၊ စွန့်ပစ်မြေစာ သတ်မှတ်စည်းကမ်းအတိုင်း မစွန့်ပစ်တာတွေကိုရော ဘယ်လိုကြီးကြပ်လဲ။
အဲဒီအစီအမံကို ပေါ်လစီချမှတ်ထားတာကတော့ ဒီလိုဗျ။ ဘယ်မှာဖြစ်ဖြစ်ဒေသရဲ့ လိုအပ်ချက်တွေကို ဒေသခံတွေဆီကနေ တက်လာဖို့၊ တက်လာတဲ့အပေါ် မူတည်ပြီးမှ သဘာဝပတ် ဝန်းကျင် ပျက်စီးလာတဲ့ လုပ်ငန်းတွေကိုကျတော့ ရန်ပုံငွေရှိပါတယ်။ အဲဒါမျိုးတွေနဲ့ ဖြည့်ဆည်းပေးတယ်။ သူတို့ရဲ့ လိုအပ်ချက်တွေကို ရပ်ကျေးဆီ မရောက်ခင် လုပ်ငန်းရှင်တွေနဲ့၊ မြို့မိမြို့ဖနဲ့ အထောက်အကူပြုအဖွဲ့တွေနဲ့ ဆွေးနွေးပြီး ဥရုချောင်းထဲကို ပစ်စာတွေပစ်လို့ ရွာရေကြီးတဲ့အတွက် ရေတားတမံလေးတွေ လိုအပ်တယ်ဆိုပြီး ဆွေးနွေးပြီးရင် ရပ်ကျေးကို ပြန်တင်ပြတယ်။ ရပ်ကျေးကနေပြီးမှ အစည်းအဝေးခေါ်ပြီးကော်မတီဖွဲ့ပြီး မြို့နယ်ကနေ တစ်ဆင့် ပြည်နယ်ကိုတင်ပြခိုင်းထားတာတွေ ရှိပါတယ်။ တင်ပြလို့ စည်ပင် ပါရမယ်၊ လွှတ်တော်ကိုယ်စားလှယ် ပါရမယ် ဆိုတော့မှ အဆင့်ဆင့်တင်ပြဖို့ ပြောထားပါတယ်။
Myanmar Now – မြေပြိုမှုဖြစ်ပြီးနောက် ရှာဖွေရေး၊ ကယ်ဆယ်ရေးအပိုင်းတွေ သေချာမလုပ်နိုင်ဘူး ဆိုပြီး ဝေဖန်နေတာကို ဘာမှတ်ချက်ပေးချင်လဲ။
ဒါကတော့ မလုပ်နိုင်ဘူး။ ဖော်မယ်ဆိုရင်တောင်မှ ယန္တရားတွေနဲ့ ပြန်တူးဖော်မှရမယ်။ အဲဒီမြေပျော့မှာ ယန္တရားသွားလို့ မရဘူး။ အခက်အခဲတွေလည်း ရှိတယ်။ နောက် မိုးရေနဲ့ရောနေတဲ့ ရွှံတစ်ပိုင်းဖြစ်နေတဲ့ မြေကြီး ဖြစ်နေတယ် ဆိုတော့ ကမ်းပါး ပါးပါးလေးပေါ် ကပ်ပြီးတော့ အလုပ်လုပ်နေတယ်။ ဒါက ပြင်ဆင်ရေးကို အားနည်းတယ်လည်း ပြောလို့မရဘူး။ ပြီးတော့လည်း ကယ်မဲ့သူတောင် ပါသွားနိုင်တဲ့နေရာမျိုး ဖြစ်နေတယ်။ ။