အသက် ၁၇ နှစ်အရွယ်မှစ၍ ကိုထက်တစ်ယောက် နံနက် ၄ နာရီမတိုင်မီ နေ့စဉ် အိပ်ရာထခဲ့ရသည်။ ကျောက်စိမ်းတွေ့ရလိမ့်မည်ဟူသော ယူဆချက်ဖြင့် ပေထောင်ချီမြင့်သော မြေစာပုံများဆီ အချိန်မီ ရောက်နိုင်ရန်ဖြစ်သည်။
လောပန်းလောင်း (သူဌေးလောင်း) အိပ်မက်ဖြင့် ကချင်ပြည်နယ် ဖားကန့်ဒေသရှိ မြေစာပုံများပေါ်တွင် ကိုထက် (အမည်လွှဲ) ကျင်လည်ခဲ့သည်မှာ ၂၇ နှစ်အရွယ်တိုင်ခဲ့ပြီဖြစ်သည်။ ၂၀၁၃ တွင် ကျပ်သိန်း ၄၀၀ တန် ကျောက်စိမ်းတုံးရဖူးသလို ကျန်အချိန်များတွင်လည်း မိသားစုစားဝတ်နေရေး ကာမိသဖြင့် ဖားကန့်နှင့် ကိုထက် အသားကျနေပြီဖြစ်သည်။
မြေစာပုံအတွင်း လက်စွဲတော် စိန်တူဖြင့် ခေါက်မိသည့် ကျောက်ခဲမှာ ရောင်းတမ်းဝင်ကျောက်ဖြစ်ခဲ့လျှင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၌ နေထိုင်သည့် မိသားစုဝင် ၇ ယောက်ကို ပြေလည်စွာထားနိုင်မည်ဟု ကိုထက်ယုံကြည်ထားသည်။
သို့သော် ဆယ်စုနှစ်တစ်ခုကြာ ရေမဆေးသမားဖြစ် ရပ်တည်လာခဲ့သူ ကိုထက်၏ဘဝမှာ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း တစ်ဆစ်ချိုး ပြောင်းလဲ့သည်။
ကိုယ်တိုင်မဲပေးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ချခံရသည့်အပြင် အရပ်သားအစိုးရကို ဖယ်ရှားကာ စစ်တပ်က အာဏာသိမ်းသည်ကို လက်မခံနိုင်သူများထဲတွင် ၎င်းလည်း ပါဝင်သည်။ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သည့် ဆန္ဒပြပွဲများတွင် အခြားသော ရေမဆေးသမားများနည်းတူ ကိုထက်လည်း တက်ကြွစွာပါဝင်ခဲ့သည်။
“ဆန္ဒပြတဲ့အချိန်က တစ်ခါတလေ (ကျောက်စိမ်း) သွားရှာဖြစ်တယ်။ ဒါပေမယ့်လည်း သွားလိုက်တိုင်း စိတ်က မလုံဘူးပေါ့ဗျာ။ ကျွန်တော်တို့က မတရားသိမ်းပိုက်ခံနေရတာကို ကိုယ်က ဘာမှမဖြစ်သလို အေးအေးဆေးဆေး ကျောက်ရှာပြီးတော့ မနေနိုင်တော့ဘူး”ဟု ကိုထက်က ပြောသည်။
မတ်လတွင် ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းလာသဖြင့် ဖားကန့်၌ လူသေဆုံးသည်အထိ ဖြစ်လာရာ ကိုထက်၏ မခံချင်စိတ်၊ မတရားမှုကို တွန်းလှန်လိုသော စိတ်ဒီဂရီမှာ အမြင့်ဆုံးသို့ ရောက်သွားတော့သည်။
စစ်အာဏာရှင်စနစ်ဆိုးကို လက်နက်ကိုင်၍ အမြစ်ဖြုတ်ရာတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ရန် ၎င်းက ဆုံးဖြတ်သည်။ ထို့ကြောင့် ဧပြီလဆန်းတွင် မိခင်ရှိရာ တန့်ဆည်သို့ ပြန်၍ အကျိုးအကြောင်းပြောကာ ခွင့်ပြုချက်တောင်းသည်။
မိခင်ဖြစ်သူက ငိုယို၍ တားသဖြင့် တွန်းတွန်းတိုက်တိုက် ဆက်မပြောတော့ဘဲ ဇာတိမြို့ တန့်ဆည်သို့ ရောက်တုန်းရောက်ခိုက် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲများ၌ ပူးပေါင်းပါဝင်ရင်း နည်းလမ်းရှာခဲ့သည်။
တန့်ဆည်တွင် ဧပြီ ၇ရက်က သူပါဝင်သည့် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ပစ်ရာ လူငယ် ၁၀ ဦးခန့် အသက်ဆုံးခဲ့ရသည်။ မွေးရပ်မြေ၌ ထိုဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ရပြီးနောက် ကိုထက်၏ တော်လှန်ရေးအိပ်မက် ပို၍ ပြတ်သားသွားသည်။
ထို့ကြောင့် မိခင်ထံမှ ခွင့်ပြုချက်ထပ်မတောင်းတော့ဘဲ လက်နက်ကိုင်အဖွဲ့အစည်းများရှိရာ ဒေသတစ်ခုသို့ သွားရောက်ခဲ့သည်။ ဇွန်တွင် တစ်လတာစစ်သင်တန်း တက်ရောက်အောင်မြင်ပြီးနောက် ဩဂုတ်လသို့ ရောက်ချိန်တွင် စစ်ကောင်စီကို ပစ်မှတ်ထားသည့် ပူးပေါင်းစစ်ဆင်ရေးအချို့၌ပင် ပါဝင်ဆင်နွှဲခဲ့သည်။
“အမေကတော့ သားတစ်ယောက်တည်းပါတာဆိုတော့ မသွားစေချင်ဘူး။ ဒါပေမယ့် လက်နက်မဲ့တဲ့ ပြည်သူတွေကို ကာကွယ်ရမယ့်အစား လက်နက်တွေနဲ့ နှိပ်စက်နေတာတွေကို ကြည့်ရတာ လုံးဝမခံစားနိုင်ဘူး။ ဒီလိုယုတ်မာတဲ့ သူတွေကို လက်ဗလာကြီးနဲ့ သွားယှဉ်ရင် ကိုယ်ပဲခံရတာ။ အဲဒါကြောင့် လက်နက်ကို လက်နက်ချင်းပဲ ယှဉ်ပစ်မယ်”ဟု ကိုထက်က ပြောသည်။
လောပန်းလောင်းအိပ်မက်ဖြင့် ဖားကန့်၌ အသားကျနေရာမှ စစ်ကောင်စီကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်သူမှာ ကိုထက်တစ်ယောက်တည်းတော့ မဟုတ်ပါ။
ဖားကန့်၌ ခြောက်နှစ်ကြာ လုပ်ကိုင်နေထိုင်ခဲ့သူ ကိုထက်နှင့် မွေးရပ်ဇာတိတူ အသက် ၂၂ အရွယ် ပိုးစုန်းကြူး (အမည်လွှဲ) လည်း လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်လာခဲ့သည်။
မတ် ၁၄ တွင် ဖားကန့် ဆိတ်မူ၊ မရှီကထောင်ကုန်းပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများအား ပစ်ခတ်ဖြိုခွင်းရာတွင် ဝမ်းဗိုက်ကျည်ထိမှန် ဒဏ်ရာရသွားသည့် အသက် ၃၀ အရွယ် ကိုကျော်လင်းထိုက်ကို အချိန်မီဆေးကုသခွင့်မပေးသည့်အပြင် နှိပ်စက်သည်အထိ စစ်တပ်က ပြုမူခဲ့သည့် မြင်ကွင်းကို တွေ့ရပြီးနောက် လက်နက်ကိုင်တော်လှန်ရန် ယတိပြတ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဲဒီချိန်က ရဲတွေက ဒဏ်ရာကို ရေတွေနဲ့ ပိတ်လောင်းတယ်။ အစအနတွေဖျောက်ဖို့ လုပ်နေတာ။ သူ့ကို ဆေးမကုဘဲ အချိန်အကြာကြီးထားတာ။ ကယ်ဆယ်ရေးကားတွေလည်း မသွားနိုင်ဘူး။ လမ်းပေါ်မှာပဲ နှစ်နာရီကျော်ကျော်လောက်ကြာတယ်။ ဗိုက်မှာ ကျည်မှန်တာ။ ရေနဲ့ပဲ ပိတ်လောင်းနေတာ။ မသေသင့်ဘဲ သေသွားတာ” ဟု ပိုးစုန်းကြူးက ပြန်ပြောပြသည်။
သူ၏ အစီအစဉ်ကို မိဘများထံ တလနီးပါးကြာ နားပူနားဆာလုပ်ခဲ့ရပြီးနောက်တွင် ပြည်သူကို နှိပ်စက်ရာတွင် အသုံးမပြုပါဟူသော ကတိကဝတ်ဖြင့် စစ်သင်တန်းတက်ခွင့်ရခဲ့သည်ဟု ၎င်းက ပြောသည်။
“(စစ်အာဏာရှင်)ပြုတ်ကျသွားအောင် တတ်နိုင်တဲ့ဘက်က ပေးဆပ်မယ်။ သူတို့ ရှုံးတာကို လက်မခံနိုင်ဘဲ ယုတ်မာတာ။ ပြည်သူတွေ အာဏာကို မတရားလုယူတယ်လို့ မြင်ပါတယ်။ သူတို့ အာဏာရူးလို့ ပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြတာကို အကြမ်းဖက်တယ်။ မခံနိုင်လို့ လက်နက်ကိုင်တာ။ ဒါပါပဲ” ဟု ပိုးစုန်းကြူးက ပြောသည်။
ကိုထက်နှင့် ပိုးစုန်းကြူးတို့လို စစ်သင်တန်းဆင်းပြီးသည့် ရေမဆေးသမားများထဲတွင် ဖားကန့်နယ်သား ကိုစိမ်း (အမည်လွှဲ) လည်း အပါအဝင်ဖြစ်သည်။
“အလဟဿကြီး ထိုင်ပစ်နေတာကို ကျွန်တော်က မြိန့်မြိန့်ကြီးနဲ့ ကျောက်မရှာနေနိုင်ဘူး။ တစ်နေ့ ကိုယ့်အလှည့်ဆိုတာ ရောက်လာမှာပဲ။ အဲဒါကြောင့် ကျောက်မရှာတော့ဘူး။ အာဏာရူးတွေကို အရင်ဖြုတ်ချမယ်။ နောက်တော့မှာ အလုပ် ကောင်းကောင်းလုပ်တော့မယ်” ဟု ၎င်းက ပြောသည်။
ယခုတွင်မူ ဖားကန့်မြို့ အခြေစိုက်ရာ ကချင်ပြည်နယ်၌ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ခြောက်လ(ဇူလိုင်၃၁)အတွင်း စစ်တပ်ကို လက်နက်ကိုင်းနည်းဖြင့် ခုခံတော်လှန်သည့် တိုက်ပွဲပေါင်း ၂၂၇ ကြိမ် ဖြစ်ပွားပြီးဖြစ်သည်ဟု ကချင်ကြားဖြတ်နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဩဂုတ် ၂၇ ကြေညာချက်တွင် တွေ့ရသည်။
ကျောက်ကလေးရှာလိုက်၊ အိမ်ကိုထောက်ပံ့လိုက်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် ပျောက်လိုက်ပါးလိုက် အသားကျနေသည့် နေ့စဉ်ပုံမှန်ဘဝမှ ခုန်ထွက်လိုက်ပြီး လက်နက်ကိုင်တော်လှန်ရေးတပ်သားများဖြစ်လာသည့် ကိုထက်တို့လို ရေမဆေးသမား စစ်သင်တန်းဆင်းများက အနည်းဆုံး တစ်ပွဲတော့ နွှဲပြီးပြီဟု ပြောကြသည်။
စစ်တပ်က အာဏာသိမ်းသည့် ဓလေ့ဆိုးကို ယခုတစ်ကြိမ်တွင် အမြစ်ဖြုတ်နိုင်ရန် တစ်ထောင့်တစ်နေရာမှ ပါဝင်ရသည့် အခွင့်အရေးကို ၎င်းတို့၏ ဘဝဖြင့်ရင်း၍ ရေမဆေးသမားများက ဆုပ်ကိုင်ထားကြသည်။
“(ဆန္ဒပြ)ဆိုင်းဘုတ်ကိုင်ရုံနဲ့ မပြီးတော့ဘူး။ ဆိုင်းဘုတ်ကိုင်ရုံလောက်နဲ့ အဲဒီကောင်တွေ(စစ်တပ်)က ဆင်းပေးမှာ မဟုတ်တော့ဘူး။ အဲဒါကြောင့် ပိုထိရောက်မယ်ထင်တဲ့လမ်းကို ရွေးခဲ့တာ”ဟု ကိုစိမ်*က ပြောလိုက်သည်။
(—*ပြထားသည်များမှာ အမည်လွှဲဖြစ်သည်)
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6pe