(ရန်ကုန်) – ဦးကိုနီလုပ်ကြံခံရမှုတွင် အဓိကစေခိုင်းသူဟု စွပ်စွဲခံထားရသူ အောင်ဝင်းခိုင်ကို ကူညီခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် အခြားတစ်ဦး အဘယ်ကြောင့် တရားစွဲမခံရသလဲ ဟု လက်ရှိဖမ်းဆီးခံထား ရသူများ၏ ရှေ့နေများက မေးခွန်းထုတ်လိုက်သည်။
လုပ်ကြံမှု၏ အဓိက ကြိုးကိုင်သူအဖြစ်ရဲက ယူဆထားသည့် ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ကို နေပြည်တော်သို့ ကားဖြင့် လိုက်ပို့ခဲ့သူ ရောင်ဝါဖြိုးကုမ္ပဏီ ဒါရိုက်တာ ဦးရဲထွဋ်လှိုင်နှင့် နေပြည်တော်တွင် ငွေ ၁ဝ သိန်း ချေးငှားလိုက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့ကို တရားမစွဲဆိုခြင်းကြောင့် အမှု၏ အဓိက ကွင်းဆက်မှာ ပြတ်တောက်နေသည်ဟု ဖမ်းဆီးခံထားရသူများ၏ရှေ့နေ ဦးအောင်ခိုင်က တရားခွင်က အထွက်တွင်ပြောသည်။
“တရားရေး အဖွဲ့အစည်းက ဘာကြောင့် ရဲထွဋ်လှိုင်ကို တရားမစွဲတာလဲ။ ဘာကြောင့် လွှတ်တော်ကိုယ်စား လှယ်ဖြစ်တဲ့ ဦးလင်းဇော်ထွန်းကို တရားမစွဲတာလဲ” ဟု၎င်းက ပြောသည်။
ဦးအောင်ခိုင်သည် ထွက်ပြေးနေသည့် အောင်ဝင်းခိုင်၏ ညီအစ်ကိုများဖြစ်သည့် အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့၏ ရှေ့နေဖြစ်သည်။
“လွှတ်တော် အမတ်ဖြစ်တာကြောင့် ဥပဒေမှာ အကာအကွယ်မရနိုင်ပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
သေနတ်သမားကြည်လင်း၏ ရှေ့နေ ဦးကျော်ကျော်ထိုက်ကလည်း အမှုနှင့်ပတ်သက်သူများသည် တရားခံအဖြစ်ပါမလာဘဲ တရားလိုပြသက်သေအဖြစ် ပါလာသည့်အပေါ် အံ့ဩမိသည်ဟု ဆိုသည်။
“ဒီတရားခံကို အားပေးကူညီတယ်ဆိုတာ ဘယ်လိုအချက်တွေမှာ ဘယ်လိုများသုံးသပ်ကြလဲမသိဘူး”ဟုသူကဆိုသည်။
တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း ဇေယျာဖြိုးက တရားခံပြေး အောင်းဝင်းခိုင်မှာ ရဲထွဋ်လှိုင်နှင့်အတူနေပြည်တော်သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု ယနေ့(ဩဂုတ်၁၇) တရားခွင်တွင် ထွက်ဆိုခဲ့သည်။ ၎င်းသည် ဦးကိုနီလုပ်ကြံခံရမှုတွင် ရဲကအလိုရှိနေသည့် အောင်ဝင်းခိုင်ကို ငွေကျပ် သိန်း ၁၀၀၀ ထောက်ပံ့မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသူဖြစ်သည်။
တရားခွင်တွင် ဇေယျာဖြိုးက အောင်ဝင်းခိုင်မှာ နေပြည်တော်ရှိ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၏ နေအိမ်သို့ သွားရောက်ခဲ့တွေ့ဆုံခဲ့သည်ဟု ထွက်ဆိုခဲ့သည်။
အောင်ဝင်းခိုင် နောက်ဆုံးတွေ့ဆုံခဲ့သူများမှာ နေပြည်တော်တွင်ဖြစ်ပြီး ရန်ကုန်တွင် ရဟန်း ဝတ်နေသည့် ၎င်းနှင့် သက်ဆိုင်မှုမရှိကြောင်း ထွက်ဆိုခဲ့သည်။
လုပ်ကြံမှု အပြီး တစ်လအကြာ ပြည်ထဲရေးဝန်ကြီးဌာနက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ဗိုလ်ကြီးဟောင်းဇေယျာဖြိုး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မိုင်းဖြတ်လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်တို့ မော်ဒန်လက်ဖက်ရည်ဆိုင်တွင် တွေ့ဆုံခဲ့ပြီး ဦးကိုနီအကြောင်း ပြောဆိုဆွေးနွေးကြရာမှ လေဆိပ်တွင် လုပ်ကြံသည့်အမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုတွေ့ဆုံမှုတွင် ပါဝင်သူ သုံးဦးထဲမှ ဇေယျာဖြိုးမှာ လူသတ်ရာတွင် ပူးပေါင်းပါဝင်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ ဖြင့် အင်းစိန်ထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး တရားရင်ဆိုင်နေရသည်။
ဒုတိယဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်မှာမူ တရားခံပြေးအဖြစ် ရဲက အလိုရှိနေပြီး ယနေ့ထိ ဖမ်းဆီးရရှိခြင်း မရှိသေးပေ။
ပြည်ခိုင်ဖြိုး၏ မိုင်းဖြတ်ပြည်သူ့လွှတ်တော် အမတ် ဦးလင်းဇော်ထွန်းမှာ တရားလိုပြသက်သေဖြစ်လာပြီး ရန်ကုန် အင်းစိန်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်တရား ရုံးတွင် အောင်ဝင်းခိုင်နှင့် ၎င်းတို့ နေပြည်တော်တွင် တွေ့ဆုံမှုကို လာရောက်ထွက်ဆိုခဲ့သည်။
ဦးလင်းဇော်ထွန်းသည် ထွက်ပြေးလွတ်မြောက်နေသူ တရားခံပြေး အောင်ဝင်းခိုင်နှင့် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ တွင် အတူတက်ရောက်ခဲ့သူဖြစ်ပြီး တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တပ်မတော်မှ အငြိမ်းစားယူခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ မိုင်းဖြတ် မဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သူဖြစ်သည်။
ဦးကိုနီ လုပ်ကြံခံရပြီး နောက်ပိုင်းတွင် အောင်ဝင်းခိုင်က တင်ဒါကိစ္စဖြင့် မကွေးသို့သွားရောက်ရန် ကျပ်သိန်း ၂၀ လာရောက်ချေးငှားခဲ့ရာ ကျပ် ၁ဝ သိန်း ပေးခဲ့ကြောင်း တရားလိုပြသက်သေဖြစ်လာသည့် ဦးလင်းဇော်ထွန်းက တရားရုံးတွင် ထွက်ဆိုခဲ့ဖူးသည်။
တရားခံအဖြစ်စွပ်စွဲခံထားရသူ ဇေယျာဖြိုးက ၎င်းမှာ ယခုအမှုနှင့်ဆက်စပ်ခြင်းမရှိဘဲ စနစ်တကျ လုပ်ကြံ စွပ်စွဲခံနေရခြင်းဖြစ်ပြီး သတင်းမီဒီယာများက အဖြစ်မှန်ကို ဖော်ထုတ်ရေးသား ပေးရန် ရုံးချိန်းနေ့တစ်ဝက် ရပ်နားသည့် ထမင်းစားချိန်တွင် တောင်းဆိုခဲ့သည်။
“သူတို့ (ပြည်ထဲရေး) သိပ်တော်နေရင် ငါးလောင်းပြိုင် (လူသတ်မှု)တွေ၊ ခြောက်လောင်းပြိုင်တွေကို ဖော်ထုတ်ခိုင်း လိုက်လေ။ ခုကျတော့ ဒီလို အမှုကြီးကို လေး၊ ငါး၊ ၁၀ ရက်နဲ့ ဖော်ထုတ်နိုင်တယ်ဆိုတာ မီဒီယာတွေ စောစောကတည်းက သံသယရှိခဲ့သင့်တယ်”ဟု တရားခွင်က အထွက်တွင်ပြောသည်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် ၎င်းသည် နောက်ကွယ်ကစေခိုင်းသူဖြစ်နေသယောင် ပုံဖော်ရန် ပြီးခဲ့သည့်နှစ်အတွင်း ပြည်ထဲရေးကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲက စနစ်တကျ စီစဉ်ခဲ့ကြောင်း တရားရင်ဆိုင်နေရသည့် ဇေယျာဖြိုးက ဩဂုတ်လ ၁၆ ရက် (ယမန်နေ့တွင်) ထုတ်ဖော်ပြောဆိုခဲ့သည်။