သတင်း

ချောင်းဆုံတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအနောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်ကို ယမန်နေ့ (အောက်တိုဘာ ၁၂) ညနေ၌ ပစ်သတ်ခဲ့သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ညနေ ၄ နာရီခွဲအချိန်တွင် ဦးဝင်းအောင်၏ နေအိမ်သို့ ထောက်ခံစာနှင့် ဧည့်စာရင်း အကြောင်းပြကာ သွားရောက်ပစ်ခတ်ခဲ့ကြောင်း၊ ဘယ်ဘက်ရင်အုံ ကျည်ထိမှန်ခဲ့ပြီး နေရာမှာပင် လဲကျသွားကြောင်း ၎င်းတပ်ဖွဲ့ဝင်က Myanmar Now ကို ပြောသည်။

“မိန်းကလေးဟန်ဆောင်ပြီးတော့ သွားတာ။ ထောက်ခံစာသွားလုပ်ပြီးတော့ ဧည့်စာရင်းတိုင်တာပေါ့။ တစ်ယောက်က ဆိုင်ကယ်မောင်းတာ၊ တစ်ယောက်က အထဲဝင်သွားတာ” ဟု ၎င်းက ပြောသည်။

အဆိုပါ စာရွက်စာတမ်းကိစ္စများကို ၎င်းအုပ်ချုပ်ရေးမှူးနေအိမ်တွင်သာ ပြုလုပ်ပေးခြင်းဖြစ်သည်ဟု သိရသည်။ 

အဆိုပါရပ်ကွက်အနီး နေထိုင်သည့် ချောင်းဆုံဒေသခံတစ်ဦးကလည်း ဦးဝင်းအောင် ပစ်သတ်ခံရသည့်သတင်းကို ယနေ့ (အောက်တိုဘာ ၁၃) မနက်က ချောင်းဆုံပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိနေစဉ် ကြားသိခဲ့ရကြောင်း ပြောသည်။

“မနက်က သူတို့ ဆေးရုံမှာ ပြောနေတာ အသက် ၆၁ နှစ်တဲ့။ ရင်ဘတ်မှာ (သေနတ်ဒဏ်ရာ) တစ်ချက်ပဲ” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေးမှူးနှင့် ယခင်က အချင်းများဖူးသည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထိုညမှာပင် သွားရောက်ဖမ်းဆီးခဲ့ကြောင်း၊ ထိုအမျိုးသမီး နေအိမ်တွင် မရှိသဖြင့် ၎င်း၏ အစ်မ မအိမိုးဆိုသူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ပြင် အမျိုးသား၂ ဦးလည်း အဖမ်းခံရကြောင်း သိရသည်။

စက်တင်ဘာလအတွင်းက ချောင်းဆုံဒေသခံများဖြစ်သည့် အသက် ၄၇ နှစ်အရွယ် ဦးဝင်းဌေး၊ အသက် ၂၀ ကျော်အရွယ် တက္ကသိုလ်ကျောင်းသား ၃ ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ရန် အုပ်ချုပ်ရေးမှူးဦးဝင်းအောင်က အကူအညီပေးခဲ့သည်ဟု သိရကြောင်း အထက်ပါ PDF အဖွဲ့ဝင်က ပြောသည်။  

ထို့ပြင် ချောင်းဆုံမြို့ပေါ်တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြမှုကို စစ်ကောင်စီတပ်က မကြာခဏဖြိုခွင်းခြင်းမှာ ဦးဝင်းအောင်၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်သည်ဟု ဒေသခံများက မကျေမနပ်ပြောဆိုကြကြောင်း သူက ဆိုသည်။ 

ဦးဝင်းအောင်သည် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက သူ့ကို အုပ်ချုပ်ရေးမှူးတာဝန်ပေးခဲ့သည်။

ဦးဝင်းအောင်က ဒေသခံတို့ ဖမ်းဆီးခံရစေရန် စစ်တပ်ကို သတင်းပေးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး ကျန်ရစ်သူမိသားစုကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါ။

အုပ်ချုပ်ရေးမှူးများ၊ သတင်းပေးများ၊ စစ်ကောင်စီဘက်တော်သားများကို ဒေသခံ PDF များက ပစ်မှတ်ထားတိုက်ခိုက်နေသည်။ စစ်ကောင်စီလက်အောက်မှ နုတ်ထွက်ရန်လည်း သတိပေးနေသည်။ 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တော်ပကောက်ကျေးရွာ စစ်တပ်သတင်းပေးတစ်ဦး ပစ်ခတ်ခံရပြီး တိုးချဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင်လည်း ဗုံးပေါက်ကွဲခဲ့သည်။

မေလအတွင်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေ ပစ်သတ်ခံခဲ့ရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button