
သာဂရ — ပဲခူးတိုင်း သာဂရရှိ အင်ဂျင်စက်ရုံသည် ယမန်နှစ် ဧပြီလမှစ၍ ထုတ်လုပ်မှု ရပ်ဆိုင်းသွားပြီဖြစ်သော်လည်း အလုပ်သမားပေါင်း ၃၅၀ဦးသည် နေ့စဉ် အလုပ်ဆင်းနေကြဆဲ ဖြစ်ပါသည်။
ထိုစက်ရုံကဲ့သို့သော အစိုးရပိုင်စက်ရုံများကြောင့် ဆုံးရှုံးမှုသည်၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိနေပြီဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲမှတဆင့် စစ်အစိုးရမှ အာဏာလွှဲပြောင်းယူခဲ့သော အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ခဲ့သည်။ ၂၀၁၁ မှစ၍ စီးပွားကဏ္ဍအတွက် ဥပဒေအသစ် အနည်းဆုံး နှစ်ဒါဇင် ခန့်ချမှတ်ခဲ့သည်။
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ၊ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံ၏စီးပွားရေးကို တစ်နှစ်လျှင် ၇ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် အဆင်းရဲဆုံးနိုင်ငံများတွင် ပါဝင်နေဆဲဖြစ်ပြီး နိုင်ငံ၏ စီးပွားရေးကဏ္ဍ အများစုသည် ပြုပြင်ပြောင်းလဲခြင်းမရှိသေးပါ။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ဝန်ထမ်းပေါင်း ၁၄၅,၀၀ဝခန့်ရှိပြီး၊ နိုင်ငံခြားကူငွေများကို ထည့်မတွက်လျှင် အစိုးရဝင်ငွေ၏တစ်ဝက်ခန့်သည် ထိုလုပ်ငန်းများမှ ရရှိခြင်းဖြစ်သည်။ ထိုလုပ်ငန်းများ၏ ဘဏ္ဍာနှစ် တစ်နှစ် ဝင်ငွေသည် GDP ၏ ၁၂ ရာခိုင်နှုန်းခန့်ရှိပြီး သုံးငွေသည်လည်း ထိုပမာဏလောက်ပင် ရှိသည်။
သို့သော် စစ်အစိုးရလက်ထက်တွင် ထိုလုပ်ငန်းများကို ထိန်းချုပ်သော ဥပဒေသည် မတင်မကျရေးသားထားသော စာမျက်နှာ နှစ်မျက်နှာရှိ စာရွက်စာတမ်းတစ်ခုသာဖြစ်ပြီး ၎င်းတို့လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းဆောင်တာများကို ဖော်ပြထားခြင်းလည်းမရှိပါ။ ထိုဥပဒေ၏ အဓိကဖော်ပြချက်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် အစိုးရတစ်ဦးတည်းသာလုပ်ပိုင်ခွင့်ရှိသော လုပ်ငန်းများဖြစ်ပြီး ထိပါးလာသူ မည်သူမဆို ထောင်ဒဏ်ပေးခြင်းခံရမည်ဖြစ်ကြောင်း ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၃၁ ခုရှိသည်။ ၎င်းတို့အနက် အချို့သည် ယိုယွင်းပျက်စီးနေသော သာဂရကဲ့သို့ စက်မှုလုပ်ငန်းများဖြစ်ပြီး အခြားလုပ်ငန်းများသည် အကျိုးအမြတ်များသော လေကြောင်း၊ ကျောက်မျက်၊ ဆီနှင့် လောင်စာ၊ ဆက်သွယ်ရေးနှင့် သစ်လုပ်ငန်းများဖြစ်သည်။
ထိုလုပ်ငန်းများ ၏ စီးပွားရေးသက်ရောက်မှုသည် ကြီးမားလှသည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိရန် စီးပွားဖြစ်လုပ်ငန်းများလုပ်ကိုင်ကြသည့်အပြင် အများစုသည် အခွန်ကောက်ခံပြီး ၎င်းတို့လုပ်ကိုင်နေသည့် စီးပွားရေးကဏ္ဍကိုလည်း ထိန်းချုပ်ထားသည်။
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့ရှိ Local Renaissance Institute နှင့် Natural Resource Governance Institute က မကြာမီက ထုတ်ပြန်သော အစီရင်ခံစာတွင် နိုင်ငံပိုင်လုပ်ငန်းများသည် အစိုးရထိန်းချုပ်မှုမှ ကင်းဝေးကာ လွတ်လပ်မှုရှိနေကြောင်းကို အသေးစိတ်ရေးသားထားသည်။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအတွက် စွမ်းဆောင်ရည် ရည်မှန်းချက်များ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသည့်အပြင် အကြီးပိုင်းအရာရှိများခန့်အပ်ရာတွင် စနစ်တကျ တရားဝင်ခန့်အပ်ခြင်း မရှိပါ။
အရာရှိအများစုသည် စစ်မှုထမ်းဟောင်းများဖြစ်သည်။ ထိုအရာရှိများ၏ ငွေစာရင်းများကို စာအုပ်ထဲတွင် လက်ရေးဖြင့်သာ မှတ်သားထားပြီး စစ်ဆေးမှုများပြုလုပ်ရာတွင် ဘဏ်စာရင်းနှင့် ထိုလက်ရေးဖြင့်ရေးမှတ်ထားသော စာရင်းများကို တိုက်စစ်ခြင်းသာရှိသည်။ ၎င်းတို့၏ ဘတ်ဂျက်စုစုပေါင်းကိုသာ လွှတ်တော်သို့တင်ပြရပြီး စာရင်းအသေးစိတ်ကိုမူ တင်ပြခြင်းမရှိပါ။
ရှေးရိုးစွဲစည်းမျဉ်းများအရ နိုင်ငံပိုင်လုပ်ငန်းများသည် အကျိုးအမြတ်၏ ၅၅ ရာခိုင်နှုန်းကို သီးသန့်ဖယ်ထားရသည်။
ဥပမာ မြန်မာ့ကျောက်မျက်လုပ်ငန်းသည် ကိုယ်တိုင်လုပ်ငန်းလည်ပတ်ရန် နှစ်ပေါင်း ၁၇၂ နှစ်စာ အရင်းအနှီး အလုံအလောက်ရှိ နေသော်လည်း နိုင်ငံပိုင်ဘဏ်မှ အတိုးရရှိခြင်းမရှိပါ။
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင် ထားရှိသော ရင်းနှီးငွေပမာဏသည် ၂၀၁၇ ဇန်နဝါရီလတွင် ဒေါ်လာ စုစုပေါင်း ၈ ဒသမ ၆ဘီလျံရှိသည်။ ထိုငွေများသည် အသုံးချမှုမရှိဘဲ အလကားသက်သက်သာ ရှိနေကြောင်း အရာရှိများက ဝန်ခံထားသည်။
မြန်မာနိုင်ငံရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများသည် စစ်အစိုးရ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှု၏ တစ်ခုတည်းသော အမွေဆိုးပြယုဂ်မဟုတ်သော်လည်း ပွင့်လင်းမြင်သာမှု မရှိဆုံးနှင့် ထိန်းသိမ်းမှုအဆိုးရွားဆုံး လုပ်ငန်းများဖြစ်သည်။ အခြားသောနိုင်ငံများတွင် ထိုလုပ်ငန်းများသည် နှစ်စဉ် လုပ်ငန်းအစီရင်ခံစာ တင်သွင်းကြရသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ အစီရင်ခံသောပုံစံမျိုးကို ကျင့်သုံးနေပြီဖြစ်သည်။ မလေးရှားတွင် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ မန်နေဂျာများကို စိစစ်သော စွမ်းဆောင်ရည်တိုင်းတာသည့် သတ်မှတ်ချက်များကို ကျင့်သုံးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံပိုင်လုပ်ငန်းများအနည်းအကျဉ်း တွင် ပုဂ္ဂလိကရှယ်ယာဝင် အနည်းစုပါဝင်သည်။
တရုတ်နိုင်ငံတွင် အကြီးအကဲတို့၏ လစာသည် ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် တိုက်ရိုက်အချိုးကျသည်။
သို့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုရောင်ခြည်များကို အနည်းငယ်မြင်တွေ့လာရပြီ ဖြစ်သည်။
မြန်မာအစိုးရသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို မည်သို့အကောင်းဆုံးထိန်းချုပ်မည်ကို ဆွေးနွေးသော အာရှဖိုရမ်တွင် ပါဝင်လာပြီဖြစ်သည်။
မကြာမီကပင် လာဘ်စားသည်ဟုစွပ်စွဲခံရပြီး၊ ၎င်း၏ ဒေါက်တာဘွဲ့သည် အတုဖြစ်ကြောင်း ၂၀၁၆ က ဝန်ခံခဲ့သော ဘဏ္ဍာရေးဝန်ကြီး ကျော်ဝင်းကို တာဝန်မှ ဖယ်ရှားခဲ့သည်။
အသစ်ခန့်အပ်လိုက်သော ဝန်ကြီး ဦးစိုးဝင်းသည် လုပ်ငန်းကြီးကြပ်ရေးကို ပိုမိုလုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။ ဦးစိုးဝင်းသည် နိုင်ငံတကာ စာရင်းကိုင် ကုမ္ပဏီဖြစ်သော Deloitte တွင် အလုပ်လုပ်ခဲ့ဖူးပြီး၊ Renaissance Institute ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။
သို့ရာတွင် ကျော်လွှားရန် အခက်အခဲကြီးကြီးမားမားကျန်ရှိနေပါသေးသည်။
အမျိုးမျိုးသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို ဝန်ကြီးဌာနအမျိုးမျိုးက ချုပ်ကိုင်ထားပြီး၊ ၎င်းတို့၏ သုံးစွဲမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာနက ထိန်းချုပ်ပိုင်ခွင့်မရှိပါ။
ပြုပြင်ပြောင်းလဲရေးအမိန့်များကိုလည်း ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းကသာ ချမှတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် စီးပွားရေးသည် နိုင်ငံတော် အတိုင်ပင်ခံ၏ ဦးစားပေးကဏ္ဍမဟုတ်သလို စစ်တပ်အကျိုးစီးပွားနှင့်ပတ်သက်လာလျှင် ၎င်းသည် ထိန်းထိန်းသိမ်းသိမ်း လုပ်တတ်ပြန်ပါသည်။
ပြည်သူ့လွှတ်တော်၏ ပြည်သူ့ငွေစာရင်းကော်မတီမှ အမတ်များသည် ထိုအရှုပ်တော်ပုံကို စစ်ဆေးရန် ဆန္ဒရှိကြောင်း ဥက္ကဋ္ဌဖြစ်သူ ဦးအောင်မင်းကပြောကြားသည်။
သို့သော်လည်း အုပ်ချုပ်ရေးပိုင်းက ထောက်ခံမှုမရှိသလို စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် ကျွမ်းကျင်မှုလည်း မရှိပါ။ ထို့အပြင် အမတ်အနည်းငယ်သာလျှင် ၎င်းတို့၏မဲဆန္ဒနယ်ရှိ သုသာန်တစပြင်ကဲ့သို့ရှိသော စက်ရုံများကို စစ်ဆေးရန် သဘောတူမည်ဖြစ်သည်။
သာဂရရှိ ဝန်ထမ်းများကတော့စိုးရိမ်ပူပန်မှုမရှိပါ။ အစိုးရပိုင်ဖြစ်သောကြောင့် စက်ရုံသည် ပိတ်လိမ့်မည်မဟုတ်ဟု ဝန်ထမ်းတစ်ဦးက ဆိုသည်။
The Economist စာစောင်ပါ Myanmar’s state-owned enterprises show how much reform is still needed ကို မြန်မာဘာသာသို့ပြန်ဆိုထားခြင်းဖြစ်ပါသည်။