သတင်း

နေပြည်တော် CID ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ ရဲအရာရှိများ ဒဏ်ရာရ

နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးနှင့် ကပ်လျက်ရှိ CID (မှုခင်းတပ်ဖွဲ့ဌာနချုပ်) ရုံးတွင် ယနေ့ (အောက်တိုဘာ ၅) ညနေပိုင်းက ပါဆယ်ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အဆင့်မြင့်ရဲအရာရှိကြီးတစ်ဦး အပါအဝင် ရဲဝန်ထမ်းလေးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနရုံးနှင့် ရဲချုပ်ရုံးကြားရှိ CID ရုံးသို့ နယ်မှ ပေးပို့လာသည့် သက်သေခံပစ္စည်းထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယရဲမှူးကြီးဇော်သန်းဆိုသူ အပါအဝင် ရဲဝန်ထမ်းလေးဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ရဲအရာရှိနှစ်ဦးက Myanmar Now ကို အတည်ပြုသည်။

“နယ်တွေကပို့လာတဲ့ ပေါက်ကွဲသက်သေခံပစ္စည်းတွေထဲမှာ ပါလာတာ။ အဲ့ဒါတွေကို ဖွင့်စစ်တော့ ကွဲတာ” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ဒုရဲမှူးကြီးဇော်သန်းမှာ ခြေထောက်ဖြတ်ရလောက်သည်အထိ ဒဏ်ရာပြင်းထန်ကြောင်းလည်း ထိုရဲအရာရှိက ဆက်ပြောသည်။ 

အမည်မဖော်လိုသူ ရန်ကုန်တိုင်းရှိ အခြားရဲအရာရှိတစ်ဦးကို Myanmar Now က ဆက်သွယ်အတည်ပြုရာ နေပြည်တော်ရှိ CID ရုံးချုပ်တွင် ပေါက်ကွဲမှုဖြစ်သည်မှာ မှန်ကန်သည်ဟု ဆိုသည်။ 

သို့သော် ဗုံးပေါက်ကွဲနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ ထို့အတူ အဆိုပါ ပေါက်ကွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုလည်း မသိရှိရသေးပေ။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ CID ရုံးမှာ ဇမ္ဗူသီရိမြို့နယ် ဇေယျသိဒ္ဓိရပ်ကွက်တွင် တည်ရှိပြီး အဆိုပါရုံးနှင့် မနီးမဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနရုံး၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးတို့လည်း ရှိသည်။

ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်အတွင်း ရပ်ထားသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပိုင် ဝန်ထမ်းကြိုပို့ယာဉ်တစ်စီး ဗုံးဖောက်ခံခဲ့ရသည်။

အဆိုပါပေါက်ကွဲနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုမူ မသိရပေ။

“ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ လာမယ်လို့ ပြောထားသလိုပဲ စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ၊ Non CDM တွေအတွက်ကိုလည်း ဒီနေ့ဖောက်ခွဲမှုက သတိပေးလိုက်တာပါပဲ။ နောက်ထပ် ဆက်ပြီးတော့ လာပါမယ်။ ဒါကြောင့် ပြည်သူတွေကို စစ်ကောင်စီအုပ်စုတွေနား မသွားလာကြဖို့လည်း မေတ္တာရပ်ခံလိုပါတယ်” ဟု ဝန်ထမ်းကြိုပို့ယာဉ် ဗုံးဖောက်ခွဲခံရခြင်းနှင့် ပတ်သက်၍ နေပြည်တော် PDF သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ငွေစိုးက ယနေ့ညနေပိုင်းတွင် မှတ်ချက်ပြုသည်။

စစ်ခေါင်းဆောင်များအခြေစိုက်ရာ နေပြည်တော်အတွင်း ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) လက်အောက်ရှိ ပစ္စည်းဝယ်ယူရေးညွှန်မှူးရုံးတွင်လည်း စက်တင်ဘာ ၃၀ ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားရာ စစ်ဘက်ဆိုင်ရာ ယာဉ်တစ်စီးနှင့် အဆောက်အအုံအစိတ်အပိုင်းတချို့ ပျက်စီးခဲ့သည်။

အဆိုပါပေါက်ကွဲမှုကို အမည်မဖော်လိုသော အင်အားစုတစ်ရပ်နှင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) က ထုတ်ပြန်ခဲ့ပြီး နေပြည်တော်၌ စစ်ကောင်စီကို ပစ်မှတ်ထားသည့် အကြီးစားတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ရန်ရှိသည်ဟုလည်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်က ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button