သတင်း

ပဲခူးတိုင်းမှ အမျိုးသားတစ်ဦး သက်ငယ်မုဒိမ်းမှုဖြင့် ထောင် ၁ဝ နှစ်ကျ

(အင်းတကော်) – ပြီးခဲ့သည့်နှစ်အတွင်းက အသက် ၁၅ နှစ်အရွယ် ခယ်မကို အဓမ္မပြုကျင့်ခဲ့သည့် အမျိုးသားတစ်ဦးကို ပဲခူးခရိုင်တရားရုံးက ယနေ့(ဇူလိုင် ၄ ရက်) တွင် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်သော်လည်း ပြစ်ဒဏ်နည်းသည်ဟု ကာယကံရှင်မိန်းကလေး၏ မိခင်က ပြောသည်။

အင်းတကော်မြို့မှ ဦးရဲထွန်းသည် သက်ငယ်မုဒိမ်းမှုဖြင့် ပြီးခဲ့သည့်နှစ် ဩဂုတ်လကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ဦးရဲထွန်းသည် လွန်ခဲ့သည့်ငါးနှစ်ကလည်း ဤမိန်းကလေး၏ အစ်မဖြစ်သူကို  အဓမ္မပြုကျင့်ခဲ့ပြီး ထိုစဉ်က အမျိုးသမီးငယ်၏အရှက်သိက္ခာကို ငဲ့ကွက်ပြီး ရဲမတိုင်ဘဲ လက်ထပ်ပေါင်းသင်း စေခဲ့ကြောင်း ယမန်နှစ်က သမီးအငယ်ဖြစ်သူကို ထပ်မံအဓမ္မပြုကျင့်ခဲ့သည့်အတွက် ရဲထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မိန်းကလေးနှစ်ဦး၏မိခင်က ပြောသည်။

“ကျွန်မသမီးအကြီးတုန်းကလည်း ဒီလိုပဲ။ အခု အငယ်ထပ်ဖြစ်တယ်။ ဒီပြစ်ဒဏ်က သူလုပ်ထားတာနဲ့ဆိုရင် အရမ်းကို နည်းတယ်” ဟု မိခင်ဖြစ်သူက ပြောသည်။

သမီးအကြီးဖြစ်သူသည် အသက် ၁၅ နှစ်ပြည့်သည့်အရွယ် လွန်ခဲ့သောငါးနှစ်က အဓမ္မပြုကျင့်ခံရခြင်းဖြစ်ပြီး သမီးအငယ်ဖြစ်သူသည်လည်း အသက် ၁၅ နှစ်ပြည့်သည့် ပြီးခဲ့သည့် နှစ်အတွင်းက အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မိခင်ဖြစ်သူသည် လွန်ခဲ့သည့်ငါးနှစ်ကျော်က ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်နေစဉ်အတွင်း သမီးနှစ်ယောက်နှင့် အဘွားဖြစ်သူတို့ကို ဘေးချင်းကပ်အိမ်နေ ဦးရဲထွန်းတို့က ကြည့်ရှု စောင့်ရှောက်ပေးခဲ့ကြောင်း၊ သမီးအကြီးဖြစ်သူ အဓမ္မပြုကျင့်ခံရသည့် သတင်းကြားသည့်အတွက် ထိုင်းနိုင်ငံမှမြန်မာနိုင်ငံသို့ လွန်ခဲ့သည့်လေးနှစ်က ပြန်လာခဲ့ရကြောင်းပြောသည်။

ဦးရဲထွန်းသည် ၎င်း၏သမီးအကြီးကိုအဓမ္မပြုကျင့်စဉ်တွင် အိမ်ထောင်နှင့်ဖြစ်ပြီး ထိုပထမဇနီးနှင့် တရားဝင် မကွာရှင်းရသေးဟု ၎င်းက ပြောသည်။

ဦးရဲထွန်းက သူ့အား သက်ငယ်မုဒိမ်းမှုဖြင့် စွပ်စွဲဖမ်းဆီးမှုမှာ ခိုင်လုံမှုမရှိကြောင်း အမိန့်မချမီ တရားရုံးသို့ ရောက်လာစဉ် Myanmar Now ကို ပြောသည်။

“ကောင်မလေးက အကြိမ်ကြိမ် ခိုးရာလိုက်ပြီး ကိုယ်ဝန်ရလာမှ ကျွန်တော့်ကြောင့်ဆိုပြီး ပြောတယ်” ဟု ၎င်းက ဆိုသည်။

သို့သော်လည်း ပဲခူးခရိုင်တရားသူကြီးက တရားခံ၏ ခုခံချေပချက်များသည် မတိကျ မခိုင်မာသည့်အပြင် နစ်နာသူ မိန်းကလေးကို ကာမစပ်ယှက်ခဲ့သည်မှာ ထင်ရှားပြီး မလိုလားအပ်သော ပြဿနာရပ်များကို ဖြစ်ပွားစေသည်ဟု သုံးသပ်ကာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အလိုမတူဘဲ ကာမစပ်ယှက်မှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု အမိန့်ချမှတ်ခဲ့သည်။

တရားသူကြီး၏ အဆိုပါဆုံးဖြတ်ချက်ကို တရားလိုမိသားစုဝင်များက မကျေနပ်သည့်အတွက် တိုင်းတရားရုံးသို့ ပြင်ဆင်ခွင့်ထပ်မံလျှောက်ထားရန် စီစဉ်နေကြသည်။

“သက်ငယ် (မုဒိမ်းမှု) ဖြစ်တဲ့အတွက် အနှစ် ၂၀ လောက်ထိဖြစ်မယ်လို့ မျှော်လင့်ထားတာ။ ခုက (သာမန်မုဒိမ်းမှုတစ်ခုမှာ) ချတဲ့ပြစ်ဒဏ်ဖြစ်နေတယ်လေ” ဟု တရားလိုရှေ့နေ ဦးစိန်လှိုင်က ပြောသည်။

Show More

Related Articles

Back to top button