
စစ်တပ်က အာဏာသိမ်းပြီး ရှစ်လအကြာတွင် ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက်နေသည့် ရွှေဈေးကြောင့် ရွှေထည်ပြန်လည်ရောင်းချသူများပြားနေသဖြင့် ရွှေဆိုင်အချို့ ယာယီပိတ်ထားရသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူထံမှ သိရသည်။
“ရွှေဆိုင်တွေက ရောင်းရင်းရောင်းရင်းနဲ့ တချို့ဆိုင်တွေက လုံးပါးပါးသွားတယ်။ အရှုံးများတဲ့အခါကျတော့ ခဏရပ်လိုက်တယ်လို့ မြင်တယ်” ဟု ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က အောက်တိုဘာ ၁ ရက်တွင် Myanmar Now ကို ပြောသည်။
အခြားလုပ်ငန်းရှင်များက ရွှေနှင့် ဒေါ်လာဈေးကွက်သို့ ဝင်ရောက်လာပြီး ဝယ်ယူစုဆောင်းခြင်းအပြင် နိုင်ငံရေးအခြေအနေနှင့် ကောလာဟလများကြောင့် ရွှေဝယ်စုသူများလာသည့်အတွက် ရွှေဈေး ဆက်တိုက်တက်လာသည်ဟုလည်း ၎င်းက ဆိုသည်။
“ကုန်သည်အများစုက လုပ်ငန်းတွေရပ်ကုန်တော့ ရွှေနဲ့ ဒေါ်လာဘက်ကို ဝင်လာပြီး ရောင်းကြဝယ်ကြ ဖြစ်လာတယ်။ နောက်တစ်ခုက ချက်ချင်းပြန်မရောင်းဘဲနဲ့ လက်ထဲမှာ ကိုင်ပြီးတော့ အမြတ်အစွန်းကို စောင့်တဲ့အခါကျတော့ ဒေါ်လာဈေးကလည်း ပြန်မကျ၊ ရွှေဈေးကလည်း ခုနကလို ပစ္စည်းကရှားပေါ့။ အဲဒီလိုဖြစ်လာတယ်” ဟု ဦးမျိုးမြင့်က ရှင်းပြသည်။
ရွှေပေါက်ဈေးမှာ ရွှေဆိုင်ကြီးများအကြား ဈေးနှုန်းအနည်းငယ် ကွာခြားမှုရှိသော်လည်း အောက်တိုဘာ ၁ ရက်နေ့တွင် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ရောင်းဈေးကျပ် ၁,၉၀၀,၀၀၀ ဝန်းကျင်နှင့် ဝယ်ဈေး ၁,၈၅၀,၀၀၀ ဝန်းကျင်ရှိသည်။
ယနေ့ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၁,၉၇၇,၀၀၀ နှင့် ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ၁၉၇၀ ကျပ် ပေါက်ဈေးရှိကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။
ရွှေဈေးနှုန်းမှာ စက်တင်ဘာ ၂၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၂ သိန်းကျော်နှင့် ဒေါ်လာဈေးမှာလည်း ပြင်ပဈေးကွက်တွင် ကျပ် ၃၀၀၀ နီးပါး (ခေါ်ဈေး) အထိ မြင့်တက်ခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့ (အောက်တိုဘာ ၁) တွင် ရန်ကုန်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်ရှိ မဟာဗန္ဓုလမ်းတစ်လျှောက်တွင် ရွှေဆိုင်အချို့ ယာယီပိတ်ထားပြီး ဖွင့်လှစ်သည့်ဆိုင်များတွင်လည်း ရွှေထည်ရောင်းချသူများ ပြည့်နှက်နေသည်ကို Myanmar Now က တွေ့ရှိခဲ့သည်။
ရွှေဆိုင်အများစုသည် မိမိဆိုင်မှ ရွှေထည်ကိုသာ ပြန်လည်ဝယ်ယူပြီး ရောင်းဈေးထက် အနည်းဆုံး ကျပ်သုံးသောင်းမှ တစ်သိန်းကျော်အထိ ဈေးခွာကာ ဝယ်ယူသည်ကို တွေ့ရသည်။
ပန်းဘဲတန်းနှင့် လသာမြို့နယ်တွင် ထိုနေ့က ဖွင့်လှစ်ထားသည့် ရွှေဆိုင်များအနက် ပြင်ပရွှေထည်ဝယ်ယူသော ဇွဲထက်ရွှေဆိုင်သုံးဆိုင်တွင် လာရောက်ရောင်းချသူ ပို၍များပြားနေသည်။
ရွှေထည်လာရောက်ရောင်းချသည့် သင်္ဃန်းကျွန်းမြို့နယ်မှ အမျိုးသမီးတစ်ဦးက ရွှေဈေးတက်ချိန်တွင် အမြတ်အစွန်းရသည့်အတွက် ရွှေထည်ပြန်ရောင်းခြင်းဖြစ်သော်လည်း ရွှေဆိုင်များက ရွှေရည်လျှော့ဝယ်ယူနေသည်ဟု ဆိုသည်။
“ရွှေဆိုင်ကြီးတွေက ရောင်းဈေးဝယ်ဈေးကို တရားဝင်ကြေညာပြီး ရောင်းတာတွေ့ရတယ်။ ပြင်ပရွှေဆိုရင်တော့ ပေါက်ဈေးအတိုင်းတော့ ရှင်းပေးတယ်။ ဒါပေမဲ့ အထည်ကို ရွှေရည်လျှော့ပြီးမှ ဝယ်တော့ ပေါက်ဈေးအတိုင်း မရတော့ဘူး” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)
Donate here > https://www.userroll.com/site/register/m1f6p